သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူရို ၂၀၁၆ အင်္ဂလန်-ရုရှား ပွဲအကြို သုံးသပ်ချက်


အင်္ဂလန်အသင်းကို မတ်လ ၂၇ ရက်နေ့က လစ်သူယေးနီးယား အသင်းနှင့် ယူရို ၂၀၁၆ ခြေစစ်ပွဲ မကစားမီ Wembley ဘောလုံးကွင်းတွင် တွေ့ရစဉ်။ (AP Photo/Matt Dunham)
အင်္ဂလန်အသင်းကို မတ်လ ၂၇ ရက်နေ့က လစ်သူယေးနီးယား အသင်းနှင့် ယူရို ၂၀၁၆ ခြေစစ်ပွဲ မကစားမီ Wembley ဘောလုံးကွင်းတွင် တွေ့ရစဉ်။ (AP Photo/Matt Dunham)

ယူရို ၂၀၁၆ ဥရောပဖလားဖွင့်ပွဲနေ့မှာတော့ အိမ်ရှင် ပြင်သစ် အသင်းနိုင်ပြီး အောင်ပွဲခံ ခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ အင်္ဂလန် နဲ့ ရုရှား တို့ ကစားကြမှာပါ။ အင်္ဂလန် အသင်းက ရုရှားနဲ့ ကစားဖို့ အသင့်ဖြစ်နေပြီလို့ အင်္ဂလန် အသင်းခေါင်းဆောင် ဝိန်းရူနီက ပြောလိုက်ပါတယ်။ တဘက်မှာလည်း မာဆေးလ်းမြို့မှာ အင်္ဂလန် နဲ့ ရုရှားပရိသတ်တွေ ပြဿ နာတွေဖြစ်လို့ ပြင်သစ်ရဲက လူစုခွဲ နှိမ်နှင်းခဲ့ရပါတယ်။ ဒီပွဲအပေါ် ပြင်ဆင်မှုတွေ နဲ့ ပွဲကြိုသုံးသပ်ချက်တွေကို နားဆင် ကြည့်ရအောင်ပါ။

ယူရို ၂၀၁၆ ရဲ့ ဖွင့်ပွဲနေ့မှာ အိမ်ရှင်ပြင်သစ်အသင်းက ပွဲပြီးခါနီး ၁ မိနစ် အလိုမှာ ရှေ့တန်းလူ Dimitri Payet သွင်းတဲ့ ဂိုးနဲ့ ရိုမေးနီးယားကို ၂ ဂိုး ၁ ဂိုး နိုင်ပြီး အိမ်ရှင် အသင်း ပရိဿတ်တွေ အောင်ပွဲခံခဲ့ပါတယ်။ ပြင်သစ် အတွက်တော့ ဒါက အဖိုးတန် ၃ မှတ်ဖြစ်သလို၊ ရှေ့ဆက်ရမယ့် ခရီးအတွက် အရေးပါတဲ့ ရလဒ်လို့လည်း ဆိုရမှာပါ။

ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့ပွဲစဉ်တွေမှာတော့ မြန်မာစံတော်ချိန် ၇ နာရီခွဲမှာ အုပ်စု A က ဆွစ်ဇာလန် နဲ့ အယ်လ်ဘေးနီးယား ၊ ၁၀ နာရီခွဲမှာ အုပ်စု B က ဝေးလ်စ် နဲ့ ဆလိုဗက်ကီးယား ၊ မြန်မာစံတော်ချိန် တနင်္ဂနွေမနက် ၁ နာရီ ခွဲမှာ တော့ ဘောလုံး ဘိုးအေ အင်္ဂလန် နဲ့ ရုရှားတို့ ကစားကြမှာပါ။ ဒီကနေ့ည ကစားမယ့်ပွဲတွေထဲမှာ ပရိဿတ် အာရုံကို အဖမ်းစားနိုင်ဆုံးကတော့ အင်္ဂလန် နဲ့ ရုရှာတို့ပွဲလို့ဆိုရမှာပါ။ ရုရှားအသင်းဟာ အသင်းကောင်း တသင်းဖြစ်ပြီး၊ ကစားသမားကောင်းတွေ ပါတယ်လို့ အင်္ဂလန်နည်းပြ ရွိင်းဟော့ဒ်ဆန်က ပြောလိုက်ပါတယ်။

”ရုရှားအသင်း ဘယ်လောက် ကောင်းတယ်ဆိုတာ ပြီးတော့ သူတို့ ကစားသမားတွေ အတွေ့အကြုံရှိပြီး ဘယ်လောက် ကောင်းတယ် ဆိုတာကို ကျနော်တို့ ကောင်းကောင်းသိပါတယ်။ သူတို့ကစားပုံကို ကျနော်တို့ လေ့လာ ထားတာပေါ့။ ရုရှားနည်းပြလည်း ကျနော်တို့လိုပဲဖြစ်မှာပါ။ သူဘက်က အဲဒီလို မဟုတ်ရင်သာ ကျနော်အံ့အားသင့်မိမှာပါ။”

ဥရောပရဲ့ အသင်းကြီး ၂ သင်းဖြစ်တဲ့အပြင်၊ ပွဲမကစားခင်မှာကတည်းက အင်္ဂလန် နဲ့ ရုရှားပရိဿတ်တွေ မာဆေးလ်မှာ ပြဿနာတွေဖြစ်လို့ ပြင်သစ်ရဲက မျက်ရည်ယို ဗုံးတွေသုံးပြီး လူစုခွဲရခဲ့ရပါတယ်။ ရွိင်းဟော့ဒ်ဆန်ကတော့ - အင်္ဂလန်ပရိဿတ်တွေရဲ့ အိမ်ကွင်း အဝေးကွင်း အားပေးမှုကို အသိအမှတ်ပြုကြောင်း ၊ ယူရိုပွဲမှာလည်း ပရိဿတ်တွေ အားပေးမယ်ဆိုတာ မျှော်လင့်ထားပြီး၊ ပြဿနာတွေကို ရှောင်ပြီး ပြိုင်ပွဲမှာ ပျော်ပျော်ရွှင်ရွှင် အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အင်္ဂလန် အသင်း ခေါင်းဆောင် ဝိန်းရူနီကတော့ ရုရှားနဲ့ပွဲအတွက် အသင့်ဖြစ် နေပြီလို့ ပြောလိုက်ပါတယ်။

”ကျနော်တို့ အနိုင်မခံ အရှုံးမပေး အစွမ်းကုန်ကစားကြရမယ်၊ ကြံ့ကြံ့ခံနိုင်ရမယ်။ ပထမပွဲက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျနော်တို့သိတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ကျနော်တို့ခံလိုက်ရတယ်။ ပွဲဦးထွက်ရလဒ်ကောင်းဖို့က အရေးကြီးတယ်။ ဒီပွဲအတွက် ကျနော်တို့အဆင်သင့်ပါ။ ဘာစိုးရိမ်စိတ်မှ မရှိဘဲ ကစားနိုင်ပါတယ်။ ပုံမှန် အားဖြင့်တော့ လူငယ်ကစားသမားတွေက အကြောက်အလန့် မရှိ ကစားတတ် ပါတယ်။”

ရူနီရဲ့ ခြေစွမ်း နဲ့ ပတ်သက်ပြီးတော့ ဝေဖန်သူတချို့က မေးခွန်းထုတ်နေကြပြီး၊ တချို့ကလည်း အင်္ဂလန်အသင်းမှာ မပါသင့်ဘူးလို့ဆိုပါတယ်. ဒါပေမဲ့ ရုရှားနည်းပြ Vasili Berezutski ကတော့ ရူနီဟာ ထိပ်တန်း ကစားသမား တစ်ယောက်အဖြစ် ရှိနေတုန်းပဲဖြစ်တယ်လို့ ပြောပါတယ်။ ဆိုတော့ ဒီပွဲအပေါ် အားကစားဆောင်းပါးရှင် ဦးမြသက် ဘယ်လိုသုံးသပ်ပါသလဲ။

“ကျွန်တော်ကတော့ အင်္ဂလန်ပါပဲ။ အင်္ဂလန်က ဂတ်စကွိုင်း တို့၊ ပီတာ ရှီလ်တန်တို့ တစ်ခေတ် နောက်ပိုင်းမှာ ဒီအင်္ဂလန် အသင်းကို ကျွန်တော် တော်တော် ကြိုက်တယ်ဗျ။ ဘက်ခမ်းတို့အိုဝင်တို့ ခေတ်ထက်တောင် ကျွန်တော် ကြိုက် တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ လူငယ်များတယ်။ Pace မြန်တယ်။ ခါတိုင်း အင်္ဂလန် အသင်းတွေက Pace မြန်ပေမယ့် skill ပိုင်းမှာ လိုအပ်ချက်ရှိတယ်။ ဒီနေ့ အင်္ဂလန်အသင်းကတော့ လျှင်မြန်မှုလဲ ကောင်းတယ်။ ဘောလုံး ပညာပိုင်း မှာလဲ ပြည့်စုံတယ်လို့ ကျွန်တော် ယူဆတယ်။ နောက် အသင်းက ငယ်လဲ ငယ်တယ်။ နောက်တစ်ခုက ရှေ့တန်းမှာ ဆိုရင်တောင် ရူနီကိုတောင်မှ first line-up ပေးမပေး ဆိုတာကို တောင်မှ သူတို့က အားတောင့် နေတယ်လေ။ ရုရှားကတော့ ရာရှင်ကြီးတို့ ခေတ်ကတည်းက defensive play ကြီးပါ။ နောက်တစ်ခုက တစ်ဦးချင်း ထူးချွန်တဲ့ ဘောလုံးသမားလဲ မရှိဘူး။ အသင်း လိုက် ကစားပုံကလဲ နည်းနည်းတော့ လေးတယ်ခင်ဗျ။ ကျွန်တော့် အထင်တော့ အရှေ့ ဥရောပ အသင်းဆိုတော့လေ။ မနေ့က ပြင်သစ် နိုင်သလိုပဲ သိပ်ပြီးတော့ ပြတ်ပြတ်သားသားကြီး မဟုတ်တောင် ကပ်ပြီးတော့ နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်က ၂း၁ လောက်ပဲ မှန်းတယ်ဗျ။ မနေ့က ပြင်သစ်ပွဲလိုပဲ။ ”

အင်္ဂလန် နဲ့ ရုရှားတို့ဟာ ယခင် ဆိုဗီယက် ပြည်ထောင်စု လက်ထက် ကတည်းက ၁၄ ကြိမ်တွေ့တာမှာ အင်္ဂလန်က ၆ ပွဲ နိုင် ၄ ပွဲ သရေ၊ ၄ ပွဲရှုံးထားပါတယ်။ အင်္ဂလန်အသင်း အတွက်တော့ ဒါဟာ ဥရောပဖလားကို ဝင်ပြိုင်တာ ၉ ကြိမ်မြောက် ဖြစ်ပြီး၊ အရင် ၈ ကြိမ်စလုံးမှာတော့ ထူးဆန်းတာကတော့ တပွဲမှ မနိုင်ဘဲ၊ ၄ ပွဲသရေ ၄ ပွဲ ရှုံးထားပါတယ်။ ဆိုတော့ ဒီပွဲမှာ အင်္ဂလန်အသင်းအနေနဲ့ ဒီတကြိမ်မှာ အစဉ်အလာ ဆိုတာကြီးကို ချေဖျက်နိုင်မလား ဆိုတာကတော့ စိတ်ဝင်စားစွာ နဲ့ စောင့်ကြည့် သွားရမှာပါဗျာ။

ယူရို ၂၀၁၆ အင်္ဂလန် ရုရှား ပွဲအကြို သုံးသပ်ချက်
please wait

No media source currently available

0:00 0:04:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG