သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ အမုန်းတရားဖြန့်မှု Facebook အလေးထားကိုင်တွယ်


Facebookကုမ္ပဏီရဲ့ အမှုဆောင် ညွှန်ကြားရေးမှုးချူပ် Mark Zuckerberg

မြန်မာပြည်သူတွေရဲ့နေစဉ်ဘ၀မှာ Facebook လူမှုကွန်ယက်က အရေးပါတဲ့ ဆက်သွယ်ရေးကွန်ယက်တခုဖြစ်နေယုံတင် မက ရိုဟင်ဂျာမူဆလင်ပြဿနာမှာလည်း Facebook ကိုသုံးပြီး လွဲမှားတဲ့ လှုံ့ဆော်မှုတွေရှိနေတာကြောင့် Facebook ကုမ္ပဏီက ထိန်းချုပ်မှုတွေလုပ်နေရတယ်လို့ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး Facebookကုမ္ပဏီရဲ့ အမှုဆောင် ညွှန်ကြားရေးမှုးချုပ် Mark Zuckerberg ကို အမေရိကန်အခြေစိုက် VOX အွန်လိုင်း သတင်းဝက်ဆိုဒ်က ဆက်သွယ်မေးမြန်း ထားပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။

ပြီးခဲ့တဲ့အမေရိကန်သမ္မတရွေးကောက်ပွဲကာလမှာ ရုရှားနိုင်ငံက ၀င်ရောက်စွက်ဖက်မှုတွေရှိတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ အတူ Facebook လူမှုကွန်ယက်ကလည်း ဒီအရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာကြောင့် Facebookကုမ္ပဏီ အကြီးအကျယ်နာမည်ပျက်နေပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ ရိုဟင်ဂျာမူဆလင်ပဋိပက္ခအတွင်းမှာလည်း Facebookက အရေးကြီးတဲ့နေရာတခုမှာပါဝင်နေတယ်လို့ပြောလို့ရပါတယ်။ ရိုဟင်ဂျာမူဆလင်ထောက်ခံသူတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား Facebook ကိုသုံးပြီး လွဲမှားတဲ့လှုံ့ဆော်မှုတွေရှိနေတယ်ဆိုတာ အမှန်တကယ်ပဲလို့ Facebookကုမ္ပဏီရဲ့အကြီးအကဲ Mark Zuckerbergကဆိုပါတယ်။

"မြန်မာကိစ္စက ကျနော်တို့ကုမ္ပဏီအတွင်းမှာ တော်တော်လေးအာရုံစိုက်ပြီး လုပ်ဆောင်နေရတဲ့ ကိစ္စ တခုဖြစ်ပါတယ်။ တကယ်ဖြစ်ပျက်နေတဲ့ ကိစ္စတွေဖြစ်တာကြောင့်လည်း ကျနော်တို့ဘက်က တကယ့်ကိုပဲ အထူးဂရုစိုက်ပြီး လုပ်ဆောင် နေရတာပါ။

ကျနော်မှတ်မိနေတာတခုဆိုရင် စနေနေ့မနက်ခင်းတခုမှာ တယ်လီဖုန်း တခုဝင်လာပါတယ်။ ရိုဟင်ဂျာ ပဋိပက္ခအတွင်းမှာ တဘက်နဲ့တဘက် အုတ်အော်သောင်းတင်းဖြစ်စေနိုင်တဲ့ ပြောဆိုရေးသားမှုတွေကို Facebook messenger ကိုသုံးပြီးလှုံ့ဆော်ဖြန့်ဖြူးနေကြတယ်ဆိုတာကို တွေ့ထားတဲ့အကြောင်း ဖုန်းဆက်အသိပေးလာတာပါ။ အဲဒီကိစ္စမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့အုံကြွမှုတခုဖြစ်လာတော့မယ်၊ အဲဒါကြောင့် လက်နက်တွေယူပြီးအဲ့ဒီနေရာကို ရောက်အောင်သွားဆိုတာမျိုး မူဆလင်တွေကို သတိပေးထားတာပါ။ အလားတူလှုံ့ဆော်မှုမျိုးကိုပဲ ဗုဒ္ဓဘာသာ တွေဘက်ကိုလုပ်ထားပြန်ပါတယ်။

ဒီကိစ္စကိုကြည့်ရင် လူတွေက ကျနော်တို့ Facebookကို သုံးပြီးလှုံ့ဆော်မှုတွေ လုပ်နေတာ ထင်ရှားပါတယ်။ အဲဒီတုန်းက ကျနော်တို့ရဲ့တွေ့ရှိချက်အရ ဒီလှုံ့ဆော်မှုတွေ မပြန့်သွားရအောင်နဲ့ ထိခိုက်နစ်နာမှုတွေရှိမလာရအောင် ကျနော်တို့က အချိန်မီပိတ်ဆို့ပြီး ကြိုတင်တားဆီးနိုင်ခဲ့တယ်လို့ထင်ပါတယ်။"

Facebookကိုသုံးပြီး အကြမ်းဖက်မှုတွေဖြစ်အောင် အမုန်းပွါးစေတဲ့ပြောဆိုရေးသားမှုတွေလုပ်နေတာတွေကို Facebook ကုမ္ပဏီက အာရုံစိုက်ပြီးစောင့်ကြည့်နေတယ်လို့လည်း Mark Zuckerberg ကဆိုပါတယ်။

"Facebookကိုသုံးပြီး အမုန်းပွါးစေတဲ့ရေးသားပြောဆိုမှုတွေလုပ်နေတာတွေ၊ အကြမ်းဖက်မှုတွေဖြစ်ပေါ်အောင်လှုံ့ ဆော်နေတာတွေက တကယ်ပဲရှိနေတာမို့ ဒီကိစ္စတွေကို ကျနော်တို့ သေချာအာစုံစိုက်ပြီးစောင့်ကြည့်နေပါတယ်။ အခြေခံ အားဖြင့် ကျနော်တို့ရဲ့ လူမှုကွန်ယက်ကို သုံးပြီး လူမှုရေးဆိုင်ရာပြောဆိုဆွေးနွေးမှုတွေကို လုပ်ဆောင်နိုင်ရေး အကာအကွယ်ပေးနိုင်ဖို့ကျနော်တို့ အာရုံစိုက်လုပ်ဆောင်နေပါတယ်။ Facebook ကွန်ယက်အတွင်း လှုမှုအကျိုးပြု ကိစ္စတွေနဲ့ လူမှုအဖွဲ့အစည်းကိုထိခိုက်စေမယ့်ကိစ္စတွေအကြား မမျှမတဖြစ်နေတာတွေက မြန်မာနိုင်ငံမှာသာမက အမေရိကန်ပြည်ထောင်စုမှာလည်း ရှိနေတာမို့ ဒါတွေကိုလည်း အာရုံစိုက်ပြီးဖြေရှင်းနေပါတယ်"

Facebookအင်တာနက်လူမှုကွန်ယက်က ကမ္ဘာသုံးကွန်ယက်တခုလိုဖြစ်လာနေတာမို့ နိုင်ငံတကာဆန်တဲ့ လုပ်ငန်းတခုလို လှုပ်ရှားဆောင်ရွက်နိုင်အောင် လုပ်ဆောင်ဖို့လိုအပ်နေတယ်လို့လည်း Facebook ကုမ္ပဏီရဲ့အကြီးအကဲ Mark Zuckerberg ကဆိုပါတယ်။

"ကျနော်တို့ကုမ္ပဏီက ကမ္ဘာနဲ့အ၀ှမ်းမှာအသုံးပြုလာနေလို့ နိုင်ငံတကာအလိုက်ကြီးမားလာနေတဲ့ သဘောပါ။ လုပ်ငန်းကြီး မားလာတာနဲ့အတူ ကျနော်တို့ရဲ့ဆောင်ရွက်မှုတွေကလည်း ပိုပြီးကောင်းမွန်လာဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ Facebookရုံးတွေက ကမ္ဘာတ၀ှမ်းက နေရာအနှံ့ အပြားမှာရှိနေတာပါ။ နိုင်ငံတကာကုမ္ပဏီတခုဖြစ်လာနေပါပြီး ကယ်လီဖိုး နီးယားပြည်နယ်မှာ အခြေစိုက်တယ်ဆိုပေမယ့် ကျနော်တို့Facebookကိုသုံးစွဲသူတွေက အမေရိကန်မှာပဲ ရှိနေတာမဟုတ်ပါ ဘူး။ ကမ္ဘာတ၀ှမ်းမှာ တိုးပွါးနေတဲ့အချက်က မတူကွဲပြားတဲ့ ကမ္ဘာတ၀ှမ်းက လူမှုအသိုင်းအ၀ိုင်း တွေအကြောင်းကို အသေ အချာသိပြီး သူတို့နဲ့ပတ်သက်တဲ့ကိစ္စတွေကို အာရုံစိုက်ပြီးလုပ်ဆောင်ဖို့ ကျနော်တို့ကို တောက်လျှောက်စိန်ခေါ်နေတဲ့ အချက်လည်းဖြစ်ပါတယ်။"

ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ ရခိုင်ဒေသပဋိပက္ခအရေး အချက်အလက်ရှာဖွေမှုအဖွဲ့ခေါင်းဆောင် Marzuki Darusman ကတော့ ရိုဟင်ဂျာမူဆလင်ပဋိပက္ခအတွင်းမှာ ပြင်းထန်တဲ့သဘောထားကွဲလွဲမှုတွေ၊ နာကျည်းမှုတွေ မြင့် တက်လာရတဲ့အကြောင်းအရင်းတွေထဲမှာ Facebookရဲ့ အခန်းကဏ္ဍကလည်း တော်တော်ကြီးမားတယ်လို့ဆိုပါတယ်။

Facebook အတွင်း မူဆလင်မုန်းတီးရေး ပြောဆိုရေးသားမှုတွေလုပ်နေသူတဦးဖြစ်တဲ့ အရှင်ဝီရသူရဲ့ Facebook account ကိုတော့ Facebookကုမ္ပဏီက သုံးစွဲလို့ မရအောင် တရားဝင်တားမြစ်ထားပါတယ်။

CBS သတင်းဌာနရဲ့ပြောဆို ချက်အရ ၂၀၁၄ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ Facebook သုံးစွဲသူ ၂သန်းရှိခဲ့ရာက အခုလောလောဆယ်မှာတော့ သန်း ပေါင်းသုံးဆယ်ကျော်သုံးစွဲနေကြတယ်လို့ဆိုပါတယ်။ Facebook ကုမ္ပဏီရဲ့အကြီးအကဲ Mark Zuckerberg ကတော့ မြန်မာနိုင်ငံက Facebook ကွန်ယက်အတွင်း အမုန်းပွါး စေတဲ့ရေးသားပြောဆိုမှုတွေမရှိရအောင် ကျွမ်းကျင်သူတွေနဲ့ ဆောင်ရွက်နေတယ်လို့ VOX အွန်လိုင်း သတင်းဝက်ဆိုဒ်နဲ့ မေးမြန်းခန်းမှာပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG