သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက် အမေရိကန်နိုင်ငံရေးလောက အီဒီယံအသုံးအနှုန်းများ (၃)


အမေရိကန်သမ္မတ Donald Trump
အမေရိကန်သမ္မတ Donald Trump
တိုက်ရိုက် လင့်ခ်


ဒီတပတ် English American Style Idioms ကဏ္ဍမှာ လက်ရှိ အမေရိကန်နိုင်ငံရေး လောကမှာ အသုံးများတဲ့ အသုံးအနှုန်းများဖြစ်တဲ့ Under fire, In hot water နဲ့ Between a rock and a hard place တို့ကို တင်ပြထားပါတယ်။

(၁) Under fire

Under (အောက်)၊ fire က သာမန်အားဖြင့် မီး လို့ အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာ သေနတ်နဲ့ ပစ်ခတ်တာကို ဆိုလိုတဲ့အတွက် စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သေနတ်ပစ်ခတ်ခံရတဲ့အောက်ကို ရောက်နေတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က လူတဦးအနေနဲ့ အပြစ်တခုခု လုပ်မိလို့ ဝိုင်းပြစ်တင်ဝေဖန်ခံရ၊ အပြောခံရ၊ သူများထောက်ပြ ပြစ်တင်ခံစရာ ဘဝမျိုးရောက်တဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။ Under fire အသုံးနဲ့ ပတ်သက်လို့ အခုတလော သတင်းတွေမှာ ရည်ညွှန်းအသုံးခံရသူကတော့ Alabama ပြည်နယ် ရီပတ်ဘလင်ကန် အထက်လွှတ်တော်အမတ်လည်းဖြစ်၊ မကြာသေးမီက နိုင်ငံတော်အစိုးရရှေ့နေချုပ်အဖြစ် အထက်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ Jeff Sessions ဖြစ်ပါတယ်။ သူ့ကို ရာထူးမှာ ခန့်အပ်ဖို့ အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးမှု အတွင်း ၊ သူက၂၀၁၆ သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလတုံးက ရုရှားနဲ့ အဆက်အသွယ်မရှိခဲ့ပါဘူးလို့ ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုံးက သူ့အနေနဲ့ ရုရှားသံအမတ်ကြီးနဲ့ နှစ်ကြိမ်တွေ့ ခဲ့တယ်လို့ နောက်ပိုင်းမှာ စုံစမ်းသိရှိရတဲ့အတွက်လည်း သတင်းမီဒီယာနဲ့ လွှတ်တော်အပြင် နိုင်ငံရေးအသိုင်းအဝိုင်းမှာ ဝိုင်းပြောခံခဲ့ရတာဖြစ်တဲ့အတွက် “Jeff Sessions is under fire.” လို့ ထောက်ပြသုံးနှုန်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်း ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Mayor has come under fire for taking bribes from business tycoons.

မြို့တော်ဝန်က စီးပွားရေးလုပ်ငန်းရှင်ကြီးတွေထံကနေ လာဘ်ငွေတွေယူတဲ့အတွက် ဝိုင်းပြစ်တင်ဝေဖန်ခံနေရတယ်။

(၂) In hot water

In (အထဲမှာ)၊ hot water (ရေနွေးပူ) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ ရေနွေးပူထဲ ရောက်နေတာ ဖြစ်ပါတယ်။ ရေနွေးပူထဲကျတယ်၊ ရောက်သွားတယ်ဆိုရင် အန္တရာယ်ကြီးလှတာ ဖြစ်တဲ့အတိုင်း သွယ်ဝိုက်အီဒီယံအဓိပ္ပါယ်က လူတွေကို ဒေါသထွက်စေတဲ့ အပြုအမှုမျိုး၊ အပြစ်တင်ခံရဖို့များတဲ့ အပြုအမှုမျိုး လုပ်ခဲ့လို့ ဒုက္ခလှလှကြီး တွေ့နေရတဲ့ အခြေအနေရောက်တာကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရှေ့နေချုပ် Jeff Sessions အနေနဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလက ရုရှားနဲ့ အဆက်အသွယ်ရှိခဲ့တာကို လွှတ်တော်မှာ ငြင်းခဲ့တဲ့အတွက် ဒီမိုကရက်ခေါင်းဆောင်တွေက သူကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုတာတွေ ရှိသလို၊ သူကိုယ်တိုင်လည်း အစိုးရရှေ့နေချုပ် ဖြစ်ပေမယ့် ဒီစုံစမ်းစစ်ဆေးမှုမှာ ပါဝင်နိုင်ခွင့် မရှိတော့ပါဘူး။ တချို့သတင်းတွေမှာဆိုရင် Jeff Sessions အနေနဲ့ ဒီတောင်ကို ကျော်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းထုတ်ခြင်းခံခဲ့ရပါတယ်။ In hot water အသုံးနဲ့ ပတ်သက်တဲ့ ဥပမာကိုလေ့လာကြည့်ရအောင်ပါ။

Joe got into hot water with his wife because he lost a lot of money in gambling.

Joe တော့သူ့ဇနီးနဲ့ ဒုက္ခလှလှကြီး တွေ့တော့တာဘဲ။ သူလောင်းကစားပစ်လို့ ငွေအတော်ရှုံးသွားခဲ့တယ်။

(၃) Between a rock and a hard place

Between (ကြားမှာ) rock (ကျောက်တုံး)၊ and (နှင့်)၊ hard (မာကျောတာ၊ ခက်တာ၊ မလွယ်တာ)၊ place (နေရာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တဘက်မှာ ကျောက်တုံးကြီး၊ ကျန်တဘက်မှာ မလွယ်တဲ့နေရာကြား ရောက်နေတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ပြဿနာနှစ်ခုကြား၊ အခက်အခဲနှစ်ခုကြား ရောက်နေတဲ့ လူတဦးအနေနဲ့ ဘယ်ဖက်ကိုပဲရွေးရွေး အခြေအနေက သူ့အတွက် မသက်သာတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးက ရှေးဂရိဒဏ္ဍာရီပုံပြင်ဖြစ်တဲ့ ကဗျာဆရာကြီး Homer ရဲ့ Odyssey ဇာတ်လမ်းကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ Odysseus အနေနဲ့ တဘက်မှာ သိပ်ကိုအန္တရာယ် ကြီးမားလှတဲ့ ရေဝဲကြီးရှိပြီး၊ ကျန်တဘက်မှရှိတဲ့ ချောက်ကမ်းပါးမှာတော့ ကြောက်မက်ဖွယ်ရာဘီးလူး ရှိတဲ့နေရာကို ဖြတ်ရမှာ ဖြစ်တဲ့အတွက် တဘက်မှာ ဝဲကြီးထဲကျသွားရင်လဲ သေမှာဖြစ်သလို၊ တဘက်ချောက်ကမ်းပါးကြီးထဲမှာ ဘီလူးကြီးနဲ့ ရင်ဆိုင်ရရင်လဲ ကိုက်စားခံရမှာမို့ နှစ်ဘက်စလုံးက မလွယ်ကြောပြနေတယ်လို့ ဆိုရမှာပါ။ အီဒီယံအဓိပ္ပါယ်ကတော့ သိပ်ကိုဘေးကျပ်နံကျပ် ဖြစ်နေတဲ့သဘောမျိုး ဖြစ်ပါတယ်။ နိုင်ငံတော်ရှေ့နေချုပ် Jeff Sessions အနေနဲ့လည်း ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားတဲ့ကာလ ရုရှားနဲ့သူ့ကြား ဆက်ဆံရေးကြောင့်ပေါ်ပေါက်လာတဲ့ ပြဿနာကို ဖြေရှင်းရာမှာ တချို့တောင်းဆိုနေသလို အလုပ်ကပဲ ထွက်ပေးရမလား၊ ဒါမှမဟုတ် စုံစမ်းစစ်ဆေးရေးခံရမလားဆိုတဲ့ ဖြေရှင်းနည်းနှစ်ခုမှာ ဘယ်ဟာကမှ သူ့အတွက် သက်သာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီနေရာမှာ သူ့အနေနဲ့ Between a rock and a hard place ရောက်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I am between a rock and a hard place. It is very hard to make up my mind.

ကျနော့်သိပ်ကိုဘေးကျပ်နံကျပ်နဲ့ရင်ဆိုင်နေရတယ်။ ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ဖို့သိပ်ကိုခက်နေတယ်။

ဒီသတင်းပတ်တင်ပြခဲ့တဲ့ အီဒီယံအသုံးတွေက Under fire, In hot water နဲ့ Between a rock and a hard place တို့ဖြစ်ကြပါတယ်။

XS
SM
MD
LG