သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆီ ဖိတ်ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက် MNDAA တုံ့ပြန်


မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းဆီ ဦးတည်ကြဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပေမယ့် - လက်တွေ့မှာ တပ်မတော်ရဲ့ သဘော ဆန္ဒမပါဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေ့ဆက်လို့ မရနိုင်ဘူးလို့ မြောက်ပိုင်း မဟာမိတ်ဘက်ကရော စစ်ရေးသုံးသပ်သူတွေ ဘက်ကပါ ပြောဆို လိုက်ကြပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့က လောက်ကိုင်မြို့ကို မတ်လ ၆ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့အပြီး ထုတ်ပြန်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာ ချက်အပေါ် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

MNDAA ကိုးကန့်တပ်တွေက မတ်လ ၆ ရက် တနင်္လာနေ့ အာရုံတက်ချိန်ကစပြီး ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း လောက်ကိုင်မြို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ နှစ်ဖက် တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင် ၅ ဦးနဲ့ အရပ်သား ၆ ဦးသေဆုံးပြီး၊ ကိုးကန့်တပ်ဖွဲ့က မီးရှို့သွားတဲ့အလောင်း ၂၀ ကို သိမ်းဆည်း ရမိခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ လောက်ကိုင်တိုက်ပွဲကြောင့် ဒေသခံအများအပြား တရုတ်နယ်စပ်ကို စစ်ဘေး တိမ်းရှောင် ခဲ့ရပါတယ်။

အခုလို ဒေသခံတွေနဲ့ အပြစ်မဲ့ပြည်သူတွေ သေကြေ ဒုက္ခကြုံတွေ့ရတာကြောင့် လက်နက်ကိုင် တိုက်ခိုက်မှုတွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းဆီ ဦးတည်ကြဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က တိုက်ပွဲဖြစ်ခဲ့တဲ့နေ့ မှာပဲ ကြေညာထုတ်ပြန် တိုက်တွန်းခဲ့တာပါ။ ဒေါ်အောင်ဆန်း စုကြည်က ဒီလိုတိုက်တွန်းပေမဲ့ လက်တွေ့မှာ တပ်မတော်ရဲ့ သဘောထားက အဓိက ကျနေတယ်လို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ထဲပါတဲ့ TNLA တအာင်းပလောင်တပ် ရဲ့ပြောခွင့်ရ ဗိုလ်မှူး တာအိုက်ကျော်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလိုမျိုးပြောကြားရုံနဲ့တော့ မပြီးဘူး။ သူက တရားဝင် လမ်းကြောင်း ရှာရမယ်။ ဆိုလိုချင်တာက ဒေါ်အောင်ဆန်းစုကြည်က ဘယ်လောက် ပဲပြောပြော တပ်ရဲ့သဘောထား မပါလို့ရှိရင်တော့ သူက ဘာမှ လုပ်လို့မရဘူး အဲ့လိုမျိုး သွားတွေ့ရတယ်။ တကယ့်အစစ်အမှန် သူက ကမ်းလှမ်းတယ်ဆိုရင်တော့ ထုတ်ပြန်ချက် ထုတ်ရုံနဲ့ ဘာမှတော့ အလုပ်မဖြစ်ဘူး။ တရားဝင် နှစ်ဦးနှစ်ဘက် တွေ့ ၏ဆုံပြီးမှ ဆွေးနွေး ဖို့တော့ လိုတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အာသီသရှိပေမဲ့ တပ်မတော် ဘက်က ဘဘောမတူရင် ဘာမှဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ယူနန်ပြည်နယ် အခြေစိုက် စစ်ရေးနိုင်ငံရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက မြင်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့ သူက ဒီငြိမ်းချမ်းရေးကိစ္စကို ဘယ်လိုရအောင် ဖော်ဆောင်မလဲဆိုတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်တခု ရအောင် လုပ်ချင်တယ်ဆိုတဲ့ဟာမျိုးပေါ့။ ဒါပေမဲ့ သူ ဘယ်လိုပဲပြောပြော သူ ဖိတ်တယ်ဆိုပေမဲ့ အဓိကအခရာက စစ်တပ်လေ။ စစ်တပ်က ဘာမှ မလှုပ်မရှားသ၍ ကျန်တဲ့လူက ဘာမှလုပ်လို့ရတာ မဟုတ်ဘူး။”

မတ်လ ၆ ရက်နေ့မှာပဲ MNDAA က ကြေညာချက်ထုတ်ပြန်ရာမှာတော့ မြန်မာ့တပ်မတော်က ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး တပ်မ ၇၇၊ ၅၅နဲ့ စကခ ၁၆ တပ်တွေက ကိုးကန့်ဒေသမှာ ထိုးစစ်ဆင်လာကြောင်း၊ NCA ကိုလက်မှတ်မထိုးရင် မြောက်ပိုင်းမဟာမိတ်တပ်တွေ ၂၁ ပင်လုံ ညီလာခံကို တက်ခွင့် မရှိဘူးလို့ တပ်မတော်ပြောခွင့်ရက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း ကိုးကန့်တပ်ဖွဲ့ဘက်က တဖက်သတ် အပစ်ရပ်စဲခဲ့တာကို လျစ်လျူရှုထားကြောင်း၊ မြောက်ပိုင်းမဟာမိတ်တပ်တွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်မှုကို ဟန့်တားလိုတဲ့အတွက် တပ်မတော်က စစ်အင်အား အမြောက်အများ ဖြည့်တင်းပြီး အမြစ်ပြုတ်ချေမှုန်းရေးကို ဦးတည်လုပ်ဆောင်နေတာကြောင့် လောက်ကိုင်ကို MNDAA က ဝင်တိုက်ရတာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ မတ်လ ၆ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအပြီး လောက်ကိုင်ဒေသကို စစ်တပ်က လုံခြုံရေးတိုးမြှင့်ချထားပါတယ်။

ကိုးကန့်ဒေသအပါအဝင် လတ်တလော တအာင်းပလောင်ဒေသမှာပါ တပ်မ ၆၆ နဲ့ အရန်တပ်ရင်းတွေ တိုးချဲ့ချလာတာကြောင့် လာမယ့် ကာလအတွင်း အဲဒီဒေသမှာ တိုက်ပွဲတွေ ပိုဖြစ်လာနိုင်ချေ ရှိတယ်လို့ TNLA တပ်ပြောခွင့်ရ ဗိုလ်မှူး တာအိုက်ကျော်က ပြောပါတယ်။

“လက်ရှိ အနေအထားအရတော့ တိုက်ပွဲက ပိုပြီး ပြင်းထန်လာမယ့် အနေအထားရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ ၃၊ ၄ ရက်အတွင်းက မြန်မာ့တပ်မတော်က တပ်မ ၆၆ ထပ်မံ အင်အားဖြည့်လာတယ်။ မနေ့ကဆိုရင် စစ်ကား အစီး ၁၀၀ နီးပါးရှိတယ်။ တောက်လျှောက် မြောက်ပိုင်းကို ပြန်ပို့လာတယ်။ မနက် ကားအစီး ၉၀ လောက် ပြန်ထပ်ပြီး တက်လာတယ်တဲ့။ ဆိုလိုချင်တာကတော့ တွေ့ဆုံဆွေးနွေးမှုအတွက်ကို သူတို့က ဘာမှမပြောဘူး။ တောက်လျှောက် စစ်ရေးနဲ့ ဖြေရှင်းတဲ့လမ်းကြောင်းပဲ ရွေးတာ တွေ့ရတယ်။”

ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေအမြန်ရပ်ပြီး မကြေလည်မှုတွေကို ညှိနှိုင်းအဖြေရှာကြဖို့ တရုတ်အစိုးရက ဇန်နဝါရီလ ၇ ရက် မနေ့က တိုက်တွန်းခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာ ကုန်သွယ်ရေး ထိခိုက်လာရပြီး၊ တဖက်မှာ မြန်မာနိုင်ငံတွင်း ဖြတ်ပြီးဖောက်လုပ်ဖို့ ရှိတဲ့ ရထားလမ်း၊ ကားလမ်း စီမံကိန်းတွေ ထိခိုက်မှာကို တရုတ်အစိုးဘက်က စိုးရိမ်နေတယ်လို့ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“တရုတ်ပြည်ရဲ့ စီမံကိန်းတွေက တော်တော် ပြဿနာပေါ်နိုင်တယ်လေ။ ဘာလို့လဲဆို တရုတ်က ဟိုတလောကပဲ ပြောနေတာ။ မြန်မာပြည်ကို သူ ရထားလမ်းနှစ်ခု ဖောက်မှာကိုး။ တခုက တရုတ်ပြည်ကနေ ရွှေလီကို ဖောက်မယ်။ နောက်တခုက တရုတ်ပြည်က ချင်းရွှေဟော်ပေါ့ ကိုးကန့်ပေါ့။ အဲဒီဒေသကို ဖြတ်ပြီး ဖောက်မှာ။ အဲဒီရထားလမ်းက ကျောက်ဖြူထိသွားမယ့်လမ်း။ အကုန်လုံး စီမံကိန်းတွေ လုပ်ပြီးသား ဖြစ်တဲ့အတွက် သူ့အတွက်ကတော့ အတော် ထိခိုက်တယ်လေ။ ဒါကြောင့် မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို တိုက်တိုက်တွန်းတွန်း လိုလိုလားလားဖြစ်နေတယ်။”

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Sun Guoxiang နဲ့အဖွဲ့ နေပြည်တော်ကို လာရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် တို့နဲ့ သီးခြားစီ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်အနေနဲ့ အကူအညီပေးလိုကြောင်း ကမ်းလှမ်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG