သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လွှတ်တော်ကြားနာပွဲမှာ မြန်မာ Facebook အသုံးပြုမှု Zuckerberg မေးခွန်းထုတ်ခံရဖွယ်ရှိ


လူသန်းပေါင်း ၈၀ ကျော်ရဲ့ကိုယ်ရေးအချက်အလက်တွေကို အလွဲသုံးစားလုပ်မှုနဲ့ပတ်သက်ပြီး Facebook ကုမ္ပဏီရဲ့ အကြီးအကဲ Mark Zuckerberg ဟာ အမေရိကန်လွှတ်တော်ရဲ့ကြားနာစစ်ဆေးမှုကို ဒီကနေ့ ခံရတော့မှာပါ။ ဒီကိစ္စနဲ့ ပတ် သက်ပြီး တရားဥပဒေအရ ဘယ်လိုအရေးယူမှုတွေရှိလာနိုင်မလဲဆိုတာနဲ့ ရိုဟင်ဂျာ မူဆလင်ပြဿနာမှာ Facebook ကို အသုံးပြုပြီး အမုန်းပွါးမှုတွေဖန်တီးခဲ့တာတွေနဲ့လည်းပတ်သက်လို့လည်း Mark Zuckerberg မေးမြန်း ခံရမယ့်အခြေအနေ မှာရှိနေပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးရှင်းပြပါလိမ့်မယ်။

Facebook ကုမ္ပဏီရဲ့ အကြီးအကဲ Mark Zuckerberg ကို အမေရိကန်အထက်လွှတ်တော်နဲ့အောက်လွှတ်တော်၂ရပ်လုံး က ဒီကနေ့နဲ့ မနက်ဖြန်၂ရက်ခွဲပြီးကြားနာစစ်ဆေးမှုတွေလုပ်တော့မှာပါ။ ဒီကနေ့စောစောပိုင်းကတော့ ဝါရှင်တန်ဒီစီမြို့ ကိုရောက်နေတဲ့ Mark Zuckerbergဟာ ဖလော်ရီဒါပြည်နယ်ရဲ့ ဒီမိုကရက်ပါတီအထက်လွှတ်တော်အမတ် Bill Nelsonရဲ့ ဖိတ်ခေါ်ချက် အရ အထက်လွှတ်တော်ရုံးခန်းမှာ တဦးချင်းသီးသန့် အချိန်တနာရီကျော်တွေ့ဆုံပြောဆိုခဲ့ကြပါတယ်။ Facebook ကုမ္ပဏီရဲ့ အနာဂတ်က စိန်ခေါ်မှုတွေသိပ်များလိမ့်မယ်လို့ လွှတ်တော်အမတ် Bill Nelsonက Mark Zuckerbergနဲ့တွေ့ဆုံခဲ့ပြီးနောက်ပိုင်း သတင်းထောက်တွေကိုပြောပါတယ်။

"ပုဂ္ဂိုလ်ရေးအရသူနဲ့တဦးချင်းတွေ့ဆုံဖို့ သူ့ကို ကျနော်ဖိတ်ခေါ်ခဲ့တာပါ။ ကျနော်တို့ရင်းရင်းနှီးနှီးနဲ့ပွင့်ပွင့်လင်းလင်းပြောဆို ခဲ့ကြပါတယ်။ ကျနော့်အမြင်တော့သူက ရိုးရိုးဖြောင့်ဖြောင့်ပြောတတ်တဲ့သဘောရှိပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ကုမ္ပဏီက တော့ အနာဂတ်မှာ စိန်ခေါ်မှုတွေအကြီးအကျယ်ကြုံရတော့မယ်လို့ ထင်တဲ့အကြောင်း" Bill Nelsonကပြောသွားတာပါ။

လူမှုကွန်ယက်တွေကို သတိမထားပဲနေရင် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်တွေရှိမှာမဟုတ်တော့ဘူးလို့လည်း အထက်လွှတ် တော်အမတ် Bill Nelsonကပြောပါတယ်။

"Facebook လိုမျိုး လူမှုကွန်ယက်မီဒီယာတွေကို ကျနော်တို့ သတိထားစောင့်ကြည့်မနေဘူးဆိုရင် သူတို့ရဲ့လွဲမှားတဲ့လုပ် ရပ်တွေကြောင့် အမေရိကန်ပြည်သူတရပ်လုံး ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်တွေ ဘယ်သူမှရှိတော့မှာမဟုတ်ပါဘူးလို့ပြောခဲ့တာပါ"

Facebook ကုမ္ပဏီအကြီးအကဲ Mark Zuckerberg ကတော့ သူတို့ကုမ္ပဏီရဲ့မှားယွင်းမှုနဲ့ပတ်သက်ပြီး တောင်းပန်ထား ပါပြီ။

"ကျနော်တို့လုပ်ရမယ့် တာဝန်ယူမှုတွေကို အလုံအလောက် ကျနော်တို့မလုပ်ခဲ့ပါဘူး။ ဒါက အင်မတန်ကြီးမားတဲ့ မှားယွင်းမှုပါ။ ဒါက ကျနော့် ရဲ့မှားယွင်းမှုပါပဲ" လို့ Mark Zuckerbergပြောခဲ့တာပါ။

ဒီကနေ့လုပ်မယ့် လွှတ်တော်ကြားနားစစ်ဆေးမှုကို အထက်လွှတ်တော် တရားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးကော်မီတီက ဦးစီးပြုလုပ်မှာပါ။ မနက်ဖြန်မှာတော့ အောက်လွှတ်တော်က Facebook ကုမ္ပဏီရဲ့ အကြီးအကဲကို ကြားနာစစ်ဆေးမှာပါ။

မြန်မာနိုင်ငံအတွင်းဖြစ်ပွါးနေတဲ့ ရိုဟင်ဂျာမူဆလင်ပဋိပက္ခမှာ Facebookကို အသုံးပြုပြီး အမုန်းပွါးမှုတွေ ဖန်တီးခဲ့ကြ တာနဲ့ပတ်သက်ပြီးလည်း Facebook ကုမ္ပဏီကို ဝေဖန်မှုတွေအကြီးအကျယ်ရှိနေတာပါ။ ဒီလိုအမုန်းပွါးအောင်လှုံ့ဆော် နေတာတွေကိုFacebook ကုမ္ပဏီက စနစ်တကျစောင့်ကြည့်ဟန့်တားသင့်တဲ့အကြောင်း မြန်မာ အရပ်ဖက်အဖွဲ့အစည်း ရှစ်ခုက ပြီးခဲ့တဲ့အပတ်တုန်းကပဲ အိတ်ဖွင့်ပေးစာတစောင် Mark Zuckerberg ဆီကိုပေးပို့ခဲ့ပါတယ်။ အမုန်းပွါးစေတဲ့လှုံ့ ဆော်မှုတွေကို အရပ်ဖက်အဖွဲ့အစည်းတွေက အရင်သတိထားမိပြီး Facebookကုမ္ပဏီကို လှန်းအကြောင်းကြားမှပဲ သူတို့ ဘက်က တားဆီးမှုတွေကိုလုပ်လာတယ်လို့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။

ဒီအိတ်ဖွင့်ပေးကြောင့် Facebookကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူက သူတို့ရဲ့လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး သောကြာ နေ့ကပဲ ပြန်တောင်းပန်ထားပါတယ်။ Facebook ထဲမှာ မမှန်ကန်တဲ့ကိစ္စတွေ၊ အမုန်းပွါးစေမယ့်ကိစ္စတွေ၊ ရိုင်းစိုင်းတဲ့ ပြောဆိုရေးသားမှုတွေလုပ်နေတာတွေကို Facebook ဘက်က ခပ်မြန်မြန်နဲ့ရှာဖွေတားဆီးနိုင်ဖို့၊ ပိုကောင်းတဲ့ နည်းပညာ တွေနဲ့ထိထိရောက်ရောက်ဆောင်ရွက်ဖို့ ကြိုးစားခဲ့သင့်ပါတယ်လို့လည်း ဝင်ခံထားပါတယ်။ Facebook ရဲ့ Messenger မှာ ရေးသားပြောဆိုတွေကို စောင့်ကြည့်သတိပေးနိုင်မယ့် နည်းပညာတွေနဲ့ လုပ်ဆောင်သွားဖို့ရှိသလို၊ Facebook ရဲ့ဝန် ဆောင်မှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေကို ကိုင်တယ်ဖြေရှင်းပေးဖို့ မြန်မာလို ကျွမ်းကျင်သူတွေကိုလည်း ပိုတိုးမြင့်ပြီး ခန့်အပ် ထားပါတယ်လို့ဆိုပါတယ်။

၂ရက်ကြာပြုလုပ်မယ့် လွှတ်တော်ကြားနာစစ်ဆေးမှုအတွင်း Facebook ကုမ္ပဏီ အကြီးအကဲ Mark Zuckerberg ရင်ဆိုင်နိုင်ဖွယ်ရှိတဲ့ ကိစ္စတခု ကလည်း ရိုဟင်ဂျာပဋိပက္ခမှာ Facebook ကိုအသုံးပြုမှုပါပဲ။ သူ့ကိုမေးခွန်းထုတ်မယ်လို့ ယူဆရတဲ့ပုဂ္ဂိုလ်က တော့ လူဝီစီယားနားပြည်နယ်ရဲ့ ရီပါဘလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် John Kennedy ပါ။ သူကပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ CBS ရုပ်သံသတင်းဌာနရဲ့တွေ့ဆုံမေးမြန်းခန်းတခုမှာ မြန်မာနိုင်ငံကရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုဖြစ်လာအောင် အားပေးလှုံဆော်ရာရောက်တဲ့ Facebook အသုံးပြုတွေကို ရပ်တန့်စေချင်တယ်လို့ ပြောထားပါတယ်။

"Facebook အနေနဲ့ ကျနော်တို့မြင်တွေ့ရမယ့်အကြောင်းအရာတွေကို တည်းဖြတ်တာမလုပ်စေချင်ပေမဲ့ လုပ်ကြံသတင်းတွေ တင်တာကိုတော့ ရပ်စေချင်ပါတယ်။ Facebook မှာကြောညာတွေတင်ပြီး မြန်မာပြည်မှာ ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်စေဖို့အားပေးလှုန့်ဆော်တာမျိုးလုပ်တာတွေကိုလည်းရပ်တန့်စေချင်ပါတယ်။ ဒီကိစ္စတွေက သိပ်အရေးကြီးပြီး လွယ်လွယ်နဲ့ပျောက်သွားမှာမဟုတ်သလို ကျနော်တို့ကြားနာ စစ်ဆေးပွဲတပွဲထဲနဲ့လည်းပြီးသွားမှာမဟုတ်ပါဘူး။ ဒါကို မစ္စတာ Zuckerberg အနေနဲ့နားလည်လက်ခံပြီး ပွင့်ပွင့်လင်းလင်းရှိလိမ့်မယ်လို့မျှော်လင့်ပါတယ် "

လောလောဆယ်ကြုံနေရတဲ့ Facebookရဲ့ပြဿနာတွေ ကို Facebook ဘက်က မဖြေရှင်းနိုင်ရင်တော့ ဒီ ကုမ္ပဏီအပေါ်မှာ တင်းကျပ်မှုတွေ လုပ်လာရလိမ့်မယ် လို့လည်း လွှတ်တော်အမတ် John Kennedy ကပြောပါတယ်။

"ကျနော်တို့အနေနဲ့ Facebook ကိုပြင်းထန်တဲ့စည်းမျဉ်းတွေ မချမှတ်လိုပါဘူး။ ဒါပေမဲ့ ကျနော်တို့ ပြဿနာ၂ရပ်ကိုတွေ့နေရပါတယ်။ ကိုယ်ရေးအချက်အလက်တွေကို ထိန်းသိမ်းဖို့နဲ့ ဝါဒဖြန့်ဖို့အသုံးပြုတဲ့ကိစ္စတွေပါပဲ။ ဒီပြဿနာတွေကိုFacebook ကဘယ်လိုဖြေရှင်းမလဲဆိုတာကို ကျနော်တို့နဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့လိုပါတယ်။ ကျနော်စိတ်အပူဆုံးကတော့ Facebookက ပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိမယ့် အခြေအနေပါပဲ။ တကယ်လို့မဖြေရှင်းနိုင်ဘူးဆိုရင်လည်း ကျနော်တို့ကို Facebookက ပွင့်ပွင့်လင်းလင်း ထုတ်ပြောသင့်ပါတယ်။ "

ပြီးခဲ့တဲ့၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲကာလအတွင်း လက်ရှိသမ္မတဒေါ်နလ်ထရမ့်အနိုင်ရရေးလှုန့်ဆော်မှုတွေ မှာ ဗြိတိန်အခြေစိုက် Cambridge Analytica သုတေသနကုမ္ပဏီက အမေရိကန်နိုင်ငံသား၈၇သန်းရဲ့ Facebookပေါ်က ကိုယ်ရေးအချက် အလက်တွေကိုအသုံးချခဲ့တယ်လို့စွပ်စွဲထားတာနဲ့ပတ်သက်ပြီး အဓိကထားစစ်ဆေးမယ့် ၂ရက်ကြာလွှတ်တော်ကြား နာစစ်ဆေးမှုဟာ လောလောဆယ်မှာတော့ ထိပ်တန်းရောက်နေတဲ့ကမ္ဘာ့သတင်းတပုဒ်ပါ။ ဒီကိစ္စကြောင့်လည်း Facebook ကုမ္ပဏီက နာမည်အကြီးအကျယ်ပျက်နေရုံမက သူ့ရဲ့အစုရှယ်ရာတွေလည်း ထိုးကျနေလို့ စီးပွါးရေးအရ လည်းအထိနာနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG