သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်စွာ မဲပေးခွင့်ရှိမရှိ EU လေ့လာမည်


NLD ပါတီက ရွေးကောက်ပွဲမဲပေးနည်းလေ့ကျင့်ပေးစဉ်။
NLD ပါတီက ရွေးကောက်ပွဲမဲပေးနည်းလေ့ကျင့်ပေးစဉ်။

နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲဟာ ပွင့်ပွင့်လင်းလင်းနဲ့ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရှိမရှိ တနိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံငုံပြီး သိနိုင်အောင် ကြိုးစားဆောင်ရွက်သွားမယ်လို့ ဥရောပသမဂ္ဂစောင့်ကြည့်လေ့လာရေးအဖွဲ့ (EU EOM) ကပြောကြားလိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ဖိတ်ကြားချက်နဲ့ လာရောက်လေ့လာတဲ့ EU EOM အနေနဲ့ ဘက်မလိုက်ဘဲ နိုင်ငံတကာ နည်း စနစ်တွေနဲ့အညီ ရွေးကောက်ပွဲကို ဘက်ပေါင်းစုံကနေ လေ့လာသုံးသပ်မှာဖြစ်တယ်လို့လည်း EU EOM ရဲ့အကြီးအကဲတဦးက ပြောပါတယ်။ Reuters သတင်းကိုအခြေခံပြီး မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ EU EOM ရဲ့ ကာလရှည်လေ့လာသူတွေအဖြစ် အဖွဲ့ဝင် (၃၀) ဦးကိုနိုင်ငံအန့ှံ စတင်စေလွှတ်လိုက်တဲ့အကြောင်း ဥရောပသမဂ္ဂစောင့်ကြည့်လေ့လာရေးအဖွဲ့ ဒုတိယခေါင်းဆောင် Mark Stevens က ရန်ကုန်မြို့မှာ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒီအဖွဲ့မတိုင်ခင် EU EOM ရဲ့ ပထမဦးဆုံးလေ့လာရေးအဖွဲ့ဟာ စက်တင်ဘာလ (၂၆) ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလေ့လာခဲ့ကြတာပါ။ အခု တခေါက်မှာတော့ တိုင်းနဲ့ပြည်နယ် (၁၄) ခုလုံးမှာ EU EOM အဖွဲ့ဝင်တွေအနေနဲ့ သီတင်းငါးပတ်ကနေ ခြောက်ပတ်အထိ လေ့လာ စောင့်ကြည့်သွားမှာ ဖြစ်ပြီး ရွေးကောက်ပွဲကာလမှာ နိုင်ငံအတွင်း ဒေသအားလုံးအရေးပါတယ်လို့Mark Stevens ကပြောပါတယ်။

“နေရာတိုင်းဟာ အရေးကြီးပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်နေ့မှာ မြန်မာပြည်သူတွေအနေနဲ့ မဲပေးခွင့် အခွင့်အရေးအပြင် လွတ်လပ်စွာ မဲပေးပိုင်ခွင့်နဲ့ လျှို့ဝှက်စွာမဲပေးခွင့်ရဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေဟာ တိုင်းနဲ့ပြည်နယ်ဒေသအားလုံးမှာ မဲဆွယ်စည်းရုံးရေး ဆင်းကြမှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ မဲဆန္ဒနယ်မြေတနေရာထဲအတွက် ထူးထူးကဲကဲစောင့်ကြည့်တာမျိုးမဟုတ်ဘဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံငုံပြီးသိနိုင်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

ကာလရှည်စောင့်ကြည့်လေလာမယ့်အဖွဲ့ဝင်တွေအနေနဲ့ ဘာတွေဆောင်ရွက်မလဲဆိုတာကိုလည်း Mark Stevens က အခုလိုပြောပါတယ်။

“ကာလရှည်လေ့လာသူတွေဟာ ရွေးကောက်ပွဲကော်မရှင်တွေရဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုတွေ၊ မဲရုံဝန်ထမ်းတွေကို လေ့ကျင့်သင်တန်း ပေးမှုတွေ ကို လေ့လာကြည့်ရှုမှာဖြစ်သလို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကို စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ နိုင်ငံရေးပါတီတွေကို တွေ့ဆုံပြီး မဲဆွယ်စည်းရုံးရေးအခြေအနေတွေကို မေးမြန်းကြမှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ လွတ်လပ်စွာ စည်းရုံးပြောဆိုလှုပ်ရှားခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တွေရမရကိုလည်း စောင့်ကြည့်လေ့လာမှာဖြစ်ပါတယ်။”

ရွေးကောက်ပွဲကျင်းပခါနီး ရက်ပိုင်းအလိုမှာ နောက်ထပ် ကာလတိုလေ့လာရေးသမား (၆၂) ဦးနဲ့အတူ ဥရောပပါလီမန်က ကိုယ်စားလှယ်အဖွဲ့ကနေ ဥရောပသမဂ္ဂစောင့်ကြည့်လေ့လာရေးအဖွဲ့မှာ ပူးပေါင်းအားဖြည့်သွားမှာဖြစ်တယ်လို့လည်း မနေ့ကထုတ်ပြန်တဲ့ သတင်းကြေညာချက်မှာ ဖေါ်ပြထား ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာတော့ နော်ဝေ၊ ဆွစ်ဇာလန်နဲ့ ကနေဒါအပါအဝင် နိုင်ငံပေါင်း (၂၈) နိုင်ငံက နောက်ထပ် လေ့လာသူပေါင်း (၁၅ဝ) အထိ နိုင်ငံအနံှ့အပြား စေလွှတ်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက အခုလို နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို အရင်နအဖစစ်အစိုးရက ခွင့်မပြုခဲ့သလို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက အရှေ့တောင်အာရှနိုင်ငံတွေက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကိုပဲ သမ္မတဦးသိန်းစိန်အစိုးရက ဖိတ်ခေါ်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG