သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီသီယိုးပီယား ဆန္ဒပြပွဲ နှိမ်နင်းမှု ၄၀၀ ကျော် သေဆုံး


ကျည်အစစ်တွေနဲ့ပစ်ခတ် အကြမ်းဖက်နှိမ်နှင်းခံနေရတဲ့ အီသီယိုးပီယား ဆန္ဒပြပွဲများ။
ကျည်အစစ်တွေနဲ့ပစ်ခတ် အကြမ်းဖက်နှိမ်နှင်းခံနေရတဲ့ အီသီယိုးပီယား ဆန္ဒပြပွဲများ။

အီသီယိုးပီးယားနိုင်ငံ၊ Oromia ဒေသက ဆန္ဒပြပွဲတွေကို နှိမ်နင်းဖြိုခွဲတာမှာ အီသီယိုးပီးယား လုံခြုံရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းကဆိုရင် လူပေါင်း ၄၀၀ ကျော်ကို သတ်ပစ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့ တဖွဲ့က ပြောလိုက်ပါတယ်။

Oromia က ဆန္ဒပြသူတွေကို စစ်သားတွေက ကြိုတင်သတိပေးတာမျိုး မရှိသလောက် ဒါမှမဟုတ် လူအုပ်ကိုထိန်းချုပ်ဖို့ အသက်အန္တရာယ်မရှိတဲ့ နည်းလမ်းတွေကို အသုံးမပြုသလောက်နဲ့ ကျည်ဆန်အစစ်တွေနဲ့ အကြိမ်များစွာ ပစ်ခတ်ခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ရဲ့ အစီရင်ခံစာအသစ်တခုမှာ ဖော်ပြထားပါတယ်။ အသတ်ခံရသူအများစု ဟာ အသက် ၁၈ နှစ်အောက် ကလေးတွေအပါအဝင် ကျောင်းသားတွေဖြစ်တယ်လို့လည်း အစီရင်ခံစာမှာဖော်ပြပါတယ်။

ဆန္ဒပြပွဲတွေ စဖြစ်ကတည်းကဆိုရင် ရဲတပ်ဖွဲ့ဟာ လူထောင်ပေါင်းများစွာကိုလည်း ဖမ်းဆီးခဲ့တယ်လို့ HRW ကပြောပါတယ်။ အဖမ်းခံရသူအများစုဟာ စွဲချက်တင်မခံရ၊ ရှေ့နေ ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရဘဲ ဆက်ပြီး ထိန်းသိမ်းခံထားရတယ် လို့လည်းဆိုပါတယ်။

Addis Ababa မြို့တော်ရဲ့နယ်နိမိတ်ကို ချဲ့ထွင်ရေး အစိုးရရဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီး စိုးရိမ်ကြတာကနေ ဆန္ဒပြပွဲတွေ ဖြစ်လာတာပါ။ ဒီအစီအစဉ်ကြောင့် Oromia လယ်သမားတွေ အိုးအိမ်နယ်မြေ လက်လွတ်ကုန်ကြမှာကို ဆန္ဒပြသူတွေက စိုးရိမ် တာဖြစ်ပါတယ်။

အစိုးရက ဇန်နဝါရီလမှာ အစီအစဉ်ကို ဖျက်လိုက်ပေမဲ့ Oromia ဒေသခံတဦးရဲ့ အဆိုအားဖြင့် ဆိုးရွားရက်စက် တဲ့ နှိမ်နင်းဖြိုခွဲမှုကြောင့် ဆန္ဒပြပွဲတွေ လပေါင်းများစွာ ဆက်ဖြစ်နေတာပါ။ HRW ရဲ့အစီရင်ခံစာနဲ့ပတ်သက်ပြီး အီသီယိုးပီးယား အစိုးရဘက်က တုန့်ပြန်ချက် ချက်ခြင်းထွက်မလာသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG