မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ တန်းတူညီမျှခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရလာစေဖို့အတွက်ဆိုပြီး Nationalities Alliance (Burma) တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ကို အမေရိကန်ပြည်ထောင်စုရောက် တိုင်းရင်းသားအစုဖွဲ့ ခုနစ်စုက ဝါရှင်တန်ဒီစီမြို့တော်မှာ ဇွန်လ ၁၅ ရက် စနေနေ့က စတင်ဖွဲ့စည်း လိုက်ကြပါတယ်။
မဟာမိတ်ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ အဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ရခိုင်အမျိုးသား ဦးသိန်းမောင်က အခုလို ရှင်းပြပါတယ်။
"ရည်ရွယ်ချက်ကတော့ ဒီမြန်မာနိုင်ငံထဲမှာ ရှိတဲ့ ဒီဗမာမဟုတ်တဲ့ လူမျိုးတွေရဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းမှု ရရှိနိုင်ဖို့အတွက်ပေါ့နော် ဦးတည်ပြီးတော့ ဒါဒီမိုကရေစီကျကျ ကျနော်တို့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ အသေးစိပ် plan က တော့ မချမှတ်ရသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ အချင်းချင်းကြားမှာ အချိတ်ဆက်ညီညီနဲ့ network ပုံစံမျိုးမျိုးတွေ လုပ်ပြီးတော့ ကျနော်တို့ ဟန်ချက်ညီညီနဲ့ အလုပ်ဆက်လုပ်ဖို့အတွက် သဘောတူညီထားတာတွေ ရှိပါတယ်။"
ဖွဲ့စည်းလိုက်တဲ့ အထဲမှာ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ အမေရိကန်ရောက် အဖွဲ့အစည်းတွေ ပါဝင်ပြီး လောလောဆယ် အဖွဲ့အစည်း တခုချင်းစီက ကိုယ်စားလှယ် ၁၄ ဦးနဲ့ ဒါရိုက်တာဘုတ်အဖွဲ့ကို ဖွဲ့စည်းထားပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသား အဖွဲ့အစည်းတွေစုပေါင်းပြီး အမေရိကန်ပြည်ထောင်စုမှာ အခုလို မဟာမိတ်အဖွဲ့ ဖွဲ့စည်းတာဟာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အထူးသဖြင့် ရခိုင်၊ ကချင်နဲ့ ရှမ်း ဒေသတွေမှာ စစ်ရေးပဋိပက္ခတွေ ဆက်ရှိနေပြီး စစ်ဘေး ဒုက္ခသည်တွေ နေရပ် မပြန်နိုင်သေးပဲ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် တန်းတူညီမျှခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရလာမယ်ဆိုရင် ပြဿနာတွေ ပြေလည်နိုင်လိမ့်မယ်လို့ တိုင်းရင်းသားတွေက သုံးသပ်နေကြပါတယ်။