ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ မော်တော်ကားမောင်းရာမှာ အသုံးပြုတဲ့ အီဒီယံများဖြစ်တဲ့ Back-seat driver, Pedal to the metal, နဲ့ Hit the road တို့ကို တင်ပြထားပါတယ်။
(၁) Back-seat driver
Back-seat (ကားနောက်ခန်းက ထိုင်ခုံ)၊ driver (ကားမောင်းသူ) ဆိုတော့ ဒီစကားစုရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ကားနောက်ခန်းကနေ ကားမောင်းသူ ဖြစ်ပါတယ်။ ရှေ့ ကကားမောင်းသူကို မြန်မြန်မောင်း၊ နှေးနှေးမောင်း၊ ဟိုကွေ့ဒီကွေ့ စသဖြင့် ကားနောက်ခန်းကနေ ထိုင်ပြီး ပါးစပ်ကဆရာလုပ်တဲ့လူကို Back-seat driver လို့ ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ အများအားဖြင့် ခင်ပွန်းဖြစ်သူက ကားမောင်းတဲ့အခါ ဇနီးဖြစ်သူက ကားနောက်ခန်းမှာထိုင်ပြီး စိုးရိမ်လို့ ပါးစပ်ကနေတဖွဖွ ပြောလေ့ရှိတာအဖြစ်များတဲ့အတွက်ကြောင့် ကားမောင်းတုံးလင်မယားတွေ ရန်ဖြစ်လေ့ ရှိကြပါတယ်။ ကားမောင်းသူကလည်း သူကို ဆရာလုပ်ရင် မကြိုက်ဘူးပေါ့။ ဒါကြောင့် ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်က ရှေ့ကကားမောင်းနေတဲ့လူကို ကားနောက်ခန်းကနေပြီး ဆရာလုပ်၊ အမိန့်ပေးတာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
John hates to travel with his wife. He said she acts like a back-seat driver.
John က သူ့ဇနီးနဲ့ လမ်းထွက်ရတာ စိတ်ညစ်တယ်လို့ ပြောတယ်။ သူ့အပြော ကားမောင်းရင် သူ့ဇနီးက နောက်ကနေထိုင်ပြီး ဆရာလုပ်တဲ့အတွက်ဖြစ်တယ်။
(၂) Pedal to the metal
Pedal က ကားအရှိန်မြှင့် မောင်းနိုင်ဖို့ ခြေထောက်နဲ့နင်းတဲ့ “ခြေနင်း”၊ ကျမတို့မြန်မာမှာတော့ (Lever) လီဗာကို ဆိုလိုပါတယ်။ to (သို့)၊ the metal (သံသတ္တု) ဆိုတော့ ဒီစကားစုရဲ့  တိုက်ရိုက်အဓိပ္ပါယ်က လီဗာကို အောက်သံပြားအထိ ရောက်အောင်နင်းတာကို ဆိုလိုပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်က ရှင်းပါတယ်။ လီဗာကို အောက်သံပြားထိအောင် ၊ အဆုံးထိအောင်နင်းပြီးကားအရှိန်နှင့်မောင်းတာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Joe is famous among his friends for hitting the pedal to the metal. They are scared to ride with him.
Joe က ကားမောင်းရင် လီဗာကိုအဆုံးထိအောင်နင်းပြီးအရှိန်နှင့်မောင်းတယ်လို့သူငယ်ချင်းတွေကြားမှာ နံမည်ကြီးနေတယ်။ ဒါ့ကြောင့်သူ့ကားစီးရမှာကို သူတို့ကြောက်ကြတယ်။
(၃) Hit the road
Hit (ထိတာ)၊ the road (လမ်း) ဆိုတော့ လမ်းနဲ့ထိတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကလည်း ရှင်းတယ်လို့ ဆိုရမှာပါ။ ကားဘီး နှင့် ကတ္တရာလမ်း ထိတယ်ဆိုတော့ ဒီစကားစုရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခရီးစထွက်တာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
We have to hit the road early if we want to avoid the traffic.
ကျနော်တို့ ခရီးစထွက်မယ်ဆိုရင် စောစောထွက်မှ ဖြစ်မယ်။ ဒါမှလဲ လမ်းမှာ ကားတွေပိတ်တာကို ရှောင်နိုင်မှာ ဖြစ်တယ်။
ဒီသတင်းပတ် တင်ပြခဲ့တဲ့ Idiom အသုံးတွေက Back-seat driver, Pedal to the metal, နဲ့ Hit the road တို့ ဖြစ်ကြပါတယ်။