သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် EU ချမှတ်


အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini
အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini

ဥရောပကောင်စီက တနင်္လာနေ့မှာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အရေးပါတဲ့ အခြေခံ ဆုံးဖြတ်ချက်တခုဖြစ်ကြောင်း အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini က ပြောကြား လိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်း လုံခြုံရေး တပ်အင်အား အလွန်အကျွံသုံးစွဲမှုကြောင့် ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံတွေက မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် အကြီးတန်း တာဝန်ရှိသူတွေကို ဖိတ်ကြားမှု ဆိုင်းငံ့ထားမှာ ဖြစ်သလို လက်ရှိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ပြန်လည် သုံးသပ်မယ်လို့ ဥရောပ ကောင်စီက ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်တပ်အကြီးတန်း အရာရှိတွေအပေါ် ပစ်ထား ပိတ်ဆို့ အရေးယူမှုတွေကို အောက်တိုဘာလ ၁၆ ရက်နေ့က Luxemburg မှာ ပြုလုပ်တဲ့ အီးယူ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲကနေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂဟာ ကမ္ဘာ့တဝှမ်း လူ့အခွင့်အရေးကို ဦးစားပေးတဲ့ နိုင်ငံခြားရေး မူဝါဒကို ချမှတ် ဆောင်ရွက်နေဆဲဖြစ်တဲ့ အဖွဲ့အစည်း တခုဖြစ်ကြောင်း အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini က တနင်္လာနေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ချခဲ့တဲ့အကြောင်းကိုလည်း အခုလို ဆက်လက် ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကျမတို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ အားလုံးလဲ တွေ့ကြပြီး ဖြစ်မှာပါ။ အဲဒီ ဆုံးဖြတ်ချက်ဟာ ရှေ့လုပ်ငန်းစဉ်တွေအတွက် အရေးပါတဲ့ အခြေခံ ဆုံးဖြတ်ချက်တခု ဖြစ်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလကုန်မှာ ASEM - အာရှ ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲ မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရှိနေတာကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဝန်ကြီးတွေ အနေနဲ့ ဆွေးနွေးဖို့ အခွင့်အလန်းတခုဖြစ်ပါမယ်။”

အာရှ ဥရောပ နိုင်ငံခြားရေးဝန်ကြီးအဆင့် စည်းဝေးပွဲကို အခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံ၊ နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက်လည်း Ms. Mogherini က သတင်းစာရှင်းလင်းပွဲ အတွင်း ထပ်လောင်း တောင်းဆိုခဲ့ပါတယ်။

“အကြမ်းဖက်မှုတွေ ချက်ခြင်း အဆုံးသတ်ရေးအတွက် ကျမတို့ တောင်းဆိုပါတယ်။ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အချိန်မဆိုင်းဘဲ ချက်ခြင်း လုပ်ဆောင်ခွင့်ပြုဖို့ မြန်မာအစိုးရကို တောင်းဆိုပါတယ်။ နောက်ပြီးတော့ ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွက်လည်း ကူညီ လုပ်ဆောင်ပေးဖို့ တောင်းဆိုပါတယ်။”

ဥရောပကောင်စီက အချက် (၈) ချက်ပါ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာမှာ - ရခိုင်ပြည်နယ်တွင်း လုံခြုံရေး တပ်အင်အား အလွန်အကျွံသုံးစွဲမှုကြောင့် ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံတွေက မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် အကြီးတန်း တာဝန်ရှိသူတွေကို ဖိတ်ကြားမှု ဆိုင်းငံ့ထားမှာ ဖြစ်သလို လက်ရှိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ပြန်လည် သုံးသပ်မယ့်အကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။

လက်ရှိ ကျင့်သုံးနေတဲ့ လက်နက်နဲ့ စစ်သုံးပစ္စည်း ရောင်းချမှု တားမြစ်မှုကိုလည်း ဆက်လက်ထားရှိဖို့ ဥရောပ သမဂ္ဂက အတည်ပြုလိုက်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက လူသားချင်း စာနာမှုနဲ့ လူ့အခွင့်အရေး ဆိုင်ရာ အခြေအနေတွေဟာ အလွန် စိုးရိမ်ဖွယ်ရာ ကောင်းကြောင်း၊ အိမ်တွေကို မီးရှို့မှုတွေနဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြေမြုပ်မှိုင်းထောင်တာတွေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ဆက်လက် ဖြစ်ပေါ်နေတယ်ဆိုတဲ့ စိုးရိမ်ဖွယ်ကောင်းတဲ့ သတင်းတွေ ဆက်လက် ထွက်ပေါ်နေကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာတွေအများစု ပါဝင်တဲ့လူပေါင်း ၅ သိန်းနီးပါး ထွက်ပြေးရကြောင်း၊ လူအများအပြား အချိန်တိုတိုအတွင်း ထွက်ပြေးကြရတဲ့ ဖြစ်ရပ်ဟာ လူနည်းစုတွေအပေါ် ပစ်မှတ်ထား လုပ်ဆောင်တဲ့ သင်္ကေတဖြစ်ကြောင်း၊ ဒါကြောင့် ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် အရေးတကြီး ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း စာနာမှု အကူအညီပေးရေးနဲ့ သတင်းမီဒီယာတွေ သွားရောက် သတင်းယူခွင့်ကို ကန့်သတ် ထိန်းချုပ်ထားကြောင်း၊ ဒါကြောင့် လိုအပ်ချက်တွေကို သိရှိနိုင်ဖို့နဲ့ အကူအညီပေးနိုင်ရေးတို့အတွက် အပြည့်အ၀ လုပ်ဆောင်နိုင်ခြင်း မရှိကြောင်းလည်း ဥရောပကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှု အားလုံးကို ဘက်ပေါင်းစုံက ချက်ချင်းရပ်ဖို့လည်း ဥရောပ ကောင်စီက တောင်းဆိုသလို မြန်မာ စစ်တပ် အနေနဲ့ စစ်ဆင်ရေးတွေကို ရပ်ဖို့၊ အရပ်သားတွေကို ခွဲခြားဆက်ဆံမှု မရှိဘဲ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ ပြဌာန်းချက်တွေနဲ့ အညီ အသေအချာ ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

အခြေအနေတွေ တိုးတက်မှု မရှိရင် ဥရောပ ကောင်စီဘက်က နောက်ထပ် အရေးယူမှုတွေ ဆက်ပြီး လုပ်သွားဖို့ ရှိသလို အခြေအနေတွေ တိုးတက်လာခဲ့ရင်လည်း တုံ့ပြန်ဖို့ အဆင်သင့်ရှိနေပါတယ်လို့ ဥရောပ ကောင်စီ ကြေညာချက်က ပြောပါတယ်။

အီးယူအနေနဲ့ မြန်မာစစ်တပ် ထိပ်တန်းအရာရှိတွေအပေါ် ပစ်မှတ်ထား ရေးယူမှုတွေလုပ်ဆောင်တာနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် တောင်းဆိုနေတဲ့ တချိန်ထဲမှာဘဲ ဒုက္ခရောက်သူတွေအတွက် အကူအညီတွေလည်း ပေးနေတယ်ဆိုတာကို Ms. Mogherini က သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ကျမတို့ အီးယူ ဥရောပသမဂ္ဂအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို တိုးမြင့် လုပ်ဆောင်ပေးနေပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက အကူအညီပေးရေး လုပ်ငန်းတွေမှာ ပါဝင် ကူညီဖို့အတွက်လည်း ကျမတို့ဘက်က အဆင်သင့် ရှိနေပါတယ်။”

ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးတဲ့ အရေးကြီးကိစ္စ အပါအဝင် ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အဝနဲ့ အလျင်အမြန် အကောင်အထည် ဖော်နိုင်ရေးအတွက် အဆင်သင့်ရှိကြောင်း၊ အထူးသဖြင့် မြန်မာအစိုးရကို အီးယူက ပံ့ပိုးဖို့ အဆင်သင့် ရှိတဲ့အကြောင်း၊ အကြံပေးချက်တွေကို အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရက ဖွဲ့စည်းတဲ့ ဝန်ကြီးအဆင့် ကော်မီတီကိုလည်း အီးယူက ကြိုဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG