သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်မရပ်တွေနဲ့ အစိုးရကြား မူ ၉ချက် အကောင်ထည်ဖေါ်ဖို့လို


NCA လက်မှတ်မထိုးသေးတဲ့အဖွဲ့များနဲ့ ဒေါ်အောင်ဆန်းစုကြည်
NCA လက်မှတ်မထိုးသေးတဲ့အဖွဲ့များနဲ့ ဒေါ်အောင်ဆန်းစုကြည်

NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်ရေး အပစ်မရပ်ထားတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် အဖွဲ့နဲ့ အစိုးရတို့ကြား မူအားဖြင့် သဘောတူ ညီချက်တွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့က နှစ်ဘက်ကြား ခိုင်မာတဲ့ ယုံကြည်မှု တည်ဆောက်ဖို့က အရေးကြီး ဖြစ်တယ်လို့ တိုင်းရင်းသားအရေး လှုပ်ရှားသူတွေက ပြောဆိုလိုက် ပါတယ်။ မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်ပြောင်းလဲပါမှ ဒေသတွင်းတည်ငြိမ်ပြီး စစ်ပြေး ဒုက္ခသည်တွေရဲ့ နေရပ်ရင်း ပြန်နိုင်ရေး ရေရှည်ဘဝ ရပ်တည်ရေးတွေ အကောင် အထည်ဖော်နိုင်မှာမို့ ငြိမ်းချမ်းရေး လက်တွေ့ အကောင်အထည်ဖော် နိုင်ဖို့ ဒေသခံတွေက လိုလားနေကြ တာလည်းဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန် ပြောပြပါမယ်။

တပ်မတော်နဲ့အစိုးရဘက်က အပစ်အခတ်ရပ်စဲရေး အရင်ဆုံးကြေညာပေးပါ ဆိုတဲ့ေ တာင်းဆိုချက်အပါအဝင် အချက်(၉)ချက်ကို အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်ဘက်က မူအားဖြင့် သဘောတူ ခဲ့တာဖြစ်ပါတယ်။ ဒီအချက်တွေကို အပစ်ရပ်စာချုပ် NCA ကို လက်မှတ် မထိုးသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ဘက်က တင်ပြခဲ့တာ ဖြစ် ပါတယ်။ အခုလို မူအားဖြင့် သဘောတူလိုက်တဲ့ အချက်(၉)ချက်ကို အကောင်အထည်ေ ဖာ်သွားဖို့ ဆက်လက်တွေ့ဆုံ ဆွေးနွေးကြ မှာလည်း ဖြစ်ပါတယ်။

ဒီလိုလက်တွေ့အကောင်အထည်ဖော်နိုင်ဖို့က နှစ်ဘက်ကြား ခိုင်မာတဲ့ ယုံကြည်မှု တည်ဆောက်ဖို့က အရေးကြီးဆုံးဖြစ်တယ်ဆိုတာ စစ်ပြေးဒုက္ခသည်အရေးနဲ့ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေက သုံးသပ်ပြောဆိုလိုက်ပါတယ်။ စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ ကူညီပေးနိုင်ရေး ဒေသအခြေစိုက် လူမှုအဖွဲ့အစည်း (၉)ဖွဲ့ စုစည်းထားတဲ့ ပူးပေါင်း လုပ်ငန်းစဉ်အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးဂွမ်ရှာအောင် Gum Sha Awng က ပြောပါတယ်။

“ တွေ့ဆုံဆွေးနွေးမှုအရ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်အရ အခုလို ထပ်ဆင့်ဆွေးနွေးဖြစ်တဲ့ ကိစ္စ ကိုတော့ ကျနော်တို့ အနေနဲ့ ကြိုဆိုရမယ်လို့တော့ မြင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်ပဲ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာပြီးမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဖြစ်လာ ဖို့တော့ အရေးကြီးတာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျနော်တို့ IDP နဲ့ပတ်သက်ပြီး ကျနော်တို့ လုပ်ဆောင်နေတဲ့ အဖွဲ့တွေ အနေနဲ့ကတော့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ် ဖြစ်မြော က်မှ သာလျှင် ဒီ IDPတွေကလည်း ကိုယ့်ရပ်ရွာ ပြန်နိုင်မယ့် အရေးဟာ ဖြစ်လာနိုင်မယ့် ကိစ္စရှိတော့ အခုလို ဖြစ်တဲ့ကိစ္စကတော့ ကောင်းတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ တဖက် မှာတော့ တကယ်ပဲ ဒီထက်ပိုပြီး မြင်သာတဲ့ဟာမျိုး ဖြစ်လာဖို့တော့ လိုပါတယ်။”

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ဆိုရင် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား စစ်ရေး တင်းမာမှုတွေ ဖြေလျော့နိုင်ဖို့အတွက် တိုင်းရင်းဒေသတွေမှာ ဖြစ်နေတဲ့တိုက်ပွဲတွေကို ရပ်ပစ်မှရမယ်လို့လည်း အပစ်ရပ်ထားတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကပြောပါတယ်။

“ ကျနော်တို့က ဒီအဆိုပြုချက် ၉ ချက်ကို မူအားဖြင့် သဘောတူညီ ခဲ့တယ်ဆိုပေမယ့် လည်း ဒီလက်ရှိ မြေပြင်မှာတော့ တိုက်ပွဲတွေက .. တချို့ ရှမ်းတို့ ကချင်တို့မှာ တိုက်ပွဲတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့မှ ဒါက ရှေ့ဆက်သွားဖို့အတွက် အဟန့် အတား ဖြစ်နေတယ်လေ။ ဒါတွေကို အစိုးရနဲ့ စစ်တပ်ဖက်ကလည်း ဒီထိုးစစ်တွေကို ရပ်တန့်ပေးဖို့ လိုတာပေါ့။ အဲလို ယုံကြည်မှုတွေ ရှိလာပြီဆိုမှ ကျနော်တို့ရှေ့ဆက် သွားဖို့ အချိန်ကတော့ နီးကပ်လာပြီလို့ ဆိုလို့ ရတာပေါ့နော်။ အခု လောလောဆယ်ကတော့ အဲဒီမှာက ထိုးစစ်တွေက ရှိနေသေးတော့ လက်မှတ်ထိုးရေး မထိုးရေး ဆိုတာ တော်တော်လေး အဟန့် အတားလို ဖြစ်နေတာပေါ့။”

အထူးသဖြင့်ကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသတွေဘက်မှာ စစ်ရေးတင်း မာနေတာ ဖြစ်ပါတယ်။ စစ်ဘေးကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ စစ်ပြေး ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေးကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင်ပြေေ ချာမွေ့အောင် မြင်မှဖြစ်မှာမို့ ဒုက္ခသည်တွေ ဘက်ကလည်း ငြိမ်းချမ်းရေး အဆင်ပြေစေ လိုတဲ့ ဆန္ဒရှိနေကြပါတယ်။ ဒါကြောင့်မို့ စစ်ရေး တင်းမာမှုတွေ အရှိန်လျော့ချစေ ချင်တယ်လို့ ရှမ်းလူငယ် ကွန်ရက်ပြောခွင့်ရ စိုင်းနော်စိုင်းက ပြောပါတယ်။

“ ဒီကိစ္စတွေမှာ အဓိကတော့ အမြန်ဆုံး အကောင်ထည်ဖေါ်မှပဲ ယုံကြည်မှုက ပိုပြီး ရှိလာမှာပေါ့ဗျာ။ အခုအနေထားက ငြိမ်းချမ်းရေး လက်မှတ်ထိုးတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ တဖွဲ့ပြီးတဖွဲ့ တကြိမ်ပြီးတကြိမ် အစိုးရလက်ထက် တခုပြီးတခု အပြောင်းမှာလည်း ငြိမ်းချမ်းရေး လက်မှတ်ထိုးတာတွေက များလည်းများပြီ၊ ဆိုတော့ အချင်းချင်း ယုံကြည်မှု မရှိတဲ့အခါကျတော့ ဒီ ငြိမ်းချမ်းရေးက ထင်တိုင်း မပေါက်တာလို့ ကျနော်တို့ မြင်ပါတယ် ”

တိုင်းရင်းဒေသတွေမှာ နှစ်ဘက်ထိုးစစ်ဆင် ပစ်ခိုက်တိုက်ခိုက်မှုတွေကို အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ကိုလည်း စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ ကူညီပေးနေတဲ့ ဦးဂွမ်ရှာအောင် Gum Sha Awng ကလည်း တိုက်တွန်းပါတယ်။

“ ကျနော်တို့ စစ်ဘေးဒုက္ခသည်တွေရဲ့ အနေအထားအရ ပြောမယ်ဆိုရင် ဒီယုံကြည်မှု ကိစ္စက ကျနော်တို့မြင်တာကတော့ ဒီပစ်ခတ် တိုက်ခိုက်တဲ့ကိစ္စ ၊ ထိုးစစ်ဆင်တဲ့ ကိစ္စတွေနဲ့ တိုက်ရိုက်ဆိုင်မယ်လို့ မြင်ပါတယ်။ ထိုးစစ်တွေကို တကယ်ပဲ ရပ်ပေးနိုင်မယ် ဆိုရင် ဒါဟာ ယုံကြည်မှု တည်ဆောက်တဲ့ထဲမှာ တော်တော်လေး ကြီးမားတဲ့ ခြေလှမ်းဖြစ် မယ်လို့ ကျနော်တို့မြင်တယ်။ ဒီဟာတွေ ဆက်ဖြစ်နေမယ် ဆိုရင်တော့ ပြည်သူ လူထုတွေ အတွက်လည်း ဒီပေါ်မှာ တော်တော်လေး ယုံကြည်ရ ခက်တာပေါ့နော်။”

အပစ်မရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က တင်ပြလာပြီး အစိုးရ ဘက်က မူအားဖြင့် သဘောတူလိုက်တဲ့ အချက်(၉) ချက် ကတော့ အစိုးရနဲ့ တပ်မတော် က တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို စတင်ကြေညာဖို့၊ ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးဖို့နဲ့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်၊ အပစ်ရပ်စောင့်ကြည့်ရေး လုပ်ငန်း လမ်းညွှန်နဲ့ တပ်နေရာချထားရေး ကြိုတင် သဘောတူဖို့နဲ့ အပစ်အခတ်ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး ကော်မတီမှာ နိုင်ငံတကာ ကိုယ်စားလှယ်တွေ ပါဝင်ဖို့ စတာတွေ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG