သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump ပြောဆိုတဲ့ အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်


ဒီတပတ် English-American Style Idioms ကဏ္ဍမှာ လာမယ့် နိုဝင်ဘာ (၈) ရက် ရွေးကောက်ပွဲမှာ Republican ပါတီရဲ့သမ္မတလောင်းအဖြစ် ဝင်ရွေးခံဖို့ Donald Trump က လက်ခံခဲ့တဲ့ ပါတီညီလာခံမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သုံးနှုန်းခဲ့တဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Pull the strings, To look the other way နဲ့ To speak your mind တို့ကို တင်ပြပေးထားပါတယ်။

(၁) Pull the strings

Pull (ဆွဲတာ)၊ the strings (ကြိုးတွေ) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က ကြိုးတွကိုဆွဲတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ကျမတို့မြန်မာမှာ နောက်ကွယ်ကနေ ကြိုးကိုင်တာနဲ့တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးကို Republican သမ္မတလောင်း Trump က သူ့ယှဉ်ပြိုင်ဘက် Democratic ပါတီသမ္မတလောင်း Hillary Clinton ရဲ့ မဲဆွယ်လှုပ်ရှားမှု ရန်ပုံငွေအတွက် အလှူငွေတွေထည့်ဝင်ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ ငွေကြေးတောင့်တင်းတဲ့ မီဒီယာတွေနဲ့ အလှူရှင်သူဌေးကြီးတွေက Clinton ကို ကြိုးကိုင်ကြမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Trump ပြောခဲ့တာကိုလေ့လာကြည့်ရအောင်ပါ။

She (Clinton) is their puppet, and they pull the strings !

Clinton ဟာ သူတို့တွေရဲ့ ရုပ်သေးပါ။ နောက်ကွယ်က ကြိုးကိုင်နေတာကတော့ သူတို့တတွေပဲ ဖြစ်တယ်။

(၂) To look the other way

To look (ကြည့်တာ)၊ the other way (တခြားတဘက်) ဆိုတော့ စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တခြားတဘက်ကို ကြည့်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က ကျမတို့မြန်မာမှာ အနီးစပ်ဆုံးကတော့ မျက်နာလွှဲနေလိုက်တာ၊ တခုခုကို မမြင်ချင်ယောင်၊ မသိချင်ယောင်ဆောင်တာ၊ ဥပက္ခာပြုထားတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်လို့ Republican သမ္မတလောင်း Trump က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ အကျိုးတော်ဆောင် Lobbyists တွေ လာဘ်ထိုးမှုကြောင့် တရားဥပဒေ စိုးမိုးမှုဟာ လစ်ဟင်းမှု ရှိနေတယ်ဆိုတာကို ထောက်ပြရာမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I am not able to look the other way and I won’t look the other way.

ကျနော့်အနေနဲ့ မျက်နှာလွှဲပြီးမနေနိုင်သလို၊ ဘယ်တော့မှလဲ မျက်နှာလွှဲထားမှာမဟုတ်ဘူး။

(၃) To speak your mind

Speak (စကားပြောတာ)၊ your mind (သင့်ရဲ့စိတ်ထဲ၊ ခေါင်းထဲမှာ) ဆိုတော့ စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခေါင်းထဲမှာ ရှိတာကို ပြောလိုက်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ကျမတို့ မြန်မာမှာတော့ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောလိုက်တာ၊ ကိုယ်ပြောချင်တာကို အားမနာဘဲ ဘွင်းဘွင်းရှင်းရှင်း ပြောလိုက်တာကို ဖြစ်ပါတယ်။ သမ္မတလောင်း Trump က သူ့ကို ထောက်ခံကြတဲ့ ခရစ်ယာန် Evangelicas လူ့အဖွဲ့အစည်းကို ရည်ညွှန်းပြီး ပြောခဲ့တာကိုလေ့လာကြည့်ရအောင်ပါ။

You have so much to contribute to our politics, yet our laws prevent you from speaking your minds from your own pulpits.

ခင်ဗျားတို့အနေနဲ့ ကျနော်တို့ရဲ့ နိုင်ငံရေးအတွက်အများကြီးပံ့ပိုးခဲ့ကြတယ်။ ဒါပေမဲ့လို့ ခင်ဗျားတို့ တရားဟောစင်ကနေ ကိုယ်ယူဆတာကို ပွင့်ပွင့်လင်းလင်း ပြောခွင့်ကို နိုင်ငံရဲ့ဥပဒေက ဟန့်တားထားတာတွေ့ရတယ်။

ဒီသတင်းပတ်တင်ပြခဲ့တဲ့ အီဒီယံအသုံးအနှုန်းများမှာ Pull the strings, To look the other way နဲ့ To speak your mind တို့ဖြစ်ပါတယ်။

XS
SM
MD
LG