သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်း


တိုက်ရိုက် လင့်ခ်

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Change one’s tune, Turn a blind eye, Back to square one တို့ကို တင်ပြထားပါတယ်။

(၁) Change one’s tune

Change (ပြောင်းတာ)၊ one's tune (တဦးတယောက်ရဲ့တေးသံ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦးယောက်ရဲ့ တေးသံကို ပြောင်းတာ ဖြစ်ပါတယ်။ ဆိုလက်စသီချင်းကိုမကြိုက်လို့နောက်တပုဒ်ပြောင်းဆိုသလို၊ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က လေသံပြောင်းတာ၊ စိတ်ပြောင်းတာကို ဆိုလိုတာ ဖြစ်ပါတယ်။ လူတဦးဒါမှမဟုတ် အယူအဆတခုနဲ့ ပတ်သက်လို့ အကြောင်းတခုခုကြောင့် ကိုယ့်အကျိုးကို ရှေ့ရှုပြီး၊ သဘောထားအမြင်ပြောင်းတာ၊ ပြောဆိုမှု ၊ တုံ့ပြန်မှု ပြောင်းလဲတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးကို နိုဝင်ဘာလ (၆) ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲမှာ ရီပတ်ဘလင်ကန်ပါတီက ရရှိထားတဲ့ အောက်လွှတ်တော်အမတ်အများစုနေရာကို ဒီမိုကရက်တွေကို ဆုံးရှုံးခဲ့တဲ့အတွက် သမ္မတ Trump က ရွေးကောက်ပွဲမတိုင်မီက သူ့ပါတီအတွက် မဲဆွယ်စဉ်၊ လူဝင်မှုကြီးကြပ်ရေးကိစ္စကို ခပ်ကြမ်းကြမ်း ကိုင်တွယ်ဖို့ ပြောဆိုခဲ့တာတွေ၊ အောက်လွှတ်တော်အမတ် အနည်းစုခေါင်းဆောင် Nancy Pelosi အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့မှုတွေကို ရှိခဲ့ပေမယ့်လည်း ရွေးကောက်ပွဲအပြီးမှာတော့ လေသံပြောင်းပြီး ဒီမိုကရက်တွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောခဲ့တဲ့အတွက် Washintong Post သတင်းစာကြီးက “From dire warnings to happy talk: Trump changes his tune after the midterm elections “ လေးနက်တဲ့သတိပေးချက်တွေ ပြုလုပ်ခဲ့ပြီးနောက် အခုတော့ ချော့တဲ့စကားလုံးတွေနဲ့ Trump က သက်တမ်းဝက်ရွေးကောက်ပွဲတွေအပြီးမှာ လေသံပြောင်းခဲ့တယ်ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The businessman “changed his tune” when he saw the minister walking into the room.

ဝန်ကြီးအခန်းထဲကို ဝင်လာတာကို မြင်လိုက်တော့ စီးပွားရေးလုပ်ငန်းရှင်လည်း လေသံပြောင်းသွားတယ်။

(၂) Turn a blind eye

Turn (လှည့်တာ)၊ a blind eye (ကန်းနေတဲ့မျက်စိ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကကန်းနေတဲ့ မျက်စိဘက်ကို လှည့်ထားတာ ဖြစ်ပါတယ်။ ဒီအသုံးက သမိုင်းမှာ နာမည်ကြီးတဲ့ ဗြိတိသျှရေတပ်ဗိုလ်ချုပ် Horatio Nelson ကနေဆင်းသက်လာတယ်လို့ဆိုပါတယ်။သူဟာ ရေတပ်စဝင်ခဲ့တုန်းက မျက်စိဖက်ကန်း နေခဲ့တာဖြစ်ပြီး၊ ၁၈၀၁ ခုနှစ်က Copenhagen ရေကြောင်းစစ်ပွဲမှာ ဗြိတိသျှရေတပ်ဗိုလ်ချုပ်ကြီး Sir Hyde Parker က သူ့ကို စစ်ဆက်မတိုက်ဖို့ အမိန့်ပေးခဲ့ရာမှာ ထိုစဉ်က အမိန့်ကို အလံတင်ပြီးအချက်ပြရတဲ့အတွက်ကြောင့်လည်း စစ်ကိုဆက်တိုက်ချင်တဲ့ ဗိုလ်ချုပ် Horatio Nelson က အမိန့်ကို မနာခံဘဲ၊ အလံလွှင့်တဲ့ဘက်ကို မမြင်ရအောင် သူမျက်စိကန်းနေတဲ့ဘက်ကို လှည့်ထားပြီး အလံတင်အချက်ပြတာကို သူမမြင်ရဘူး၊ ဒါကြောင့် စစ်ကိုဆက်တိုက်ခဲ့တယ်လို့ ဆင်ခြေပေးခဲ့တဲ့အတွက်ကြောင့် “Turn a blind eye” အသုံးဆင်းသက်လာတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကသိသိကြီးနဲ့ မမြင်ချင်ယောင်ဆောင်တာ ဖြစ်ပါတယ်။ တကယ်ဖြစ်နေတာကို အကြောင်းကြောင်းကြောင့် ဥပက္ခာပြုထားတာ၊ မျက်ကွယ်ပြုထားတာလည်း ဖြစ်ပါတယ်။ဒီအသုံးကို Washington Post ရဲ့ဆော်ဒီသတင်းထောက် Jamal Khashoggi ကို သူ့နိုင်ငံသားထောက်လှမ်းရေးတွေက တူရကီမှာသတ်ဖြတ်ခဲ့မှုမှာ ဆော်ဒီအိမ်ရှေ့စံမင်းသားပါဝင်ပတ်သက်တဲ့ သေအထောက်အထားအခိုင်အလုံရှိပေမယ့်လဲ၊ ဆော်ဒီအစိုးရနဲ့ မိတ်ပျက်မခံလိုဘူးလို သမ္မတ Trump က ပြောခဲ့တဲ့အတွက်ကြောင့် တူရီကီသမ္မတ Recep Tayyip Erdoğan က Trump ဟာ ဒီဖြစ်ရပ်ကို အရေးမယူဘဲ၊ မျက်ကွယ်ပြုနေတယ်လို့ ပြောခဲ့တဲ့အတွက် AFP သတင်းမှာ “Turkey says Trump turning a blind eye to Khashoggi murder" ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The authorities were blamed for “turning a blind eye” to human rights abuses.

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ကွယ်ပြုခဲ့တဲ့အတွက်ကြောင့် အာဏာပိုင်တွေက ပြစ်တင်ဝေဖန်ခြင်း ခံရတယ်။

(၃) Back to square one

Back to (ပြန်သွားတာ)၊ Square one (ပထမဦးဆုံးအကွက်) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပထမဦးဆုံးအကွက်ကို ပြန်ရောက်သွားတာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာ အယူအဆတွေ အမျိုးမျိုးရှိပေမယ့်လဲ တခုကတော့ Snake and Ladder - ဆိုတဲ့ ကစားနည်းကနေလို့ ဆိုပါတယ်။ မြွေနဲ့လှေကားတွေ လိမ်ထားတဲ့ အကွက်တွေချထားတဲ့ စက္ကူကားချပ်ပေါ်မှာ ခွက်ထဲ အန်စာတုံးထည့်လှုပ်ပြီးမှောက်လိုက်လို့ ကျတဲ့ဂဏန်းအရ အကွက်တွေကို လိုက်ရွှေ့ရတာ ဖြစ်ပါတယ်။ တခါတရံလည်း ကံမကောင်းလို့ နံပတ်တစ်ကို ပြန်ရောက်သွားပြီး ပွဲပြန်စရတဲ့အခါတွေလည်း ရှိပါတယ်။ ဒါကြောင့် Back to square one အီဒီယံအဓိပ္ပါယ်က လုပ်လက်စ မအောင်မြင်လို့ အစကနေ ပြန်စရတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ တစ်ကနေ ပြန်စရတယ် အသုံးနဲ့ တူတယ်လို့ဆိုရမှာပါ။ ဒီအသုံးကို EU ဥရောပသမဂ္ဂကနေ ဗြိတိန် နှုတ်ထွက်ဖို့ ဝန်ကြီးချုပ် Theresa May ရဲ့ Brexit သဘောတူညီမှုကို လွှတ်တော်က ဟန့်တားမယ်ဆိုရင် တစ်ကနေ ပြန်စရမယ့်အခြေဆိုက်လိမ့်မယ်လို့ ဝန်ကြီးချုပ်က သတိပေးလိုက်တဲ့အတွက် ITV သတင်းဌာနက “Theresa May: If Brexit deal blocked by Parliament , we are 'back to square one “ ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

If this proposal is rejected, we will be “back to square one.”

ဒီအဆိုပြုချက်သာ ပယ်ချခြင်းခံရရင် တစ်ကနေ ပြန်စရမယ့် အခြေဆိုက်လိမ့်မယ်။

XS
SM
MD
LG