သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပမှာ စံချိန်တင်အပူလှိုင်းကြောင့် လူအသေအပျောက် ရှိ


စပိန်နိုင်ငံရဲ့ နွေရာသီ (ဇွန်၊ ၂၈၊ ၂၀၁၉)
စပိန်နိုင်ငံရဲ့ နွေရာသီ (ဇွန်၊ ၂၈၊ ၂၀၁၉)

ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အီတလီ၊ Austria စတဲ့နိုင်ငံတွေ အပါအဝင် အနောက်ဥရောပတလွှားမှာ အပူလှိုင်းဒဏ်ကို ခံစားနေကြရပါတယ်။ အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားရတဲ့ ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ ဒီနေ့သောကြာနေ့မှာ အပူချိန်ဟာ ၄၄.၃ ဒီကရီ Celsius အထိ စံချိန်တင်အောင် မြင့်တက်နေပါတယ်။

၂၀၀၃ ခုနှစ်မှာ အပူဆုံးအဖြစ် စံချိန်တင်ထားတဲ့ အပူချိန် ၄၄.၁ ဒီကရီ Celsius ကိုကျော်သွားတာ ဖြစ်ပါတယ်။

ပြင်သစ်တောင်ပိုင်း ပင်လယ်ကမ်းခြေတွေမှာ အပူလှိုင်းဒဏ်ကြောင့် သေဆုံးသူ သုံးယောက်ထက် မနည်းရှိနေပါပြီ။

နေသိပ်ပူနေချိန် ရေအေးထဲ ရေဆင်းမကူးကြဖို့ ပြင်သစ်မီးသတ်အဖွဲ့က သတိပေးထားပါတယ်။ အပူလှိုင်း ဖြတ်နေတာကြောင့် ပြင်သစ်ကျောင်းတွေကိုလည်း ပိတ်ထားပါတယ်။

စပိန်နိုင်ငံနိုင်ငံ အရှေ့မြောက်ပိုင်းမှာလည်း လောင်ကျွမ်းနေတဲ့ တောမီးကို ရာနဲ့ချီတဲ့ မီးသတ်သမားတွေ ကြိုးစားငြှိမ်းသတ်နေကြရပါတယ်။ Catalonia ဒေသမှာ အနှစ် ၂၀ ကျော်အတွင်း အဆိုးဆုံးတောမီးဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

မီးဘေးကြောင့် လူပေါင်း ၅၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရပြီး လမ်းတွေကိုလည်း ပိတ်ထားပါတယ်။

ဂျာမနီနိုင်ငံမှာလည်း ဇွန်လမှာထဲ ပုံမှန်အပူစံချိန်ကို ချိုးခဲ့ပါတယ်။ အပူကြောင့်သေဆုံးသူ လေး ယောက်ထက် မနည်း ရှိတယ်လို့ ဂျာမနီတာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အီတလီနိုင်ငံမြောက်ပိုင်းမှာလည်း အပူဒဏ်ကြောင့် အသက် ၇၀ ကျော်အမျိုးသား တ ယောက် သေဆုံးခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ တချို့နေရာတွေမှာလည်း စနေနေ့ကျရင် အပူလှိုင်းဒဏ်ကို ခံစားရမယ်လို့ ခန့်မှန်းထားပါတယ်။ လန်ဒန်မြို့မှာ အပူချိန် 32 ဒီကရီ Celsius အထိ မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။

ခုလို အနောက်ဥရောပတလွှား အပူဒဏ်ခံရမယ်ဆိုတာကို ငရဲလာတော့မယ်လို့ ဥရောပမိုးလေဝသပညာရှင်တွေက အခုဒီသတင်းပတ်အစောထဲက တင်စားပြောပြီး သတိပေးထားကြပါတယ်။

အာဖရိကတိုက် ဆာဟာရ သဲကန္တာရဘက်ကလာတဲ့ အပူလှိုင်းဒဏ်ကို အခုသီတင်းပါတ်အစောပိုင်းထဲက ဥရောပနိုင်ငံတွေမှာ ခံစားနေကြရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG