သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် Passportနဲ့ VISA သက်တမ်း စတိုးပေးနေ


ထိုင်း-မြန်မာနယ်စပ် ကနေ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာသူများ။
ထိုင်း-မြန်မာနယ်စပ် ကနေ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာသူများ။
မကြာသေးခင်က ထိုင်းနိုင်ငံရေး တင်းမာမှုတွေကြောင့် ရပ်ဆိုင်းထားခဲ့ရတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ ပတ်စ်ပို့ နဲ့ ဗီဇာ သက်တမ်းတိုးရေးကိစ္စကို အခု ပြန်လည် လုပ်ဆောင်ပေးနေပြီဖြစ်ပါတယ်။ ၄ နှစ်သက်တမ်း ကုန်ဆုံးသွားတဲ့ ယာယီနေထိုင်ခွင့် ပတ်စ်ပို့တွေကို အသစ် လုပ်ပေးနေတာဖြစ်တယ်လို့ ဘန်ကောက် မြန်မာသံရုံးက ပြောပါတယ်။ ဒါပေမဲ့လည်း ပတ်စ်ပို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကြောင့် အလုပ်သမားတွေ ဒုက္ခရောက်နေကြရတယ်လို့ အလုပ်သမား အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပေးပါ။

လအတန်ကြာဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး မတည်ငြိမ်မှုက ထိုင်းရောက် မြန်မာ အလုပ်သမားတွေ အပေါ် အတော်လေး ဂယက် ရိုက်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီမှုနဲ့ မြန်မာအလုပ်သမားတွေ အတွက် ၂၀၀၉ ခုနှစ်ကုန်ပိုင်းက စပြီး ယာယီနိုင်ငံကူး ပတ်စ်ပို့တွေကို ထုတ်ပေးခဲ့တာမှာ မနှစ်က ဒီပတ်စ်ပို့တွေ သက်တမ်းကုန်ဆုံးသွားပေမဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကြောင့် သက်တမ်းတိုးဖို့ နောက်ကျခဲ့တာပါ။ အခု ထိုင်းနိုင်ငံရေး အခြေအနေ အနည်းငယ် ပြန်တည်ငြိမ်လာတာမို့ ဘန်ကောက်မြို့ အပါအဝင် နယ်စပ်မြို့တွေမှာ မြန်မာ အလုပ်သမားတွေကို ယာယီပတ်စ်ပို့တွေ ပြန်ထုတ်ပေးနေပြီလို့ ထိုင်းနိုင်ငံ မြန်မာအလုပ်သမားရေးရာ သံအရာရှိ ဦးကျော်ကျော်လွင် က ပြောပါတယ်။

"လေးနှစ်ပြည့်သွားတဲ့သူတွေအတွက် စခန်းတွေ ပြန်ဖွင့်ပေးနေပြီ။ ၇ ရက်နေ့ကတည်းက စလုပ်နေပြီ။ အဲ့တော့ဘန်ကောက်သံရုံးမှာဆို တစ်ခုရှိတယ်။ နယ်စပ်မြို့မှာဆို သုံးခုရှိမယ်။ မဲဆိုင်၊ မဲဆောက်နဲ့ ရနောင်းမှာရှိမယ်။ အဲ့ဒီ့စခန်းတွေမှာ သွားပြီးတော့ လေးနှစ်ပြည့်တဲ့သူတွေ သွားလုပ်လို့ရပြီ။ ကျနော်တို့ ထုတ်ပြန်ချက်လည်း ထုတ်ထားတယ်။

သူက သုံးပိုင်း ပိုင်းထားတာပေါ့နော်။ သူ့ရဲ့ ပတ်စ်ပို့သက်တမ်း နှစ်နှစ်နဲ့ အထက်ကျန်ဦးမယ်ဆိုရင် အဲ့ဒီ့ပတ်စပို့ကို ဆက်ကိုင်ထားလို့ရပါတယ်။ အဲ့ဒီ့တော့ သူက ပတ်စ်ပို့ လုပ်စရာမလိုတဲ့အခါကျတော ဗီဇာသက်တမ်းတိုးဖို့ပဲ လိုတော့မှာပေါ့။ အဲ့ဒီ့တော့ သံရုံးက ထောက်ခံချက်ယူပြီး နယ်စပ်ကို ပြန်ဆင်းသွားလို့ရှိတယ်။ အဲ့ဒီ့အဖွဲ့က တဖွဲ့ရှိမယ်။

တကယ်လို့ ပတ်စ်ပို့ရဲ့သက်တမ်း နှစ်နှစ်အောက်ဖြစ်မယ်ဆိုရင် ပတ်စ်ပို့ ကြိမ်းသေ လဲရမှာပေါ့။ လဲတဲအခါဆိုရင် မှတ်ပုံတင်တို့ အိမ်ထောင်စုစာရင်းတို့ ရှိတဲ့သူက ဒီမှာ လုပ်တာ လွယ်တာပေါ့။ တကယ်လို့ မရှိဘူးဆိုရင်လည်း မြန်မာနိုင်ငံကို ပြန်မှာပြီးတော့ လုပ်သင့်လည်း လုပ်၊ ဒါမှမဟုတ်ရင်လည်း မြန်မာနိုင်ငံကို ပြန်ပြီးတော့ လုပ်ရင်လည်း လုပ်ပေါ့။ နယ်စပ်တွေမှာ လုပ်ပေးမှာဆိုတော့ လုပ်လို့ရပါတယ်။

နောက် စာအုပ်ကြီးပြန်လဲမယ်ဆိုရင် သံရုံးမှာ လဲမယ်ဆိုရင် ဘတ် ၁၆၀၀ ကုန်မယ် ပြောထားပါတယ်။"

တကယ်သာ ဒီအတိုင်း မြန်မာအစိုးရဘက်က စာရွက်စာတမ်း တောင်းခံ ခဲ့ရင် မြန်မာ အလုပ်သမားတွေ အတွက် အများကြီး အခက်အခဲဖြစ်လာနိုင်ပြီး -မလိုလားအပ်တဲ့ ပြဿနာတွေလည်း ဖြစ်လာနိုင်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ထောက်ပြပါတယ်။

" ဗမာမှတ်ပုံတင် မိတ္တူပါရမယ်။ သန်းခေါင်စာရင်း ပါရမယ်။ ဒီအချက်တွေက ထိုင်းနိုင်ငံကို ရောက်နေတဲ့ အလုပ်သမားတွေအတွက် လုံးဝကို မဖြစ်နိုင်တဲ အခြေအနေဖြစ်နေတယ်။ ဘာကြောင့်မဖြစ်နိုင်သလဲဆိုရင် ထိုင်းနိုင်ငံတွင်းကို လာပြီးတော့ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေထဲမှာ နံပတ်တစ် အမျိုးစားက နိုင်ငံရေးဒုက္ခသည်၊ နံပတ် နှစ်အမျိုးအစားက စစ်ဘေးဒုက္ခသည်၊ နံပတ်သုံးက စီးပွားရေးဒုက္ခသည်ဆိုပြီးတော့ ဒုက္ခသည်သုံးမျိုးက နှစ်ပေါင်း ၂၀၊ ၃၀လောက် လာလုပ်ကိုင်စားသောက်နေတာ။

အဖေရော၊ အမေရော အကုန်လုံးက ဗမာ။ ဒီမှာ မွေးထားတဲ့ သားသမီးတွေက အသက် ၂၀၊ ၃၀ရှိပြီ။ သူတို့က မြန်မာ မိဘနှစ်ပါးက မွေးထား တာဖြစ်တယ်။ မြန်မာစစ်စစ်တွေ ဖြစ်တယ်။ ဒါပေမဲ့ မြန်မာလို့ ပြောပေမဲ့ မြန်မာပြည်ကို တခါမှ မရောက်ဘူးဖူး။ ဒီကလေးတွေမှာ ဘယ်မှာရှိမလဲ မွေးစာရင်း၊ ဘယ်မှာရှိမလဲ မှတ်ပုံတင်၊ နောက်တချက်က ထိုင်းနိုင်ငံတွင်း ရောက်နေတဲ့ လူတစ်ရာမှာ ၉၅% လောက်လူက သန်းခေါင်စာရင်း မရှိဘူး။ ၉၀% လောက်လူက မှတ်ပုံတင် မရှိဘူး။

ထိုင်းနိုင်ငံတွင်းကို လာတဲ့ လူ ၉၉% လောက်ဟာ လေယာဉ်နဲ့ လာတဲ့သူမဟုတ်ဘူး။ နယ်စပ်ကတဆင့် တောတောင်ထဲက လမ်းလျောက်ပြီးလာတာ။ ဒါကြောင့်မို့လို့ ဒီအခြေအနေ၊ ဒီစည်းကမ်းတွေကို ဖြည့်ထားတာဟာ အရမ်းကို ဆိုးဝါးတယ်။ နိုင်ငခြား တိုင်းပြည်တခုမှာ ဒီစာရွက်စာတမ်းတွေ ပါမှ တင်ရမယ်ဆိုတာကိုက မှားနေတယ်။ ဒါကြောင့်မို့လို့ ဒီအစီအစဉ်အတိုင်း သွားမယ်ဆိုရင် မြန်မာအလုပ်သမားတွေဟာ ဒီ့ထက်မက ဆိုးပြီးတော့မှ ဒုက္ခရောက်သွားမယ်။ တိုးပြီးတော့ အခက်အခဲ ကြုံသွားမယ်။ လုံးဝ အဆင်မပြေနိုင်ဘူး"

ဒါ့အပြင် အခု မြန်မာအစိုးရရဲ့ ပတ်စ်ပို့သက်တမ်းတိုးရေး အစီအစဉ်က ပွဲစားတွေ အတွက် အခွင့်အရေး ဖြစ်လာနေတယ် လို့လည်း FTUB မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ မဟာချိုင်ဒေသခံ အလုပ်သမားရေး ဆောင်ရွက်သူ ကိုဖိုးခွား ကလည်း ပြောပါတယ်။

" အဲ့ဒီ့ပတ်စ်ပို့က ဘယ်အစိုးရမှ မပြောသေးဘူး။ ဘယ်သတင်းဌာနမှလည်း မထုတ်ပြန်သေးဘူး။ ဘယ်သူမှ အတည်မပြုသေးခင်ကတည်းက အဲ့လိုမျိုး ပွဲစားတွေ များလာတယ်။ အဲ့ဒီ့ပတ်စ်ပို့ရုံးမှာ ။ နေ့လည်တုန်းက တစ်ယောက် ဖုန်းဆက်လာတယ်။ ကိုဖိုးခွား ရေတဲ့ ဟုတ်လားတဲ့။ အဲ့ဒီ့ပတ်စ်ပို့ပေးမယ်ဆိုတာ လေးနှစ်ကုန်သွားတဲ့သူတွေဆိုတော့။ ဟုတ်တယ် လုပ်တော့ လုပ်ပေးနေပြီ။ အဲတာ မင်းတို့ တင်ဖို့လိုတယ်ဆိုတော့။

မဟုတ်ဘူးတဲ့။ ကျနော်စက်ရုံမှာ ပွဲစား ကုမ္ပဏီကလို့ပြောပြီးတော့ ပွဲစားနှစ်ယောက် ဝင်လာတယ်တဲ့။ မန်နေဂျာတွေလည်းပါတယ်။ သူတို့ကို တစ်ယောက်ကို တစ်သောင်းရှစ်ထောင် တောင်းတယ်။ အကုန်လုံး အပြီးအစီး တစ်သောင်းရှစ်ထောင်ပြောတယ်တဲ့။ မှတ်ပုံတင် မရှိတဲ့သူတွေ ကျတော့ မြန်မာပြည်သွားရမယ်ပြောတယ်။ ကျနော်တို့က စရိတ်စကနဲ့ သွားဖို့ လာဖို့ဆိုတာ မဖြစ်နိုင်ဘူးတဲ့။ လုပ်ရင်ကောင်းမလား၊ မလုပ်ရင်ကောင်းမလား စဉ်းစားနေတယ်တဲ့။

ဒါ့အပြင် ပတ်စ်ပို့သက်တမ်း ကုန်ဆုံးထားသူ မြန်မာအလုပ်သမားတယောက်ဟာ ဗီဇာလည်း သက်တမ်းမရှိတော့တဲ့ အတွက် မြန်မာသံရုံးက တောင်းခံတဲ့ စာရွက်စာတမ်းတွေကို မြန်မာပြည် ပြန်ယူရမယ်ဆိုရင် လမ်းခရီးမှာတင် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုတွေကို ခံရနိုင်တယ်လို့လည်း အလုပ်သမားအရေး ဆောင်ရွက်သူတွေက ထောက်ပြခဲ့ ကြသလို၊ ပတ်စ်ပို့အဟောင်း ကိုင်ဆောင်ထားသူ မြန်မာအလုပ်သမားတယောက်အနေနဲ့ အသစ်လဲဖို့မှာ ဒီလောက်အထိ အခြေအနေတွေ မရှုတ်ထွေးသင့်ဘူး လို့လည်း ပြောဆိုခဲ့ကြပါတယ်။
XS
SM
MD
LG