သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Neck စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ လည်ပင်း (neck) အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ neck and neck , sticke one’s neck out, save one’s neck နဲ့ put your neck on the line တို့ကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ neck and neck ဖြစ်ပါတယ်။ Neck = လည်ပင်း၊ And = နှင့် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လည်ပင်းနဲ့ လည်ပင်း ဖြစ်ပါတယ်။ ဒီအသုံးက အားကစားပြိုင်ပွဲကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ မြင်းပြိုင်ပွဲမှာ ပန်းဝင်လာတဲ့ ပြိုင်မြင်းတွေဟာ သိပ်ကိုကပ်နေတယ်။ တဖတ်ကမြင်းရဲ့ လည်ပင်းနဲ့ ဒီဖက်ကမြင်းရဲ့ လည်ပင်း ပန်းဝင်ရာမှာ တတန်းတည်းဖြစ်နေတာကို ဆိုလိုပါတာ ဖြစ်ပါတယ်။ အီဒီယံအသုံးကတော့ သူမသာကိုယ်မသာ သဘောဖြစ်ပါတယ်။ အနိုင်ရဖို့ ဆုံးဖြတ်ရာမှာ သိပ်ကိုကပ်နေတာလည်း ဖြစ်ပါတယ်။ ဒီအသုံးဟာ အားကစားပြိုင်ပွဲတွေမှာတင် မကပါဘူး နေ့စဉ်သုံးမှာလည်း အထူးသဖြင့် ရွေးကောက်ပွဲတွေမှာ သုံးလေ့ရှိပါတယ်။ ကျမတို့မြန်မာမှာ အကြိတ်အနယ် ပွတ်ကာသီကာ ဖြစ်နေတယ်သဘောမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

ဥပမာ

Recent poll showed that two candidates for the Mayor’s race are neck and neck, so it’s very exciting.

မကြာသေးမီက လူထုဆန္ဒသဘောထား ကောက်ခံခဲ့ရာမှာ မြို့တော်ဝန်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်နှစ်ဦးတို့ဟာ သိပ်အကြိတ်အနယ်ဖြစ်ပြီး သူမသာကိုယ်မသာ ဖြစ်နေတယ်။ ဒါကြောင့် အသည်းယားစရာလို့ ဆိုရမှာပါ။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးမှာ sticke one’s neck out ဖြစ်ပါတယ်။ Stick = ဒီနေရာမှာ out ဝိဘတ် preposition နဲ့တွဲပြီး stick out က အပြင်ဖက်ကို ဆန့်ထုတ်လိုက်တာကို ဆိုလိုပါတယ်။ One’s = သူတဦးဦးရဲ့၊ Neck = လည်ပင်း တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သူတဦးဦးရဲ့ လည်ပင်းကို အပြင်ဖက်ဆန့်ထုတ်ထားသည် ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတဲ့ သီအိုရီတခုကတော့ ကြက်ကိုလည်လှီးဖို့ တင်ထားရင် ကြက်ကလည်ပင်းကို ဆန့်ပေးလေ့ရှိတယ်လို့ ဆိုကြပါတယ်။ လည်ဆန့်ပေးရင် ဖြတ်ရခုတ်ရတဲ့လူဟာ မလွယ်ပေဘူးလားရှင်။ ဒါကြောင့်မို့ တခုခုလုပ်တော့မယ်ဆိုရင် ပိုပြီးလွယ်ကူစေတာကို ဆိုလိုတာဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ တနေရာရာမှာ ကိုယ်က လိုတာထက်ပိုပြီး စွန့်လုပ်မယ်ဆိုရင် ကိုယ့်ကိုပြန်ထိဖို့က လွယ်တယ်ဆိုတာ အားလုံးအသိပါ။ မြန်မာစကားအရတော့ ကိုယ်နဲ့မဆိုင်ဘဲ ဝင်ပါခဲ့ရင်တော့ အပြောခံရမယ့်သဘော ရှိပါတယ်။ အီဒီယံအသုံးကလည်း ဒီအတိုင်းပါပဲ။ ကိုယ်နဲ့မဆိုင်ဘဲ ဝင်ပါတယ်။ လျှာရှည်တယ်ဆိုရင် ကြားဝင်ပြီးလည်စင်းပေးတဲ့ သဘောပေါ့။ ဆူရင်လည်းခံမယ်၊ အရဲစွန့်ပြီးပြောမယ်ဆိုရင်လည်း ဒီအသုံးကို ပြောလို့ရပါတယ်။

ဥပမာ

I am going to stick my neck out and talk to reporters about the recent power shortage in our area.

ကျနော်တို့ ရပ်ကွက်မှာ မကြာသေးခင်က လျှပ်စစ်မီးပျက်တောက်တဲ့အကြောင်း ကျနော့်အနေနဲ့ အရဲစွန့်ပြီး သတင်းထောက်တွေကို ပြောတော့မယ်။

ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးမှာ save one’s neck ဖြစ်ပါတယ်။ Save = ကယ်တင်သည်၊ One’s = တဦးတယောက်ရဲ့၊ Neck = လည်ပင်း တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်မှာ လူတဦးတယောက်က သူ့လည်ပင်းကို သူကယ်လိုက်သည် ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းတယ်လို့ ဆိုရမှာပါ။ လူတဦးတယောက်ဟာ သူ့ရဲ့လည်ပင်းကို အန္တရာယ်မဖြစ်ရလေအောင် ကယ်တယ်ဆိုရင် အဲဒီလူဟာ သူ့အတွက်အန္တရာယ် ဖြစ်မှာကိုရှောင်တဲ့ သဘောမျိုးဖြစ်ပါတယ်။ ကျမတို့မြန်မာမှာ ကိုယ်လွတ်ရုန်းတယ့်သဘောမျိုးလို ဖြစ်ပါတယ်။ သူ့အတွက် ဘေးမကျရလေအောင် ကယ်လိုက်တဲ့သဘောမျိုး ဖြစ်ပါတယ်။ ဒီအသုံးမှာ save somebody’s neck ဆိုရင်တော့ တခြားတယောက် ဘေးအန္တရာယ်မကျရလေအောင်၊ ဒုက္ခမရောက်ရလေအောင် ကယ်လိုက်တဲ့သဘောမျိုး ဖြစ်ပါတယ်။

ဥပမာ

John saved my neck by lending me money I owed my landlady. I will have no place to stay if I have to leave my apartment.

အိမ်ရှင်ကို ပေးစရာရှိတဲ့ငွေကို John က ချေးလို့ ကျနော်ဒုက္ခမရောက်ခဲ့ဘူး။ သူကယ်ပေလို့။ သူသာမကယ်ခဲ့ရင် ကျနော်အိမ်ခန်းက ထွက်ရပြီး နေစရာမရှိ ဖြစ်သွားနိုင်တယ်။

နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ put your neck on the line ဖြစ်ပါတယ်။ Put = ထားသည်၊ Your = သင်၏၊ Neck = လည်ပင်း၊ On = အပေါ်မှာ၊ Line = မျဉ်းတကြောင်း၊ အတန်းတတန်း တို့ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်မှာ ကိုယ့်လည်ပင်းကို မျဉ်းကြောင်းပေါ်မှာ၊ တန်းပေါ်မှာ တင်ထားတဲ့သဘောမျိုး ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ ကျမတို့မြန်မာမှာ ကိုယ့်လည်ပင်းကိုယ်စင်းခံတယ့် သဘောမျိုး ဖြစ်ပါတယ်။ ကိုယ့်ဒုက္ခ ကိုယ်ရှာတာ၊ ကိုယ့်အပူ ကိုယ့်ရှာတယ်သဘောမျိုး ဖြစ်ပါတယ်။ ကိုယ့်အတွက် အန္တရာယ်ဖြစ်နိုင်တယ်။ ကိုယ်လုပ်လို့ သူများအပြောအဆိုခံရမယ်၊ အပြောခံရမယ်၊ ကိုယ့်အတွက် အနစ်နာရမယ့် လုပ်ရပ်မျိုးကို ကိုယ်က ရှည်ကဲပြီးလုပ်တဲ့သဘောမျိုး ဖြစ်ပါတယ်။ တခုခုကိုသွားပြီး အာမခံပေးတဲ့သဘောမျိုးလို့လည်း ယူဆနိုင်ပါတယ်။

ဥပမာ

I put my neck on the line and asked my boss to hire you. You are hopeless I regret recommending you.

ကျနော်က ခင်များကို အလုပ်ခန့်ဖို့ ကျနော့်အလုပ်ရှင်ကို ကြားဝင်ပြီး အာမခံပြောဆိုပေးခဲ့တယ်။ ခင်များက လုံးဝအသုံးမကျဘူး။ ကျနော် ခင်များအတွက် ထောက်ခံပြောဆိုခဲ့တာကို နောင်တရမိတယ်။

XS
SM
MD
LG