သုံးရလွယ်ကူစေသည့် Link များ

မိုင်ဂျာယန် ညီလာခံအပေါ် ပြည်ပရောက် တိုင်းရင်းသားတွေအမြင်


မိုင်ဂျာယန် ညီလာခံ။

၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင် အစိုးရတပ်တွေအနေနဲ့ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး ကြေညာပေးဖို့ မိုင်ဂျာယန် ညီလာခံ ကနေ တောင်းဆိုသင့်ကြောင့် နိုင်ငံတကာရောက် တိုင်းရင်းသား အဖွဲ့အစည်း တချို့က တောင်းဆိုလိုက်ကြပါတယ်။ ဒီလို နှစ်ဖက် အပစ်ရပ်ထားမှသာ ယုံကြည်မှုရှိရှိနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ဦးတည်တဲ့ဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ချုပ်ဆိုခဲ့တဲ့ NCA အပစ်ရပ်စာချုပ်ဟာ အဖွဲ့ ၈ ဖွဲ့ထဲသာချုပ်ဆိုနိုင်တဲ့ စာချုပ်ဖြစ်တာကြောင့် ပြီးပြည့်စုံပြီး တတိုင်းပြည်လုံးကို လွှမ်းခြုံတဲ့ စာချုပ်မဟုတ်ဘူးလို့ IKO လို့ခေါ်တဲ့ နိုင်ငံတကာကရင်အဖွဲ့အစည်းက ဒီရက်ပိုင်းအတွင်းထုတ်ပြန်တဲ့ ကြေညာ ချက်မှာဖေါ်ပြထားတာပါ။ တိုင်းရင်းသား နယ်မြေတချို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ် မှသာ အောင်မြင်တဲ့ ဆွေးနွေးပွဲတွေ ဆက်ဖြစ်လာလိမ့် မယ်လို့ IKO အဖွဲ့ကယုံကြည်ကြောင်း IKO ရဲ့အမေရိကန်ပြည်ထောင်စု ဆိုင်ရာ ပြောခွင့်ရသူ နော်မားရာ ဒါဂေဖေါ က ပြောပါတယ်။

“ကျမတို့ IKO ရဲ့အမြင်ကတော့ ၂၁ရာစု ပင်လုံညီလာခံ မတိုင်ခင် အခုဖြစ်နေတဲ့ အပစ်အခတ်ကတော့ ရပ်စဲသင့်တယ်။ အဲဒီအတွက်ကြောင့် အခု မိုင်ဂျာယန်မှာထိုင်နေတဲ့ တိုင်းရင်းသားလူကြီးတွေကလဲ တိုင်းရင်းသားခေါင်းဆောင်တွေကလဲ သူတို့တောင်းဆိုသင့်တယ်။ အဲဒီအပစ်အခတ် မရပ်စဲဘူးဆိုရင် နောက်တဆင့်သွားဖို့လည်း သိပ်မလွယ်ဘူး။ အဲဒီ ၂၁ ရာစုပင်လုံညီလာခံ ကောင်းကောင်းမွန်မွန် ဖြစ်လာနိုင်ဖို့က အပစ်ခတ်ရပ်ပေးဖို့တော့ သူတို့တောင်းသင့်တယ်”

ဒီအချက်ကို အမေရိကန်ပြည်ထောင်စု Oregon ပြည်နယ်မှာနေထိုင်တဲ့ ချင်းတိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးထန်နန်လျန်းထန် ကလည်း သဘောတူပါတယ်။

“ကျနော်တို့ ဒီ အပစ်ရပ်မှပဲ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စလို့ရမှာဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေက ထိုးစစ်ဆင် တိုက်ခိုက်တာ မဟုတ်တော့ တပ်မတော်ဖက်က နိုင်ငံတော်ဖက်က ရပ်လိုက်လို့ရှိရင်တော့ တိုင်းရင်းသားတွေဖက်ကလည်း အလိုအလျှောက် ဟို.. ပစ်စရာအကြောင်းလဲ မရှိဘူးဆိုတော့ ရပ်သွားမယ်လို့ ကျနော်ကတော့ မြင်တယ်”

တိုင်းရင်းသားတွေဟာ အခုချိန်ထိ စစ်မှန်တဲ့ငြိမ်းချမ်းရေးမရသေးပဲ၊ တချို့ဒေသတွေမှာ စစ်ပွဲတွေကိုသာ ရင်ဆိုင်နေရဆဲဖြစ်တာကြောင့် ကချင်ပြည်နယ်မှာ အခုလုပ်နေတဲ့ လက်နက်ကိုင်တိုင်းရင်းသား မိုင်ဂျာယန်ညီလာခံကနေ ဘုံသဘောတူညီချက်တရပ်ကို ထွက်ပေါ်လာလိမ့် မယ်လို့ နော်မားရာ ဒါဂေဖေါက ပြောပါတယ်။

“တိုက်ပွဲတွေကလည်း ဖြစ်နေတုန်းပဲ၊ ဟိုဥစ္စာပေါ့ ပြည်သူလူထုတွေ အသတ်ခံနေရတာကလည်း ဖြစ်နေတုန်းပဲ။ ဆိုလိုချင်တာ အခု အပစ်အခတ် ရပ်စဲရေးက ဘယ်မှာလဲ။ ငြိမ်းချမ်းရေးက ဘယ်မှာလဲ၊ ကျမတို့တိုင်းရင်းသားအတွက် ဘာမှ.. ဘာငြိမ်းချမ်းရေးမှ မရှိဘူး။ အဲဒီ အရင်တုန်းက NCA ထိုးတဲ့ ၈ဖွဲ့နဲ့ မထိုးတဲ့ UNFC ရဲ့ ကျန်ခဲ့တဲ့အဖွဲ့တွေ ကြားမှာပေါ့နော် .. ၈ ဖွဲ့တောင်းထားတဲ့ အရာနဲ့ ကျမတို့ကျန်ခဲ့တဲ့ UNFC တွေ တောင်းထားတဲ့အရာနဲ့ မတူဘူးဆိုရင် - အစိုးရကလည်း တမျိုးပြန်ပြောဦးမယ်။ အဲဒီအတွက်ကြောင့် ၂၁ ရာစု ပင်လုံစာချုပ် အစည်းအဝေးသွားတဲ့အချိန် ၊ သူတို့ဘာတွေ တင်ရမယ် ဘာတွေပြောရမယ် အဲဒီကိစ္စကို တူတူတိုင်ပင်ပြီးမှ တသံထဲထွက်အောင် သူတို့ အဲလိုမျိုးတွေ့ကြတာကလည်း အရမ်းကောင်းတယ်”

ဒါပေမယ့် တိုင်းရင်းသားတွေဘက်ကတော့ ၂၁ ရာစုပင်လုံ ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အခုချိန်ထိ မသိရသေးဘူးလို့ ဦးထန်နန်လျန်းထန်က ထောက်ပြပါတယ်။

“၂၁ ရာစု ပင်လုံဆိုတာက ကျနော်တို့ဟို လွှတ်တော်မှာသော်လည်းကောင်း၊ ဒီ ကျနော်တို့ တိုင်းရင်းသားညီလာခံမှာသော် လည်းကောင်း၊ နိုင်ငံတော် အတိုင်းအတာနဲ့သော် လည်းကောင်း၊ ၂၁ ရာစုပင်လုံဆိုတာ ဘာကိုရည်ရွယ်တယ်ဆိုတဲ့ ဖွင့်ဆိုချက်က မရှိသေးတော့ ကျနော်တို့ ဒီတိုင်းရင်းသားတွေက ၂၁ ရာစုပင်လုံမှာ တိုင်းရင်းသားရဲ့သဘောထား အယူအဆတွေကို တင်ပြဖို့ စုစည်းတာပဲဖြစ်ပြီးတော့၊ အဲဒီ ဆွေးနွေးပွဲကျမှ NLD အစိုးရအနေနဲ့ ၂၁ ရာစုပင်လုံရဲ့ သဘောထားက ဘယ်လိုရှိပါတယ်ဆိုတာ… သူက ချပြတဲ့အပေါ်မှာ ကျနော်တို့က ဆွေးနွေးရမှာပါ”

မိုင်ဂျာယန်ညီလာခံ ဒုတိယနေ့ မနေ့တုန်းကတော့ လူမျိုးကိုအခြေခံပြီး အမျိုးသားပြည်နယ်တွေ နဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းအတွက် အခြေခံရမယ့်မူတွေကို ဆွေးနွေး သဘောတူညီခဲ့ကြပါတယ်။

XS
SM
MD
LG