သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက် အမေရိကန်နိုင်ငံရေးလောက အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်


ဒီတပတ် English American Style Idioms ကဏ္ဍမှာ လက်ရှိအမေရိကန်နိုင်ငံရေး လောကမှာ အသုံးများတဲ့ Left in the dark, Learn to live with နဲ့ Seize the moment တို့ကို တင်ပြထားပါတယ်။

(၁) Left in the dark

Left ကို ဒီနေရာမှာ ကြိယာ (verb) အဖြစ် အသုံးပြုထားပြီး (ချန်ခဲ့တာ၊ ထားခဲ့တာ)၊ in the dark (အမှောင်ထဲမှာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အမှောင်ထဲမှာ ချန်ထားခဲ့တာ ဖြစ်ပါတယ်။ အမှောင်ထဲမှာ ချန်ထားခဲ့တယ်ဆိုတာကြောင့် အလင်းရောင်မရှိတဲ့အတွက်ဘာမှမမြင်ရ၊ မသိရတဲ့သဘောမျိုး ဖြစ်တဲ့အတိုင်း အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က အကြောင်းရာတခုခုနဲ့ ပတ်သက်လို့ သိခွင့်မပေးတာ၊ ပြောမပြတာ ဖြစ်ပါတယ်။ မြန်မာဘန်းစကားမှာတော့ လျှိုထားလို့သိခွင့်မရတာမျိုးဖြစ်ပါတယ်။ ဒီအသုံးကိုအခုရာထူးကနေ နုတ်ထွက်သွားခဲ့တဲ့ သမ္မတ Trump အစိုးရရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Michael Flynn အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရုရှားသံအမတ်ကြီးနဲ့ တယ်လီဖုန်းစကားပြောခဲ့ရာမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေအကြောင်း မပြောခဲ့ဘူးဆိုပြီး ငြင်းခဲ့တာဟာ မမှန်ဘူးဆိုတဲ့အကြောင်း သမ္မတ Trump က ကြိုတင်သိထားပေမယ့်လည်း ဒီအကြောင်းကို သူ့ရဲ့ ဒုတိယသမ္မတ Mike Pence ကို အဖြစ်မှန်မပြောပြတဲ့အတွက်ကြောင့်လည်း သတင်းမီဒီယာတွေက ဒုတိယသမ္မတ Mike Pence left in the dark ဆိုပြီးတော့ သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ Left in the dark အစား Kept in the Dark လို့လဲသုံးလို့ရပါတယ်။ ဒီအသုံးအနှုန်း ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John was left in the dark about the office party. No wonder he was very upset!

ရုံးပါတီပွဲ လုပ်မယ့်အကြောင်း John ကို ဘယ်သူကမှ အသိမပေးကြဘူးလေ။ ဒါကြောင့် သူ ဒေါသထွက်တာလဲမဆန်းပါဘူး။

(၂) Learn to live with

Learn (သင်ယူတာ)၊ to live with (တခုခုနဲ့တွဲအသက်ရှင်နေထိုင်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တခုခုနဲ့ သက်ရှင်နေထိုင်ဖို့ သင်ယူတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ ကိုယ်မနှစ်သက်ပေမယ့်လဲ ဘာမှ မတတ်နိုင်တဲ့အဆုံး သည်းခံခွင့်လွှတ်နိုင်တဲ့ အနေအထားမျိုး။ တနည်း ကိုယ့်အတွက် စိတ်ဆင်းရဲစရာ ဖြစ်ပေမယ့်လို့ နားလည်မှုပေးပြီး လက်ခံတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ တရားသဘောအရဆိုရင်တော့ ဥပက္ခာပြုပြီး ကိုယ့်ဘဝစိတ်ချမ်းသာအောင် အလိုက်အထိုက် နေတတ်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump က အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ မကြာသေးမီက ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။ အစ္စရေး နဲ့ ပါလက်စတိုင်း လွတ်လပ်တဲ့ နှစ်ပြည်ထောင်သတ်မှတ်တဲ့ မူဝါဒနဲ့ အစ္စရေး၊ ပါလက်စတိုင်း နဲ့သိမ်းပိုက်ခံအနောက်ဘက်ကမ်းခြေ တို့ကို တပြည်ထောင်အဖြစ်သတ်မှတ်ပြီး အားလုံးကိုတန်းတူအခွင့်အရေးရစေမဲ့ မူဝါဒ နှစ်ခုကြား ရွေးချယ်သူတွေအနေနဲ့ ဘယ်လိုပင် ရွေးချယ်ပါစေ သူ့အနေနဲ့ နားလည်လက်ခံနိုင်တဲ့အကြောင်း သမ္မတ Trump က ပြောခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Trump ပြောခဲ့တာကို လေ့လာကြည့်ရအောင်ပါ။

I’m very happy with the one that both parties like. I can live with either one.

ကျနော့်အနေနဲ့ နှစ်ဘက်စလုံးက ကြိုက်နှစ်သက်တဲ့ မူဝါဒကိုကျေနပ်ပါတယ်။ ကျနော် နားလည်လက်ခံပေးနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကိုလေ့လာကြည့်ရအောင်ပါ။

The doctor told Mary that she will have to learn to live with her diabetes.

ဆရာဝန်က Mary အနေနဲ့ ဆီးချိုရောဂါ ရှိနေတဲ့အတွက် ဘာမှ မတတ်နိုင်တဲ့အဆုံး လက်ခံပြီး စိတ်ချမ်းသာအောင် ကြည့်နေရမှာ ဖြစ်တယ်လို့ ပြောခဲ့တယ်။

(၃) Seize the moment

Seize (လက်ဝယ်အမိအရ ဖမ်းယူတာ)၊ the moment (အချိန်၊ အခါသမယ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အချိန် အခါသမယကို အမိအရ ဖမ်းယူတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ရလာတဲ့အခွင့်အရေး၊ ဖန်တီးလာတဲ့အခွင့်အရေးကို လက်လွတ်မခံဘဲ၊ အမိအရဖမ်းပြီး အကျိုးရှိအောင် အသုံးချတတ်ဖို့ ဖြစ်ပါတယ်။ ဒီ အီဒီယံအသုံးကို သမ္မတ Trump နဲ့ အစ္စရေးဝန်ကြီးချုပ် Netanyahu တို့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ Netanyahu က ပြောခဲ့တာ ဖြစ်ပါတယ်။ လေ့လာကြည့်ရအောင်ပါ။

Let us seize this moment together. Let us bolster security. Let us seek new avenues of peace.

ရလာတဲ့ အခွင့်အရေးကို လက်လွတ်မခံဘဲ၊ အတူတကွ အကျိုးရှိအောင် အသုံးချကြပါစို့၊ လုံခြုံရေးကို အားဖြည့်ကြပါစို့၊ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်တဲ့နည်းလမ်းတွေကို ရှာဖွေကြပါစို့လို့ အစ္စရေးဝန်ကြီးချုပ်က ပြောသွားတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Ethnic groups in Myanmar should seize the moment and find ways to achieve peace.

မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအုပ်စုတွေအနေနဲ့ ရလာတဲ့ အခွင့်အရေးကို လက်လွတ်မခံဘဲ၊ ငြိမ်းချမ်းရေးခေါ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသင့်ကြတယ်။

ဒီတပတ် တင်ပြခဲ့တဲ့ အီဒီယံအသုံးတွေက Left in the dark, Learn to live with နဲ့ Seize the moment တို့ဖြစ်ပါတယ်။

XS
SM
MD
LG