သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်ဂျာယန်ညီလာခံ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံမူကြမ်း ဆွေးနွေး


မိုင်ဂျာယန်ညီလာခံ
မိုင်ဂျာယန်ညီလာခံ

လူမျိုးကိုအခြေခံပြီး အမျိုးသားပြည်နယ်တွေနဲ့ စုဖွဲ့တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံမူကြမ်းအတွက် အခြေခံမူတွေကို ဒီကနေ့မိုင်ဂျာယန် ညီလာခံမှာ ဆွေးနွေး သဘောတူညီလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက တိုင်းရင်းသား အဖွဲ့အစည်းတွေ ရေးဆွဲခဲ့ကြတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ မူကြမ်းကိုပဲ ပြန်လည်ဆွေးနွေး ခဲ့ကြတာပါ။ ဒီသတင်းအပြည့်အစုံကို မိုင်ဂျာယန်မှာသွားရောက်သတင်းယူနေတဲ့ ဗွီအိုအေ သတင်းထောက်မေခက ပေးပို့ ထားပါတယ်။

ပြည်နယ်ကိုအခြေခံတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံမူကြမ်းဟာ ၂၀၀၈ခုနှစ်က တိုင်းရင်းသားတွေဖွဲ့ထားတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးနဲ့ ညှိုနှိုင်းမှုကော်မတီ (FCDCC) က ရေးဆွဲထား တာပါ။ ဒီကနေ့ဆွေးနွေးပွဲအပြီး ဒီထဲက အခြေခံမူတွေကို သဘောတူ လိုက်တယ်လို့တိုင်းရင်းသား တွေကပြော ဆိုလိုက်တာပါ။ မူကြမ်းမှာ အခန်း ၁၄ခန်းပါဝင်ပြီး ပုဒ်မပေါင်း ၂၀၀ ကျော် ပါဝင်ပါတယ်။ ဒီမူကြမ်းကို ၂၀၁၅ ခုနှစ်က ညီညွှတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC) ပြန်လည်သုံးသပ်ပြီး ဒုတိယမူကြမ်း အနေနဲ့ ထွက်ရှိထားပါတယ်။

ဒီထဲမှာ ပြည်နယ်ကိုဖွဲ့စည်းရာမှာ လူမျိုးကိုအခြေခံဖွဲ့စည်းမယ့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံတွေပါဝင်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို အမျိုးသားပြည်နယ်များ၊ အမျိုးသားများပြည်နယ်များနဲ့ ဖက်ဒ ရယ်ပြည်ထောင်စုနယ်မြေတွေဖွဲ့ရမယ်လို့ အဲဒီမူကြမ်း ပုဒ်မ ၄၆ (ခ)မှာဖော်ပြထားပါတယ်။ ဒီအပေါ် UNFC ဒုဥက္ကဌ နိုင်ဟံသာက သတ်မှတ်လုပ်ဆောင်မှုအပိုင်းနဲ့ပက် သတ်ပြီး ခုလိုပြောပြပါတယ်။

“ကျနော်တို့ ရည်ရွယ်တာကတော့ လက်ရှိအမျိုးသားပြည်နယ် ဥပမာ ကချင်၊ ကရင်၊ ချင်းစသည်ဖြင့်ပေါ့လေ ဒါ ၇ ပြည်နယ်ရှိပြီးသား။ နောက်တချို့ တိုင်းဒေသကြီးအနေနဲ့ ဖွဲ့စည်းထားတဲ့ ပြည် တချို့ပေါ့ဗျာ။ဥပမာ- တနသာၤရီတိုင်းတို့ ဧရာဝတီတိုင်းတို့ တိုင်းဒေသကြီးတွေမှာပေါ့ဗျာ လူမျိုးပေါင်းစုံနဲ့ စုစည်းထားတဲ့အနေအထားဖြစ်တော့ လူမျိုးတမျိုးရဲ့ နာမည်ကို တပ်ရင် ကျနော်တို့မပြည့်စုံဘူး အဲလိုအနေအထားမျိုးမှာ အမျိုးသားများပြည်နယ်ဆိုပြီးတော့ ကျနော်တို နာမည် ပေးဖို့ဖြစ်တယ်။”

ဒီမူကြမ်းထဲမှာ ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တွေ အနေနဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွတ်လပ်စွာရေးဆွဲနိုင်ဖို့ ဖော်ပြထား သလို ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတွေ ကျင့်သုံးပိုင်ခွင့်ရှိဖို့ ဥပဒေတွေဖော်ပြထားပါတယ်။

ဒီလို ဥပဒေမူကြမ်းမှာဖော်ပြထားတဲ့အပေါ် တိုင်းရင်းသားအားလုံးအပြင် အစိုးရပိုင်းကပါ သဘောတူ လက်ခံနိုင်ပါ့မလား ဆိုတာလဲ မေးခွန်းထုတ်စရာတွေ ရှိပါတယ်။ ဒီအပေါ်မှာ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ခွန်မြင့်ထွန်းကတော့ ခုလိုပြောပါတယ်။

“ဒါကတော့ ကျနော်တို့ ဒီ ပြည်နယ်သစ်မှာ ပေါ်ထွန်းခွင့်ဆိုတဲ့ဟာ၊ ပြည်နယ်သစ်များ ဖွဲ့စည်းသတ်မှတ်ရေးဆိုတဲ့ဟာကတော့ ကျနော်တို့တိုင်းပြည်မှာ မလွဲမရှောင်သာ ဆွေးနွေးဖြေရှင်းကြရမှာဖြစ်ပါတယ်။ အခုကျနော်တို့ ၂၀၀၈ ခုနှစ် FCDCC က ပြုစုထားတဲ့ မူကြမ်းမှာ ပြည်နယ်သစ်များနဲ့ ပတ်သက်ရင် ဘယ်လိုအချက်အလက်တွေနဲ့ ပြည့်စုံရင်တော့ ပေါ်ထွန်းခွင့်ရှိသင့်တယ်ဆိုတာမျိုးတွေလည်း ပြဌာန်းထားတာရှိပါတယ်။ သို့သော် ဒီကိစ္စကတော့ sensitive issue ဖြစ်တဲ့အတွက် ၊ ထိလွယ်ရှလွယ် အခြေအနေမျိုးဖြစ်တဲ့အတွက်ကြောင့် မို့လို့ ပြည်နယ်သစ်များပေါ်ထွန်းခွင့်ဆိုတာကို ကျနော်တို့က ဒီကာလ၊ ဒီအခြေအနေမျိုးမှာတော့ အကျယ်ချဲ့ပြီး မဆွေးနွေးတာပဲ ဖြစ်ပါတယ်။”

ဒီကနေ့မှာ ဒီမူကြမ်းထဲမှာ ပါတဲ့ အချုပ်အခြာအာဏာ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသားလူနည်းစုအခွင့်အရေးကို ကာကွယ်ခြင်း၊ ပါတီစုံဒီမိုကရေဒီနဲ့ ဘာသာရေးကိုအခြေမခံတဲ့ နိုင်ငံစတဲ့ အချက်တွေပါတဲ့ အချက် ၈ချက်ကို သဘောတူလိုက်တာပါ။ ဒီ ၈ချက်ဟာ တိုင်းရင်းသားတွေရေးဆွဲ ထား တဲ့ ၂၀၀၈ခုနှစ်က ရေးဆွဲခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်တွေပါ။ ဒါပေမယ့် ဥပဒေမူကြမ်းတခုစလုံးကိုတော့ လက်ခံခြင်းမရှိသေးဘူးလို့ တိုင်းရင်းသားတွေကပြောပါတယ်။ ခုတိုင်းရင်းသားတွေရေးဆွဲထားတဲ့ မူကြမ်းဟာ လက်ရှိတည်ဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အခြေခံနဲ့ အနှစ်သာရအရကော အသွင်အရပါ အတော်လေး ကွာခြားမှုတွေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG