သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Lip စကားလုံး အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English American Style Idioms ကဏ္ဍမှာ နှုတ်ခမ်း လို့ အဓိပ္ပါယ်ရတဲ့ (Lip) ကိုအခြေခံတဲ့အီဒီယံအသုံးတချို့ဖြစ်တဲ့ Lip service, To keep a stiff upper lip နဲ့ To be tight-lipped တို့ကို တင်ပြထားပါတယ်။

Lip စကားလုံး အီဒီယံအသုံးအနှုန်းများ
please wait

No media source currently available

0:00 0:05:42 0:00
တိုက်ရိုက် လင့်ခ်


(၁) Lip service

Lip (နှုတ်ခမ်း)၊ service (ဝန်ဆောင်လုပ်ငန်း ဒါမှမဟုတ် တဦးတယောက်အတွက် ဆောင်ရွက်ပေးခြင်း) လို့အဓိပ္ပါယ်ရ ပြီး ၊ စကားစုတခုလုံး တိုက်ရိုက်အဓိပ္ပါယ်က နှုတ်ခမ်းနဲ့ ဝန်ဆောင်မှုတခုခုကို လုပ်ပေးတာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့သွယ်ဝိုက်အဓိပ္ပါယ်ကပါးစပ်နဲ့ လောကွတ်လုပ်တာဖြစ်ပါတယ်။ လူတဦးအတွက်တခုခုလုပ်ပေးပါ့မယ်လို့ ဂတိပေးထားပေမဲ့၊ လက်တွေ့ကျတော့၊ ဘာမှလုပ်မပေးတာ၊ အပြောကြီးသက်သက်ဖြစ်ပြီး ဘာမှ အားကိုးလို့ မရတာမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးဟာ တခါတရံလည်း လူတဦးအနေနဲ့ စိတ်က တကယ်မပါဘဲ၊ လွယ်လွယ်နဲ့ ပြောလိုက်ပြီး၊ ပြောတဲ့အတိုင်း မလုပ်တာမျိုး၊ တနည်းအားဖြင့် အဲဒီလူကတော့ လေကြီးပဲလို့ ပြောတာနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဥပမာအားဖြင့် ဒီမိုကရေစီကို ထောက်ခံပါတယ်လို့နှုတ်ကတော့ ပြောနေပေမဲ့၊ တကယ် လက်တွေ့ကျတော့ ဒီမိုကရေစီနဲ့ မကိုက်ညီတာတွေကို လုပ်နေတာမျိုးဟာ တကယ်တော့ အဲဒီလူအနေနဲ့ Lip service ပဲ ပေးတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The new manager is unpopular in the office because he is always paying lip service to the employees.

ရုံးမှာ မန်နေဂျာအသစ်က ဝန်ထမ်းတွေကို အမြဲပဲ နှုတ်ကတိတွေပေးပြီး ၊ လက်တွေ့မှာတော့ အပြောကြီးသက်သက် ဖြစ်နေတာမို့ သူ့ကိုဝန်ထမ်းတွေကမကြိုက်ကြဘူး။

(၂) To keep a stiff upper lip

To keep (ထားတာ)၊ a (တခု)၊ stiff (တောင့်နေတာ၊ မလှုပ်ဘဲနေတာ)၊ upper (အပေါ်)၊ lip (နှုတ်ခမ်း) လို့အဓိပ္ပါယ်ရ ပြီး ၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အပေါ်နှုတ်ခမ်းကို မလှုပ်ဘဲ နေတာ ဖြစ်ပါတယ်။ စကားပြောဆိုတဲ့အခါ အပေါ်ရောအောက် နှုတ်ခမ်းပါလှုပ်ဖို့ လိုတာကြောင့် အပေါ်နှုတ်ခမ်းကို မလှုပ်ဘဲထားတယ်ဆိုရင် အသံမထွက်ဘဲ၊ စကားမပြောဘဲ နေတာမျိုးကို ဆိုလိုပါတယ်။ လူတဦးအနေနှင့် အပေါ်နှုတ်ခမ်း မလှုပ်ရအောင်နေတယ်ဆိုရင်၊ ကိုယ်ခံစားနေရတာကို သူများ သိမှာစိုးလို့စိတ်ကိုထိန်းပြီး ဘာမှ နှုတ်ကနေမပြောတာ၊ ဆိတ်ဆိတ်ငြိမ်နေတာကို ဆိုလိုပါတယ်။ ကိုယ့်ခံစားချက်ကို ထိန်းထားလိုတဲ့အတွက် အားတင်းပြီး၊ ပါးစပ်ပိတ်နေတာ၊ အမူအယာမပျက်နေတာ၊ ဟန်ကိုယ့်ဖို့ဆိုသလို၊ ဣန္ဒြေဆယ်ထားတာကိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Although John was upset about losing your job, he kept a stiff upper lip.

John အနေနှင့်အလုပ်ဖြုတ်ခံရလို့ စိတ်မကောင်းဖြစ်နေပေမဲ့၊ သူ့စိတ်ကိုထိန်းပြီး အမူအယာမပျက်နေခဲ့တယ်။

(၃) To be tight-lipped

To be (ဖြစ်တာ)၊ tight-lipped (နှုတ်ခမ်းကိုစေ့ထားတာ)၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကနှုတ်ခမ်းကို စေ့ထားတာဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ နှုတ်ခမ်းကိုစေ့ထားတယ်၊ ပါးစပ်ကိုပိတ်ထားတယ်ဆိုရင် အကြောင်းတခုခု နဲ့ ပတ်သက်လို့ ဘာမှထုတ်မပြောတာ၊ ထုတ်ပြောဖို့ငြင်းဆိုတာ၊ ရေငုံနှုတ်ပိတ်နေတာကိုဆိုလိုပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The military officials were tight-lipped about the security measures taken after the terrorist attack.

အကြမ်းဖက်တိုက်ခိုက်ခံရအပြီးစစ်ဘက်အရာရှိတွေက၊ လုံခြုံရေးအတွက်အရေးယူဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ရေငုံနှုတ်ပိတ်နေကြတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ နှုတ်ခမ်း (Lip) ကို အခြေခံတဲ့ idiom အသုံးတွေက Lip service, To keep a stiff upper lip နဲ့ To be tight-lipped တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG