သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကမှာ အသုံးများနေတဲ့ အီဒီယံအသုံးအနှုန်းများ


President Donald Trump and Chinese President Xi Jinping, sit with their wives, first lady Melania Trump, left, and Chinese first lady Peng Liyuan, right, before a meeting at Mar-a-Lago, Thursday, April 6, 2017, in Palm Beach, Fla. (AP Photo/Alex Brandon)
President Donald Trump and Chinese President Xi Jinping, sit with their wives, first lady Melania Trump, left, and Chinese first lady Peng Liyuan, right, before a meeting at Mar-a-Lago, Thursday, April 6, 2017, in Palm Beach, Fla. (AP Photo/Alex Brandon)
တိုက်ရိုက် လင့်ခ်


ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ အသုံးများနေတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Change one’s tune, Flip flop နဲ့ Tit for tat တို့ကို တင်ပြထားပါတယ်။

(၁) Change one’s tune

Change (ပြောင်းတာ)၊ one’s (တဦးတယောက်ရဲ့)၊ tune (တေးသွား) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်ရဲ့ တေးသွားကို ပြောင်းတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က မြန်မာမှာ အနီးစပ်ဆုံး ကလေသံပြောင်းတဲ့သဘောဖြစ်ပါတယ်။ လေသံပြောင်းတယ်ဆိုကတည်းက အကြောင်းတခုခုကြောင့် ၊ ရည်ရွယ်ချက်တခုခုကြောင့်၊ ပြောတာဆိုတာ၊ ထင်တာမြင်တာ၊ ပြုမှုနေထိုင်တဲ့ ပုံစံမျိုး၊ စိတ်ပြောင်းတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို အမေရိကန်နိုင်ငံရေးလောကမှာ သတင်းမီဒီယာတွေက သမ္မတ Trump ကို ရည်စူးပြီး သုံးခဲ့ကြတာ တွေ့ရပါတယ်။ NATO ခေါ် မြောက်အတ္တလန်တိတ် မဟာမိတ်အဖွဲ့က ခေတ်ကုန်ပြီလို့ ရွေးကောက်ပွဲမတိုင်မီက သမ္မတ Trump ပြောခဲ့ပေမယ့် သူ သမ္မတ ဖြစ်လာပြီးတဲ့နောက်မှာတော့ NATO ခေတ်က မကုန်သေးဘူးလို့ ပြောင်းလဲပြီး ပြောတာမျိုး၊ တရုတ်က အမေရိကန်ရဲ့ ဈေးကွက်ကို မတရားတဲ့ ကုန်သွယ်ရေးနည်းတွေနဲ့ ယူနေတယ်လို့ တချိန်က ပြောခဲ့ပေမယ့်လို့ တရုတ်သမ္မတ ရှီကျင့်ပင် (Xi Jinping) အမေရိကန်ခရီးစဉ်အပြီး နှစ်နိုင်ငံ ဆက်ဆံရေးဟာ သိပ်ကိုအားကောင်းနေတယ်လို့ သမ္မတ Trump က ပြောတာမျိုးလို ပြောင်းလဲတဲ့ ပြောဆိုချက်တွေကို သတင်းမီဒီယာတွေက Trump Changes Tune လို့ ရည်ညွှန်းသုံးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်း ရဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Maung Maung changed his tune when he realized he was talking to the Director.

မောင်မောင်က သူနဲ့ စကားပြောနေတဲ့လူက ညွှန်ကြားရေးမှူးချုပ် ဖြစ်တယ်ဆိုတာလည်းသိရော လေသံလဲ ပြောင်းသွားတော့တာဘဲ။

(၂) Flip flop

Flip (လှန်လိုက်တာ)၊ flop (ပြန်ကျလာတာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လှန်လိုက်ပြီးတော့ ပြန်ကျတာ ဖြစ်ပါတယ်။ Flip flop ကို နောက်ပြန်ဂျွမ်းထိုးတာလို့လည်း အဓိပ္ပါယ်ယူနိုင်ပါတယ်။ ဒီအသုံးကို အမေရိကန်မှာ စတင်သုံးခဲ့တာဖြစ်ပြီး အီဒီယံအဓိပ္ပါယ်ကတော့ အမြင်ပြောင်းတာ ဖြစ်ပါတယ်။ မြန်မာအသုံးမှာတော့ ဗလောင်းဗလဲနိုင်တာ၊ အခုတမျိုး နောက်တမျိုး ဖြစ်တယ်ဆိုပြီးတော့ အနီးစပ်ဆုံးအသုံးနဲ့ တူတယ်လို့ ဆိုရမှာပါ။ စိတ်ပြောင်းလွယ်တာ၊ တခုပြောပြီး နောက်တခါကြတော့ အဲဒါမဟုတ်တော့ဘဲ နောက်ဆန့်ကျင်ဘက် ဖြစ်သွားတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုမျိုး အခြေအနေမျိုးမှာ Flip flop ကို ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးလောကမှာတော့ သမ္မတ Trump က ဒီအသုံးကို NATO ၊ တရုတ်၊ ရုရှား၊ ဆီးရီးယား စသဖြင့်နဲ့ ပတ်သက်လို့ သူ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားစဉ်ကာလကနဲ့ အခု သမ္မတ ဖြစ်လာပြီးနောက်ပိုင်းမှာ ရပ်တည်ချက်တွေဟာ ပြောင်းလဲနေတာကို တွေ့ရတဲ့အတွက်ကြောင့် သတင်းမီဒီယာတွေက President Trump flip flops ဆိုပြီး ခေါင်းကြီးတွေမှာ ထောက်ပြရေးသားကြတာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်း ရဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

We often see politicians flip flop their positions after they were elected.

နိုင်ငံရေးသမားတွေဟာ ရွေးကောက်ခံရပြီးတဲ့နောက်ပိုင်းမှာ ရပ်တည်ချက်တွေ ပြောင်းကြတာကို မကြာခဏ တွေ့ရတယ်။

(၃) Tit for tat

Tit for tat စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တဘက်နဲ့တဘက်၊ တဦးနဲ့တဦး အပြန်အလှန် ရိုက်ကြတဲ့အသံကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ ဒီ Tit for tat စကားက Dutch စကားက ဖြစ်ပြီးတော့ This for that အဓိပ္ပါယ် ရတယ်လို့ လည်း ဆိုပါတယ်။ တနည်း Blow for blow စကားလို၊ သူကလာချရင်၊ ကိုယ်ကလည်း ပြန်ချမယ်ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒါကြောင့် Tit for tat အီဒီယံအဓိပ္ပါယ်က လက်တုံ့ပြန်တာ၊ မြန်မာမှာတော့ သူက နားကိုက်၊ ကိုယ်က ပါးပြန်ကိုက်တာ၊ ဘတပြန် ကျားတပြန် အစရှိတဲ့ စကားပုံတွေနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးကို အမေရိကန် နဲ့ မြောက်ကိုရီးယားကြား ပြီးခဲ့တဲ့ သတင်းပတ်က တင်းမာမှုတွေ တိုးလာစဉ်မှာ အမေရိကန်က လေယာဉ်တင် စစ်သင်္ဘောကြီး စေလွှတ်ခဲ့တာနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားက ဒါဟာ ရန်စရာရောက်တယ်ဆိုပြီးတော့ နျူကလီးယား စမ်းသပ်ဖောက်ခွဲမယ်၊ လက်ဦးအောင် ပြန်ချမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ရာမှာ စစ်ပဲဖြစ်တော့မလားဆိုပြီး ဒေသတွင်းမှာ စိုးရိမ်စိတ်တွေ ထွက်ပေါ်လာတဲ့အတွက်ကြောင့်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ (Wang Yi) က မြောက်ကိုရီးယား နဲ့ အမေရိကန်တို့ဟာ တဘက်နဲ့တဘက် Tit for tat အပြန်အလှန် ရန်စောင်နေကြတာကို ရပ်ဖို့ပြောရာမှာ Tit for tat အီဒီယံကို သုံးခဲ့တဲ့အတွက် သတင်းမီဒီယာတွေက ဒါကို ကိုးကားဖေါ်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်း ရဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The army and the ethnic armed groups should not be engaged in tit for tat attacks.

စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေကြား သူဘက်ကလာတိုက်လို့၊ ကိုယ့်ဘက်ကပြန်တိုက်တာမဖြစ်သင့်တော့ဘူး။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ အီဒီယံအသုံးအနှုန်းတွေက Change one’s tune, Flip flop နဲ့ Tit for tat တို့ ဖြစ်ပါတယ်။

XS
SM
MD
LG