ဥရောပသမဂ္ဂEU က ရခိုင်ပြည်နယ်ကနေ လူအစုအပြုံလိုက်တိမ်းရှောင်သွားနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အရာရှိ ၇ ဦးကို အရေးယူဒဏ်ခတ်ဖို့ ပြင်ဆင်နေတာဟာ ထိရောက်မှုမရှိကြောင်း မြန်မာ့နိုင်ငံရေးသုံးသပ်သူတွေက ဝေဖန်ကြပါတယ်။ တချိန်တည်းမှာတော့ ဒီလို ဒဏ်ခတ်အရေးယူတာတွေဟာ မြန်မာပြည်ရဲ့ ပုံရိပ်ကို ထိခိုက်စေပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အနှောင့်အယှက်ရှိနိုင်ကြောင်း သုံးသပ်ကြပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ပြီးခဲ့တနှစ်သြဂုတ်လက စတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို လူ ၇သိန်းလောက် ထွက်ပြေးသွားတာဟာ မြန်မာအစိုးရလုံခြုံရေးတပ်ဖွဲ့တွေက လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့်လို့ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာက ဝေဖန်နေသလို ဥရောပသမဂ္ဂEU ကလည်း မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အရာရှိတွေကို အရေးယူဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။
ဒီလို ပြစ်ဒဏ်ခတ် အရေးယူတာဟာ ထိရောက်မှုမရှိနိုင်ကြောင်း မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့် က ပြောပါတယ်။
“ ထွေထွေထူးထူးသက်ရောက်မှုတွေတော့ ရှိလာမှာတော့ မဟုတ်ဘူး။ ဒါက ပုံသဏ္ဍန်သဘောအရပဲ ရှိနေအုံးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဆီမှာ အဲလိုမျိုး ပိတ်ဆို့မှုတွေက နှစ်တွေအကြာကြီးမှာ အကျိုးဆက်ကောင်းတွေ မဖြစ်ခဲ့ဘူးလေ။ ကျနော်တို့ဆီမှာ နှစ် ၂၀ကျော် ၃၀လောက် ဒီပြဿနာတွေ ကြုံခဲ့ပြီးပြီပဲ။”
ဒီလို အရေးယူမှုတွေ မြန်မာနိုင်ငံရဲ့ ပုံရိပ်နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအပေါ်ကိုပါ ထိခိုက်နိုင်တယ်လို့လည်း ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။
“ အဓိကကတော့ ပုံရိပ်သွားထိခိုက်တာပေါ့။ ပုံရိပ်ထိခိုက်ပြီဆိုရင် စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုတွေကိုလည်း သွားထိခိုက်မယ်။ ထိခိုက်ပြီဆိုရင် အဲဒါက ဒီမိုကရေစီလမ်းကြောင်းကို သွားတဲ့ဆီမှာပါ သွားပြီး ထိခိုက်လိမ့်မယ်။ ဆိုတော့ သူတို့တွေက တဘက်ကလည်းမှန်တာပေါ့ ဒီလောက်တောင်မှ လူတွေအများကြီးထွက်ပြေးလောက်အောင်ဖြစ်တဲ့ကိစ္စ၊ အိမ်ရာတွေ မီးရှို့ခံရတဲ့ကိစ္စ ဒါတွေကတော့ ဘာပဲ ပြောပြော အရေးယူကိုင်တွယ်သင့်တဲ့ဟာပါ။ ဒါပေမဲ့ ဘယ်လို အရေးယူကိုင်တွယ်မလဲဆိုတဲ့ဟာမှာ အငြင်းပွားစရာတွေက အများကြီး။ ဘယ်လိုပဲ ဆုံးဖြတ်ချက်ချချပေါ့နော်။ ဒီမိုကရေစီအရေးကို ထိခိုက်စေလောက်တဲ့ ဆုံးဖြတ်ချက်မျိုးအရေးယူမှုမျိုးတော့ မလုပ်စေချင်ဘူးပေါ့။ ကျနော်ကတော့ အဲလို ဖြစ်စေချင်တာပေါ့။ ”
မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့က လူထုဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်းကလည်း EU က ချမှတ်မယ့် အရေးယူမှုအပေါ် အခုလို သုံးသပ်ပါတယ်။
“ ကျနော်မြင်တာတော့ ဒီလိုဗျ။ တချို့ဟာတွေက symbolic ခေါ်တာပေါ့။ သင်္ကေတဆန်တာပေါ့ဗျာ။ ဒီအရေးယူတဲ့ ကိစ္စမှာ သူတို့ဘက်က တချို့ လူ့အခွင့်အရေးချိုးဖောက်မှုလို ကိစ္စမျိုးကို သည်းညည်းမခံဘူးဆိုတဲ့ သဘောမျိုးပြတာပေါ့နော်။ အဲတော့ အဲလိုမျိုးမှာ မြန်မာအစိုးရဘက်ကိုလည်း သူတို့က စုံစမ်းဖော်ထုတ်ဖို့ တိုက်တွန်းတာတွေရှိတယ်။ မြန်မာအစိုးရဘက်ကလည်း တပ်မတော်ဘက်ကပေါ့ အထူးသဖြင့် အရေးယူတဲ့ ကိစ္စတွေလည်း တွေ့ပါတယ်။ ဒါပေမဲ့လည်း ဒီလူတွေဟာ ရခိုင်ကိစ္စကြောင့် အရေးယူတာလား အခြားကိစ္စကြောင့် အရေးယူတာလားဆိုတာတော့ တိတိလင်းလင်းထုတ်ဖော်ပြောတာတော့ မတွေ့ရဘူးပေါ့နော်။ ဒီဘက်ပိုင်းမှာလည်း ကျနော်ထင်တာ အရေးယူတာတော့ ရှိတယ်လို့ ထင်ပါတယ်။ ”
နိုင်ငံတကာက အရေးယူလာတဲ့အပေါ်မှာတော့ မြန်မာအစိုးရအနေနဲ့ အလေးထားသင့်ကြောင်းလည်း ဆက်ပြောပါတယ်။
“ ယေဘူယျသုံးသပ်ရင် အလားအလာက မကောင်းဘူးလို့ သုံးသပ်နိုင်တာပေါ့။ ကျနော်တို့ ဒီမိုကရေစီကူးပြောင်းတဲ့ နိုင်ငံတခုက သံတမန်ရေးမှာ normalization ခေါ်တာပေါ့။ အရင်တုံးက ပုံမှန်ဆက်ဆံရေး မဖြစ်ခဲ့တဲ့နိုင်ငံတွေကို ပုံမှန်ဆက်ဆံရေးပြန်ထူထောင်ဖို့ လိုတာပေါ့နော်။ အဲလိုမျိုးကြိုးပမ်းရင်းကာလမှာမှ ပြန်ပြီးတော့ တင်းမာမှုတွေ ထပ်ဖြစ်ရတယ်။ ဒဏ်ခတ်မှုတွေ ထပ်ဖြစ်ရတယ်ဆို အလားအလာမကောင်းဘူးပေ့ါဗျာနော်။ ဘာပဲဖြစ်ဖြစ် ဒီလိုဒေသကြီးတွေအလိုက် အုပ်စုအလိုက်တွေမှာ ကျနော်တို့ ဒီထက်ပိုပြီးတော့ တော့ အာရုံထားသင့်တယ်ထင်ပါတယ်။”
လက်ရှိ အရေးယူမယ့် အရာရှိကြီးတွေရဲ့ စာရင်းကို တနင်္လာနေ့မှာ ထုတ်ပြန်ဖို့ ရှိပြီး ဒီအရေးယူမှုတွေမှာဥရောပနိုင်ငံတွေကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ ဥရောပနိုင်ငံတွေမှာရှိနေတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ စတဲ့ အချက်တွေ ပါဝင်မှာဖြစ်ပါတယ်။
EU က ဒီလို အရေးယူဖို့ ဆောင်ရွက်နေချိန်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။