သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nothing စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


There still is lots of empty space, such as this Nebraska prairie on the American Great Plains.
There still is lots of empty space, such as this Nebraska prairie on the American Great Plains.

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ sweet nothings, here goes nothing နဲ့ nothing doing တို့ ဖြစ်ပါတယ်။

ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ sweet nothings ဖြစ်ပါတယ်။ Sweet = ချိုတာ၊ ချစ်စရာ ကောင်းတာ၊ Nothings = ဘာမှမရှိခြင်း တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ အဓိပ္ပါယ်ကတော့ အဓိပ္ပါယ်လေးနက်မှု မရှိတာ၊ အနှစ်သာရ မရှိတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် Sweet Nothings ဆိုတဲ့ လုံးကောက် အဓိပ္ပါယ်ကတော့ ဘာမှ အနှစ်သာရ မရှိတဲ့ ချိုသာတဲ့ စကားတွေလို့ ဆိုရမှာပါ။ Sweet nothing ရဲ့ အီဒီယံ အဓိပ္ပါယ်ကတော့ ချိုတယ်၊ ချစ်စရာ ကောင်းတယ် ဆိုပေမဲ့ အဓိပ္ပါယ်မရှိ၊ လေးနက်မှု မရှိတဲ့ စကားတွေပဲ ဖြစ်ပါတယ်။

အဆိုတော် မာမာအေးရဲ့ နှစ်ယောက်ထဲ နေချင်တယ်ဆိုတဲ့ သီချင်းထဲမှာ ဧဝရက် တောင်ထိပ်မှာ ချစ်သူနဲ့ ဆိုရင် ဘယ်လိုပဲ နေရနေရ ဆိုသလို၊ မိုးပေါ်က ကြယ်တွေကို ဆွတ်ပေးပါ့မယ်၊ တရက်မတွေ့ရတာ ဒီ မောင့်အတွက် တသက်ထင်တယ် ဆိုတာမျိုးလို၊ ချစ်သူကျအောင် အပြောကောင်း၊ ချွဲပြီး တွတ်တီးတွတ်တာ ပြောတဲ့ မူယာမာယာ အပြောမျိုး တွေကို Sweet Nothings လို့လည်း ရည်ညွှန်း ပြောလို့ ရပါတယ်။ ဘန်းစကားနဲ့ ပြောရရင်တော့ အပိုစကားတွေပေ့ါ။

အမျိုးသားတဦးနဲ့ တွဲနေတဲ့ ညီမဖြစ်သူကို သတိပေးတဲ့ George Crows ရဲ့ ဥပမာ တခုကို လေ့လာကြည့်ကြပါစို့။

Sis, be careful of that guy, Peter, you have a date with tonight. I hear he’s expert at using sweet nothings to get his way with a girl. Later, she finds out that what they mean. Nothing!

ညီမလေးရေ - ဒီနေ့ည ညီမလေးနဲ့ အပြင်ထွက်ဖို့ ချိန်းထားတဲ့ Peter ကို သတိထားနော် ကြားရတာကတော့ ဒီလူက အမျိုးသမီးတဦးနဲ့ စွံရလေအောင် တွတ်တီးတွတ်တာ ပြောတဲ့နေရာမှာ ကျွမ်းကျင်ဆိုပဲ။ နောက်ပိုင်းမှာတော့ ဒီ စကားတွေဟာ တဘက်သား ကျလောက်အောင်သာ ရည်ရွယ်ပြီး တခြား ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး ဆိုတာကို အဲဒီအမျိုးသမီး သိလာရတယ်။

ဆက်ပြီး တင်ပြမယ့် အီဒီယံ အသုံးကတော့ here goes nothing ဖြစ်ပါတယ်။ Here = ဒီမှာ၊ Goes = သွားပြီ (here goes = ဒီမှာသွားပြီ)၊ Nothing = ဘာမှ မရှိတာ၊ ဘာမှ မဟုတ်တာ၊ အညတရ တဦးလို့ လုံးကောက် အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် တိုက်ရိုက် အဓိပ္ပါယ်အရ အညတရ တဦးတော့ သွားပြီဟေ့လို့ ဆိုရမှာပါ။ ဒီအသုံးကို မိမိက တခုခကို စမ်းသပ်ရမှာ၊ ဒါမှမဟုတ် ဝင်ယှဉ်ပြိုင်ရာမှာ ကိုယ့်ကိုယ်ကို သိပ်ပြီး မမှန်းထားရင် အရှက်ပြေနှိမ့်ချ ပြောဆိုရာမှာ ဘန်းစကား အဖြစ် အသုံးပြုလေ့ရှိပါတယ်။

ဥပမာ အပြေးပြိုင်ပွဲမှာ တခြား စံချိန်တင် အပြေးသမားတွေနဲ့ ဝင်ယှဉ်ပြိုင်ရလို့ ကိုယ့်အနေနဲ့ အနောက်က ပြတ်ကျန်ခဲ့ရမယ့် အလားအလာမျိုး ရှိရင်၊ ကိုယ့် သူငယ်ချင်းတွေကို သိပ်ပြီး အထင် မကြီးစေချင်ရင်၊ ရှုံးခဲ့သော် မျက်နှာ သိပ်မပူရ လေအောင် ကိုယ့် အရည်အချင်း အကြောင်းကို အရှိကို အရှိအတိုင်း စကားပလ္လင်ခံတဲ့ နေရာမှာ Here goes nothing ကိုပြီး၊ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးတော့ ပြောလေ့ရှိပါတယ်။

ဆိုလိုတာကတော့ မောင်ရင်တို့ရေ သိပ်ပြီး အထင်မကြီးကြလေနဲ့။ ကျနော်ကတော့ သိပ်မဟန်လှဘူးဆိုတဲ့ သဘောမျိုးပါ။ သူ သိပ်မကျွမ်းကျင်ဘူးလို့ ဆိုရမယ့် စင်မြင့်ပေါ်တက်ပြီး မိန့်ခွန်း ပြောရမယ့် အလုပ်ကို လုပ်ရတော့မှာမို့ သူ အိုးနင်းခွက်နင်း ဖြစ်နိုင်မယ့် အခြေအနေမျိုးအတွက် သူ့သူငယ်ချင်းတွေကို ကြိုပြီး စကားပလ္လင်ခံထားတဲ့ George Crows ပေးတဲ့ ဥပမာ တခုကို လေ့လာကြည့်ရအောင်ပါ။

Well, Jack, here goes nothing. Right now, I wish I spent a lot more time preparing. It’s a tough audience I hear. Right now I’d rather be anywhere else, even at the dentist.

Jack ရေ။ သိပ်တော့ ဟန်မယ်မထင်ပါဘူး။ အခုအချိန်မှာတော့ ကြိုတင်ပြင်ဆင်ခဲ့မိရင် ကောင်းသားလို့ နောင်တရမိတယ်။ ပရိသတ်ကလည်း မခေလှဘူးလို့ ကြားတာပဲ။ ဒီအချိန်မှာတော့ ဒီနေရာကလွဲလို့ ဘယ်နေရာ ရောက်ရောက်ရောက်ပါစေ။ ကုန်ကုန်ပြောရရင် သွားဆရာဝန်ဆီကိုတောင် သွားလိုက်ချင်သေးတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက Nothing doing ဖြစ်ပါတယ်။ Nothing = ဘာမှမဟုတ်တာ၊ Doing = လုပ်နေတယ်ဆိုတော့ စကားပိုဒ် တခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဘာမှလုပ်လို့မရတဲ့ သဘောဖြစ်ပါတယ်။ အီဒီယံ သဘောမှာတော့ တယောက်ယောက်ဆီက မေတ္တာရပ်ခံမှုကို လေးလေးနက်နက် အပြောနဲ့ ပယ်ချလိုက်တဲ့ အဓိပ္ပါယ်ဆောင် ပါတယ်။ ပိုပြီးလေးနက်အောင် ပြောချင်ရင်တော့ အခုလို ပြောလို့ရပါတယ်။

No, I won’t do it and I mean it.

“မလုပ်ဘူးဗျာ။ ကျုပ် တကယ် မလုပ်ဘူး။ တကယ့်ကို ယုံယုံကြည်ကြည့်နဲ့ ပြောတာ” ဆိုပြီး ငြင်းလိုက်တာမျိုးလဲ ရှိပါတယ်။

အခုတင်ပြပေးမယ့် ဥပမာက သူ့ရဲ့ ဆယ်ကျော်သက် သားလေးက နောက်မိန်းကလေး တဦးကို အထင်ကြီးရလေအောင် သူ့အဖေဆီက ကားယူသုံးခွင့်ပြုပါလို့ မေတ္တာရပ်ခံတာကို အဖေက ငြင်းဆိုတဲ့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I tell you nothing doing. I just paid nine hundred dollars to fix my car after that accident you got into last week. Didn’t I tell you? You can’t drive my car again until you learn to be a safe driver.

သားကိုပြောမယ် မင်းအခုလာတောင်းတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ။ ပြီးခဲ့တဲ့ အပတ်ကပဲ ကားယူ သုံးလို့ ကားတိုက်မှု ဖြစ်တာမှာ ဒေါ်လာငွေ ကိုးရာ အကုန်ခံပြီးတော့ ပြင်ပြီးခါစပဲ ရှိသေးတယ်။ စိတ်ချလက်ချ ရှိရှိနဲ့ သား ကားမမောင်းတတ်မချင်း မမောင်းရဘူးလို့ အဖေပြောခဲ့တယ် မဟုတ်လား။

တိုတိုတောင်းတောင်းနဲ့ ငြင်းဖို့အတွက် ဆိုရင် No way! ၊ ဒါမှမဟုတ် forget it လို့ ပြောရင်လည်း ရပါတယ်။ No way က ဘယ်လိုမှ မဖြစ်နိုင်ဘူး လို့ အဓိပ္ပါယ်ရ ပါတယ်။ Forget it ကတော့ ရမယ်လို့တော့ စိတ်ကူးထဲတောင် မထည့်လိုက်နဲ့ ဆိုတဲ့ သဘောပါ။

စောစောက ပြောခဲ့တဲ့ No, I won’t do it လိုမျိုး၊ အခုပြောတဲ့ No way! နဲ့ Forget it! တို့လို သုံးမျိုးလုံးကို သုံးမယ်ဆိုရင် ယဉ်ကျေးတဲ့ အသုံးများ မဟုတ်တာကြောင့် အခြေအနေနဲ့ လိုက်ဖက်တဲ့ အခါမှသာ သုံးပါလို့ အကြံပေးချင်ပါတယ်။

XS
SM
MD
LG