သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၂၅)


တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Days are numbered, Give a bloody nose နဲ့ Between a rock and a hard place တို့ကို တင်ပြထားပါတယ်။

(၁) Days are numbered

Days (ရက်တွေ) ၊ are numbered (ရေတွက်လို့ရတာ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရက်တွေကို ရေတွက်လို့ရတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ကျမတို့ မြန်မာမှာ တခုခု၊ တဦးဦးနဲ့ ပတ်သက်လို့ သက်တမ်းကို လက်ချိုးရေလို့ ရနေပြီဆိုတဲ့ အသုံးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ သဘောကတော့ ကြာကြာခံမယ့် သဘောမျိုး မဟုတ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Donald Trump က သူ့ရဲ့ ပထမဦးဆုံး နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ဖိတ်ကြားခဲ့တဲ့အထူးဧည့်သည်တွေအနက် တချိန်ကမြောက်ကိုရီးယားနိုင်ငံသားဖြစ်ခဲ့သူJi Seong-ho လဲပါဝင်ခဲ့ပါတယ်။ အဲဒီလူဟာငယ်စဉ်က ဆင်းရဲလွန်းလို့ ကျောက်မီးသွေးရောင်းဖို့ လိုက်ကောက်ရင်း မီးရထားလမ်းပေါ်မှာ အိပ်ပျော်သွားလို့ ခြေနှစ်ဖက် ကြိတ်ခံရတဲ့ အဖြစ်ဆိုးကိုသမတက မီးမောင်းထိုးပြခဲ့ပြီး ၊ မြောက်ကိုးရီးယား ရဲ့ရန်ကိုသတိပေးခဲ့တာကြောင့် Fox News ရုပ်သံလွှင့်သတင်းဌာနက North Korea's days are numbered. Trump's State of the Union just made that clear ဆိုတဲ့ ခေါင်းကြီးနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ သက်တမ်းဟာ လက်ချိုးရေလို့ ရနေပြီ Trump ပြောခဲ့တဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းက ဒီအချက်ကို ရှင်းလင်းစေခဲ့တယ်လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John is worried his days are numbered at his company because it is downsizing.

John က သူလုပ်နေတဲ့ ကုမ္ပဏီမှာ သူကြာကြာခံတော့မှာ မဟုတ်ဘူးဆိုပြီး စိတ်ပူနေတယ်။ ကုမ္ပဏီက အလုပ်သမားတွေကို လျှော့နေတယ်။

(၂) Give a bloody nose

Give (ပေးတာ)၊ a bloody (သွေးပေကျံတာ၊ သွေးထွက်တာ)၊ nose (နှာခေါင်း) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နှာခေါင်းကို သွေးထွက်အောင်လုပ်တာ ဖြစ်ပါတယ်။ ထိုးကြိတ်လို့ နှာခေါင်းမှာ သွေးထွက်စေတဲ့ ဖြစ်ရပ်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ နှာခေါင်းသွေးထွက်အောင် ထိုးကြိတ်ခံရတဲ့ လူတဦးဟာ နာရီပိုင်းလောက်မှာပဲ ပြန်ကောင်းလာနိုင် အတိုင်း အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က တခုခုအပေါ်မှာ ယာယီဘဲအနိုင်ရလိုက်တဲ့ သဘောမျိုး ၊ တဦးဦးရဲ့ရန်ကို ခဏဘဲရပ်တန့်အောင်လုပ်တဲ့သဘောမျိုး ၊ အဟန့့်သဘောဘဲဆုံးမတာမျိုးဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ မထိတထိနဲ့ သွားလုပ်တာမျိုးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးကို တောင်ကိုရီးယားဆိုင်ရာ အမေရိကန်သံအမတ်ကြီးအသစ်ဖြင့် ခန့်အပ်ဖို့ အိမ်ဖြူတော်ရဲ့အမည်တင်သွင်းခြင်း ခံရသူ Victor Cha က မြောက်ကိုရီးယားက နျူကလီးယားဒုံးလက်နက်တွေ ဆောက်လုပ်နေတာကို အမေရိကန်က အပြတ်မနှိမ်နင်းဘဲ ဟန့်တဲ့သဘောနဲ့ မထိတထိလုပ်ရင် နိုင်ငံအတွက် အန္တရာယ်ကြီးလှတယ်ဆိုပြီး Washington Post သတင်းစာမှာ Victor Cha: Giving North Korea a ‘bloody nose’ carries a huge risk to Americans ခေါင်းကြီးနဲ့ သူ့အာဘော်ကိုရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဝေဖန်မှုကြောင့်လည်း အိမ်ဖြူတော်က သူ့ကို အမည်တင်သွင်းထားတာကိုလဲ ရုပ်သိမ်းလိုက်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Korean expert warned that giving North Korea a bloody nose risks hurting the US.

မြောက်ကိုရီးယားကို အဟန့်သဘောနဲ့ဆုံံးမတာမျိုးလုပ်ရင် အမေရိကန်အတွက် ဒုက္ခရောက်စေနိုင်တယ်လို့ ကိုရီးယားကျွမ်းကျင်ပညာရှင်က သတိပေးခဲ့တယ်။

(၃) Between a rock and a hard place

Between (ကြားမှာ)၊ a rock (ကျောက်တုံးတတုံး)၊ a hard place (မာကျောတဲ့နေရာ) ဖြစ်ပြီး စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တဘက်မှာ ကျောက်တုံးကြီး တဘက်မှာ မာကျောတဲ့နေရာကြားမှာ ရောက်နေတာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာနောက်ကြောင်းအမျိုးမိျုးရှိတဲ့ အနက်တခု ကတော့ ၁၉၀၀ ခုနှစ်များအစောပိုင်းမှာ အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးကပ်ဆိုက်ခဲ့စဉ်က ကျောက်မီးသွေးတွင်း လုပ်သားတွေအနေနဲ့ တဘက်မှာ လစာနည်းပြီး ပင်ပန်းတဲ့အလုပ်ကို လုပ်မလား၊ ဒါမှမဟုတ် အလုပ်ထွက်ပြီး စားစရာမရှိတဲ့ ဘဝမျိုးနဲ့ နေမလားဆိုတဲ့၊နှစ်ဘက်စလုံးအခြေမလှတဲ့ရွေးလမ်းနဲ့ ရင်ဆိုင်နေရတဲ့ဖြစ်ရပ်ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ကိုယ်ရင်ဆိုင်နေရတဲ့ အခက်အခဲက ဟိုဘက်ကိုကြည့်ရင်လည်း မသက်သာ၊ ဒီဘက်ကိုကြည့်ရင်လည်း မလွယ်တဲ့ အခြေအနေမျိုး၊ နှစ်ခုစလုံးက ပြဿနာတွေကြီးပဲဖြစ်ပြီး၊ ကိုယ့်အတွက်က ခက်ခဲစေမယ့်၊ ဆင်းရဲစေမယ့်၊ လက်ခံနိုင်စရာမရှိတဲ့ အခြေအနေမျိုး၊ ဘေးကြပ်နံကြပ် ရောက်နေတဲ့ အခြေအနေမျိုး၊ မလွယ်ကြောပြနေတဲ့ အခြေအနေမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို လက်ရှိမြောက်ကိုရီးယား နဲ့အမေရိကန်ကြားတင်းမာမှုနဲ့ပတ်သက်ပြီး၊ တောင်ကိုးရီယားသမ္မတသစ် Moon Jae-in အနေနဲ့ မဟာမိတ်အမေရိကန်နိုင်ငံနဲ့ ရန်ဘက်ဖြစ်တဲ့ မြောက်ကိုရီးယားကြား ရောက်နေတဲ့ အခြေအနေကို တင်စားပြီး Seoul မှာရှိတဲ့ တက္ကသိုလ်ပါမောက္ခတဦးက This puts Moon Jae-in between a rock and a hard place ဆိုပြီး သုံးနှုန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary was between a rock and a hard place. She had to choose to either quit her job or work night-shifts.

Mary က ဘေးကြပ်နံကြပ်နဲ့ ရင်ဆိုင်နေရတယ်။ အလုပ်ကပဲ သူထွက်မလား ဒါမှမဟုတ် ညအဆိုင်းတွေမှာပဲ ဆက်လုပ်မလားဆိုတာကို ရွေးရမှာ ဖြစ်ပါတယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက Days are numbered, Give a bloody nose နဲ့ Between a rock and a hard place တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG