သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပမှာ အကြမ်းဖက် အန္တရာယ်မြင့်မား


ဥရောပမှာ Jihad ဝါဒီလူငယ်တွေ၊ အထူးသဖြင့် အမျိုးသမီးငယ်တွေက တဦးချင်းစီ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့ကြိုးစားလာကြတယ်လို့ ဥရောပရဲတပ်ဖွဲ့ EUROPOL ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကနေ Jihad ဝါဒီ အကြမ်းဖက်သမား ၇၁၈ ယောက်ကို ပြီးခဲ့တဲ့နှစ်အတွင်းဖမ်းဆီးနိုင်ခဲ့ပြီး ဒါဟာ ၂၀၁၄ ခုနှစ်ကဖမ်းဆီးခဲ့တဲ့ အရေအတွက်ရဲ့ ၂ ဆနီးပါးများလာခဲ့တာဖြစ်တယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ဥရောပသမဂ္ဂတွင်း အကြမ်းဖက်ဝါဒအခြေအနေနဲ့ ရှေ့အလားအလာအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ်အတွင်း ဖမ်းဆီးခဲ့သူ ၃ ပုံ ၁ ပုံလောက်ဟာ အသက် ၂၅ နှစ်အောက်တွေဖြစ်ကြပြီး ၄ ယောက်မှာ ၁ ယောက်ဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။ EU နိုင်ငံတွေအတွက် အဓိကခြိမ်းခြောက်ရန်ကတော့ ဆီးရီးယားနဲ့ အီရတ်နိုင်ငံစစ်ပွဲတွေမှာ တိုက်ခိုက်ပြီး ဥရောပကိုပြန်လာကြသူ Jihad ဝါဒီတွေ ဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်း ဖေါက်ခွဲရေးပစ္စည်းတွေကို အဝေးထိန်း Drone ယာဉ်တွေသုံး တိုက်ခိုက်တာမျိုး ဥရောပမှာလည်း အတုယူလုပ်လာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။ Jihad ဝါဒီတွေရဲ့ အကြမ်းဖက်ရန်ကို နှိမ်နှင်းနိုင်ဖို့အတွက် နိုင်ငံတခုနဲ့တခုကြား သတင်းအချက်အလက်တွေ မျှဝေကြဖို့ ပိုပြီးအရေးတကြီးလိုအပ်လာတယ်လို့ EU ခေါင်းဆောင်တွေက ပြောကြပါတယ်။

Jihad ဝါဒီအဖွဲ့တွေဟာ လူမှုကွန်ယက်တွေသုံးပြီး သူတို့ရဲ့ သတင်းစကားဖြန့်ဝေဖို့နဲ့ လူတွေကိုစည်းရုံးသိမ်းသွင်းဖို့လုပ်တဲ့နေရာမှာ ပိုပြီးအဆင့်မြင့်လာတယ်လို့ EUROPOL ရဲ့အစီရင်ခံစာထဲမှာ ပြောထားပါတယ်။

ဆီးရီးယားမှာ IS စစ်သွေးကြွတွေထိန်းချုပ်ထားတဲ့နေရာတွေ လက်လွတ်ရှုံးနိမ့်နေချိန်မှာ IS တွေနဲ့ပူးပေါင်းတိုက်ဖို့ ဆီးရီးယားကိုသွားတဲ့ Jihad ဝါဒီတွေ နည်းသွားပေမဲ့ ဥရောပကိုပြန်လာကြသူတွေ၊ ဆီးရီးယားနိုင်ငံထဲမဝင်နိုင်လို့ ဥရောပဖက်လှည့်လာသူတွေရဲ့ ရန် ကြီးမားလာနေတယ်လို့ ဥရောပရဲတပ်ဖွဲ့ EUROPOL က ကြာသပတေးနေ့ကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG