သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Eleven က စွဲထားတဲ့ ပုဒ်မ ၆၆ (ဃ) အမှုတွေ စရုပ်သိမ်းနေ


Eleven မီဒီယာ အမှူဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင် (အလယ်)

ရန်ကုန်တိုင်းအစိုးရက တရားစွဲတာခံနေရတဲ့ Eleven Media Group ဟာ အခုအခါ သူ့ဘက်က စွဲဆိုထားတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲထားတဲ့ အမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ ပြင်ဆင်နေပါတယ်။ ရန်ကုန်တိုင်း အစိုးရနဲ့ အခြေအတင်ဖြစ်နေတဲ့ အမှုအတွက် ပြေလည်အောင် ညှိနှိုင်းဖြေရှင်းဖို့ သတင်းမီဒီယာ အဖွဲ့အစည်းတွေက တိုက်တွန်းနေချိန်မှာပဲ အခုလို ရုပ်သိမ်းဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့် က သတင်းပေးပို့ ထားပါတယ်။

အစိုးရတာဝန်ရှိသူတဦးက လုပ်ငန်းရှင်တဦးထံကနေ ဒေါ်လာသိန်းချီ တန်ဖိုးရှိတဲ့ နာရီတလုံး လက်ဆောင် ရယူခဲ့တယ်ဆိုတဲ့ Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်မှာ ရေးသားဖော်ပြချက်ကြောင့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တရားစွဲဆိုထားချိန်မှာပဲ Eleven Media Group က ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားတာတွေကို ပြန်လည် ရုပ်သိမ်းနေတာ ဖြစ်ပါတယ်။ လတ်တလောမှာ အမှုပေါင်း ၅ ခုထက် မနည်းကို ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်နေတယ်လို့လည်း Eleven Media Group ရဲ့ သတင်းထောက်ချုပ် မန်သူရှိန် က ပြောပါတယ်။

“အခုရုပ်သိမ်းဖို့ စီစဉ်တယ်။ အခုရုပ်သိမ်းနေပြီခင်ဗျ။ အခုပြန်ပြီးတော့ အခုက ကျနော်တို့ ဖွင့်ထားတဲ့အမှု ကျနော်တို့ ပြန်ပိတ်တာမဟုတ်ဘူး။ အခုကတော့ ၄ မှု၊ ၅ မှုလောက်တော့ ပိတ်နေပြီ။ ကျနော်တို့ဘက်ကတော့ စပိတ်နေပါပြီ။”

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ဖိနှိပ်ရာရောက်တယ်ဆိုပြီး ကန့်ကွက်ဝေဖန်မှုတွေ ခံနေရတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ဖို့၊ ဒါမှမဟုတ် ဖျက်သိမ်းဖို့ တောင်းဆိုမှုတွေ ရှိနေချိန်မှာပဲ၊ ဒီပုဒ်မနဲ့ အရေးယူခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ Eleven Media Group က သူ့ဘက်က စွဲဆိုထားတဲ့ အမှုတွေကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။ Eleven Media Group ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်၊ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အာဏာပိုင်တွေက ဖမ်းဆီးခံခဲ့ကြရတာပါ။

အခုလို ၆၆ (ဃ) နဲ့ အာဏာပိုင်တွေဘက်က အရေးယူဖို့ ပြင်ဆင်လာတဲ့အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးမှာစိုးရိမ်မှုတွေလည်း ပေါ်ပေါက်နေပါတယ်။ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်နဲ့ မြန်မာစာနယ်ဇင်း သမဂ္ဂတို့ အပါအ၀င် သတင်းမီဒီယာလွတ်လပ်ခွင့် လှုပ်ရှားနေတဲ့ အဖွဲ့တွေကတော့ ရန်ကုန်တိုင်းအစိုးရနဲ့ Eleven Media Group တို့ကြား ပြဿနာကို ညှိနှိုင်းဖြေရှင်းကြဖို့လည်း ကြေညာချက်တစောင် ထုတ်ပြန် တိုက်တွန်းထားတာပါ။

မြန်မာဂျာနယ်လစ်ကွန်ရက် အလုပ်အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးမြင့်ကျော် ကတော့ သတင်းမီဒီယာနဲ့ အစိုးရအဖွဲ့ကြား ဆွေးနွေးဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်လို့ ပြောပါတယ်။

“အဲဒီဟာက အဖြစ်သင့်ဆုံးလမ်းကြောင်းပါ။ အဖြစ်သင့်ဆုံးလို့ထင်ပါတယ်။ တဘက်ကလည်း တရားစွဲတယ်ဆိုတဲ့ဟာထက်ကို သူတို့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်တယ်ဆိုတာကို ဒီဘက်က ဘယ်လိုမျိုးလုပ်ပေးနိုင်သလဲ အဲဒါမျိုးကို သူတို့ တောင်းဆိုသင့်တယ်။ ဒီလိုတရားစွဲတာ မဟုတ်ဘဲနဲ့ အဲလိုမျိုးမှပဲ တဘက်ကလည်း လုပ်ပေးနိုင်မယ့် အဲလိုသဘောမျိုးနဲ့ ညှိနှိုင်းပြီးတော့ လုပ်ဆောင်မယ်ထင်တယ်။ ဒါအဖြစ်သင့်ဆုံးနည်းလမ်းလို့ ယူဆတယ် ကျနော်လည်း။ အဲဒါကတော့ ဆိုလိုချင်တာကတော့ Eleven ဘက်ကလည်း ဒါနဲ့ပတ်သက်တဲ့ ခိုင်လုံတဲ့ အထောက်အထားတို့ဘာတို့ မရှိဘူးဆိုရင်တော့ ဒီဘက်ကလည်း ဒီဟာနဲ့ ပတ်သက်ပြီး တောင်းပန်တာတို့ အဲလိုမျိုးဆောင်ရွက်ဖို့ သူတို့ဘက်ကလည်း ဖြစ်သင့်တဲ့လမ်းကြောင်းလို့ထင်တယ်။ တဘက်မှာလည်း တရားဆွဲထားတဲ့ ကိစ္စတွေကို ပြန်ရုပ်သိမ်းပေးသင့်တာပေါ့။”

အရင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာ စတင်ကျင့်သုံးခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကိုတော့၊ ဆက်သွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ရည်ရွယ်ပြဌာန်းထားတာ ဖြစ်ပေမဲ့၊ နောက်ပိုင်းမှာတော့ အစိုးရတာဝန်ရှိသူတွေနဲ့ စစ်တပ်အကြီးအကဲတွေကို ဝေဖန်သူတွေကို ပစ်မှတ်ထား အရေးယူတဲ့ ဥပဒေတခု ဖြစ်လာခဲ့တာပါ။ ဥပဒေအရ အပြစ်ရှိကြောင်း ဆုံးဖြတ်ရင်လည်း အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်၊ ဒါမှမဟုတ် ငွေဒဏ်၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ခုစလုံး ကျခံဖို့လည်း ပြဌာန်းထားတာ ဖြစ်ပါတယ်။

Eleven က စွဲထားတဲ့ ပုဒ်မ ၆၆ (ဃ) အမှုတွေ စရုပ်သိမ်းနေ
please wait

No media source currently available

0:00 0:03:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG