သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအနိုင်ရ တူရကီသမ္မတ ပိုဩဇာကြီးလာဖွယ်ရှိ


အန်ကာရာမြို့က 79 ကြိမ်မြောက် TOBB ညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ တူရကီသမ္မတ Recep Tayyip Erdogan မေ ၃၀၊ ၂၀၂၃။
အန်ကာရာမြို့က 79 ကြိမ်မြောက် TOBB ညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ တူရကီသမ္မတ Recep Tayyip Erdogan မေ ၃၀၊ ၂၀၂၃။

ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ဒုတိယအ‌ကျော့ သမ္မတရွေးကောက်ပွဲ မှာ လက်ရှိသမ္မတ ရီဂျပ်တာရစ် အာဒိုဝမ်ပဲ ထပ်အနိုင်အရသွားတဲ့အတွက် တတိယအကြိမ်မြောက် သမ္မတတာဝန် ထမ်းဆောင်ရမှာပါ။ တူရကီ စီးပွားရေးမကောင်းတဲ့အချိန်၊ အပျက်အစီးများလွန်းတဲ့ ငလျင်ကိစ္စကို ကိုင်တယ်ပုံတွေကို ဝေဖန်ခံနေရချိန်မှာ သူအခုလို ရွေးကောက်ပွဲ ထပ်နိုင်တာပါ။ Dorian Jones သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။

ရီဂျပ်တာရစ် အာဒိုဝမ်ဟာ ပြိုင်ဘက် Kemal Kilicdargolu ကို ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲ မှာ အနိုင်ရလိုက်တဲ့အပေါ် အစ္စတန်ဘူလ်မြို့က တချို့ က ကြိုဆိုကြပါတယ်။
"ဒါဟာ ပုံမှန်ရလဒ်ပဲ ဖြစ်ပါတယ်။ ကောင်းပါတယ်။ ကျနော်တို့ မျှော်လင့်နေတာလည်း အဲ့ဒါပါပဲ။ ပထမအကြိမ်မှာတည်းက ရလဒ်ကို ဆုံးဖြတ်ပြီးသားပါ။ ဒုတိယအကြိမ်မှာ ရလဒ်မထွက်ခင်ကတည်းက ကြိုသိပါတယ်။ တိုင်းပြည်အတွက်ကောင်းမှာပါ။ "
ဒါပေမဲ့ တူရကီမှာ ငွေကြေးဖောင်းဖွမှုနှုန်း အလွန်များနေပြီး ငွေကြေးကလည်း အားနည်းနေတဲ့အပြင် တခြားအချက်တွေကြောင့်လည်း ဒီအောင်မြင်မှုအပေါ် စိုးရိမ်တာတွေလည်း ရှိပါတယ်။
"စီးပွားရေး နဲ့ တခြားကိစ္စတွေမှာ ပြဿနာတွေက အကြီးကြီးပါ။ ဒီလို ကိစ္စတွေက ၂ ရက်အတွင်း ဖြေရှင်းလို့ရတဲ့ ကိစ္စ တွေမဟုတ်ပါဘူး။ လွယ်လွယ်နဲ့လည်း ရှင်းလို့မရပါဘူး။ လူတွေကလည်း ပြဿနာရဲ့ အစိတ်အပိုင်းပါပဲ။ သူတို့က ကိုယ်ကျိုးအတွက်ပဲ စဉ်းစားနေတာပါ။ "
သမ္မတ Recep Tayyip Erdogan ကိုထောက်ခံသူများ၊ မေ ၂၉ ၊ ၂၀၂၃
သမ္မတ Recep Tayyip Erdogan ကိုထောက်ခံသူများ၊ မေ ၂၉ ၊ ၂၀၂၃
အာဒိုဝမ်အတွက်တော့ ဒီနှစ်ရွေးကောက်ပွဲဟာ အခက်ခဲဆုံးဖြစ်တယ်လို့ မြင်ကြပြီး တူရကီမှာ ငွေကြေးဖောင်းဖွမှု နှုန်း ၄၀% ကျော် နဲ့ ဖေဖော်ဝါရီတုန်းက ငလျင် အပျက်အစီးအပေါ်ကိုင်တွယ်မှုတွေ ကို ဝေဖန်ခံနေရတာပါ။
ဒါပေမဲ့လည်း ငလျင်ဒဏ်ခံရတဲ့ဒေသတွေက အာဒိုဝမ်ကို အကြီးအကျယ်ထောက်ခံခဲ့ကြပြီး တချို့ ထောက်ခံသူတွေဆိုရင် ညလုံးပေါက်အောင်ပွဲခံခဲ့ကြပါတယ်။ ပြိုင်ဘက် Kilicdargoglu ရဲ့ ပိုကောင်းတဲ့ ရွေးကောက်ပွဲ ကတိတွေကို ကျော်ပြီး အောင်မြင်ခဲ့တာလို့ သုံးသပ်သူတွေက ပြောပါတယ်။
" သမ္မတ အာဒိုဝမ်ပြောခဲ့တာက အိမ်တွေကို ပြန်ဆောက်ပေးမယ်။ ပြီးရင် ရောင်းပေးမယ်။ မစ္စတာ Kilicdargolu (ကီလစ်ဒါဂလို) ပြောခဲ့တာက အိမ်တွေကို ပြန်ဆောက်ပေးပြီး အခမဲ့ပေးမယ်လို့ ပြောတာပါ။ ရလဒ်ကို ကြည့်လိုက်ရင် လူတွေက အာဒိုဝမ်ကို ပိုယုံတာတွေနိုင်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်ကို ယုံကြည်တာပါ။"
သူ့အနိုင်ရတဲ့ အချိန်မှာ အာဒိုဝမ်က သူ့ထောက်ခံသူတွေကို သီချင်းဆိုပြခဲ့ပြီး သေတဲ့အချိန်အထိ အတူရှိနေမယ်လို့ ကတိပေးခဲ့ပါတယ်။ အာဒိုဝမ်အနေနဲ့ သြဇာအာဏာ အကြီးဆုံး အနေအထားကို ရောက်နေတာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ့် သူ့ရဲ့အစီအစဉ်မှာ သမ္မတ လုပ်နိုင်တဲ့အကြိမ်အ ရေအတွက် ကန့်သတ်ထားတာကို ပယ်ဖျက်နိုင်တယ်လို့ တချို့က သုံးသပ်ပါတယ်။
"ပိုအင်အားကြီးလာပြီး နောက်ထပ်ငါးနှစ်ကတော့ သေချာသွားပါပြီ။ သူ့အနေနဲ့ ပူတင်လို့ ရှီကျင်းပင် လို သမ္မတသက်တမ်းကို ထပ်တိုးမယ်လို့ ‌ကျနော် မျှော်လင့်ထားပြီး တသက်လုံးလုပ်သွားမယ်လို့တောင် ထင်ပါတယ်။ ပါလီမန် လွှတ်တော်မှာလည်း အများစုနိုင်ထားပါတယ်။ ဒါကြောင့် သူတို့ ဖွဲ့စည်းပုံကို ပြင်ပြီး နောက်သက်တမ်း ဝင်ပြိုင်လို့ရအောင် လုပ်မယ်လို့ ထင်ပါတယ်။"
ဒါပေမဲ့လည်း အာဒိုဝမ်အနေနဲ့ စိန်ခေါ်မှုကြီးတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ငွေကြေးဖောင်းဖွမှုတွေ ဖြစ်စေပြီး ငွေတန်ဖိုးအားနည်းစေခဲ့တဲ့သူ့ရဲ့ သမားရိုးကျ မဟုတ်တဲ့ စီးပွားရေးမူဝါဒတွေကို ဆက်လုပ်ဖို့ ဆုံးဖြတ်ထားတာကြောင့် ငွေကြေးအကျပ်အတည်း ကြုံရနိုင်တယ်လို့ တချို့ လေ့လာသူတွေက သတိပေးပါတယ်။ ရုရှားသမ္မတ Vladimir Putin နဲ့ ဆက်ဆံရေး တိုးလုပ်တာဟာလည်း တူရကီ အနောက်နိုင်ငံမဟာမိတ်တွေ နဲ့ ဆက်ဆံရေး အပေါ် တင်းမာ‌မှုတွေ ဖြစ်စေပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG