ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် နိုင်ငံရေးအကဲဆတ်မခံတဲ့ မြန်မာ့နိုင်ငံလိုမျိုးမှာ Facebook လူမှုကွန်ရက်ပေါ်ကနေ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုတွေဖြစ်အောင် အမုန်းပွား လှုံ့ဆော်နေတာတွေကို Facebook အနေနဲ့ စနစ်တကျစောင့်ကြည့်ဟန့်တားသင့်တယ်-နောက် ဒီလိုလှုံ့ဆော်မှုတွေကို စောင့်ကြည့်နေတဲ့ Facebook Team မှာ နိုင်ငံအခြေအနေ၊ ဘာသာစကား ကျွမ်းကျင်နားလည်သူတွေပါဝင်သင့်တယ် ဆိုတဲ့ အိတ်ဖွင့်ပေးစာတစောင် Mark Zuckerberg ဆီ အွန်လိုင်းပေါ်က အမုန်းပွားမှုတွေကို စောင့်ကြည့်နေတဲ့ မြန်မာအရပ်ဖက်အဖွဲ့အစည်း ရှစ်ဖွဲ့က ပေးပို့လိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီစနစ် ဖော်ဆောင်ကာစ မြန်မာနိုင်ငံမှာ လူမှုကွန်ရက်တွေပေါ်ကနေ သတင်းဖြန့်ချီခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ဆုံးရှုံးမှာကိုလည်း စိုးရိမ်မှုတွေရှိနေပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။
မြန်မာနိုင်ငံက အွန်လိုင်းသုံးသူတွေကြား ရေပမ်းစားတဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေ အမုန်းတရားဖြန့်ဖြူးမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းဖို့ မြန်မာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ကြတာပါ။ Facebook ရဲ့ လတ်တလော ဆောင်ရွက်ချက်တွေဟာ ကျေနပ်လောက်စရာ အခြေအနေ မရှိတဲ့အတွက် ပိုပြီးတော့မှ စနစ်တကျ ကိုင်တွယ်ဖို့ Facebook အမှုဆောင်အရာရှိချုပ် Mark Zukerberg ရဲ့ Facebook ဆီကို ပထမဆုံး-အရပ်ဖက်လူမှုအဖွဲ့အစည်း ၆ ဖွဲ့ ပူးပေါင်းပြီး အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ရတာဖြစ်ကြောင်း MIDO (Myanmar ICT for Development Organization) အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မထိုက်ထိုက်အောင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
"မနေ့ ဧပြီလ ၅ရက်နေ့ကစပြီး ကျမတို့ရဲ့ပေးစာကို Public လုပ်လိုက်တယ်ပေါ့နော်။ စစချင်းကတော့ ခြောက်ခုပါ အခုက ၈ခုဖြစ်သွားပြီပေါ့နော်။ ဆိုတော့ အဲ့ဒီ့မှာ Mark Zukerberg က Vox အင်တာဗျူးမှာ ဘာပြောသွားလဲဆိုတော့-မြန်မာနိုင်ငံမှာဆိုလို့ရှိရင် သူတို့တွေအနေနဲ့ အန္တရာယ်ရှိနိုင်တဲ့ Messages တွေကို Messager ကနေတဆင့် ပို့တာတွေကို သူ့ရဲ့ System တွေ စနစ်တွေကနေပြီးတော့ ထောက်လှမ်းပြီးတော့ အချိန်မှီ ကာကွယ်ခဲ့တယ်ပေါ့ ဆိုပြီး သူကပြောခဲ့တယ်။ အမှန်ကတော့ စက်တင်ဘာ ၆ရက်နေ့ကနေ ၁၁ရက်နေ့အတွင်း ပြန့်ခဲ့တဲ့ ဗုဒ္ဓဘာသာတွေဆိုရင်လည်း ဝိုင်းဝန်းထားကြပါ။ မူဆလင်တွေက ဘာလာလုပ်မယ် မူဆလင်ကွန်မြူနတီဆိုရင်လည်း ဝိုင်းဝန်းထားကြပါ ဗုဒ္ဓဘာသာတွေက ဘာတွေလုပ်ဖို့ ကြံစည်နေတယ် ဆိုတဲ့ မတ်ဆေ့တွေကို ကျမတို့ ကွန်မြူနတီထဲက သူတွေက တွေ့တယ် တွေ့တော့ သူတို့ကို လှမ်းပြောတယ်။ လှမ်းပြောမှပဲ သူတို့က သိပြီးတော့ စတင်ပြီးတော့ ထောက်လှမ်းပြီးတော့ ဖျက်ဖို့တွေ၊လုပ်လာတာပေါ့နော်။ အမှန်တကယ်က သူပြောတဲ့အတိုင်း သူ့ရဲ့ System က ကောင်းလွန်းလို့ ဒါတွေကို ထိရောက်စွာ ကိုင်တွယ်နိုင်ခဲ့တယ် ဆိုတာ မဟုတ်ပဲနဲ့ ကျမတို့ ဒီဘက်က အဖွဲ့တွေ ပြောမှပဲ Facebook က သိတယ်ဆိုတဲ့ဟာကို ကျမတို့က Highlight လုပ်ချင်တာပါ။"
အမေရိကန်အခြေစိုက် Vox အွန်လိုင်း သတင်းဝက်ဆိုဒ်နဲ့ မကြာသေးခင်တုန်းကမှ မေးမြန်းခန်းတခုအတွင်း မေးမြန်းချိန် Facebook ထူထောင်သူ Zuckerberg က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆောင်ရွက်ချက်တွေ ရှိနေတဲ့အကြောင်း ကာကွယ် ပြောဆိုခဲ့တာပါ။
“မြန်မာကိစ္စက ကျနော်တို့ကုမ္ပဏီအတွင်းမှာ တော်တော်လေး အာရုံစိုက်ပြီး လုပ်ဆောင်နေရတဲ့ ကိစ္စ တခုဖြစ်ပါတယ်။ တကယ်ဖြစ်ပျက်နေတဲ့ ကိစ္စတွေဖြစ်တာကြောင့်လည်း ကျနော်တို့ဘက်က တကယ့်ကိုပဲ အထူးဂရုစိုက်ပြီးလုပ်ဆောင် နေရတာပါ။အဲဒီတုန်းက ကျနော်တို့ရဲ့တွေ့ရှိချက်အရ ဒီလှုံ့ဆော်မှုတွေ မပြန့်သွားရအောင်နဲ့ ထိခိုက်နစ်နာမှုတွေ ရှိမလာရအောင် ကျနော်တို့က အချိန်မှီပိတ်ဆို့ပြီး ကြိုတင်တားဆီးနိုင်ခဲ့တယ်လို့ထင်ပါတယ်။”
Facebook လူမှုကွန်ရက်ကိုသုံးပြီး အကြမ်းဘက်မှုတွေဖြစ်အောင် အမုန်းပွါးစေတဲ့ပြောဆိုရေးသားမှုတွေလုပ်နေတာတွေကို ဟန့်တားကာကွယ်နိုင်ဖို့ Facebook ကုမ္ပဏီက ကမ္ဘာတဝှမ်းမှာ ရုံးခွဲတွေဖွင့်လှစ်ထားပြီး Facebook Team တွေကနေ သေချာအာရုံစိုက်ပြီးစောင့်ကြည့်နေတယ်လို့လည်း Mark Zuckerbergက အဲ့ဒီ့မေးမြန်းခန်းထဲ ပြောဆိုထားပါတယ်။
ဒီကနေ့သောကြာနေ့မှာပဲ Facebook ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူက အမုန်းပွားစေတဲ့ မှတ်ချက်တွေနဲ့ ပတ်သက်လို့ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်ရာမှာတော့ အားနည်းချက်တွေ ရှိခဲ့တယ်ဆိုတာကို AFP သတင်းဌာနကို အီးမေးလ်ကနေ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံလို လူမှုရေး၊ ဘာသာရေး အကဲဆတ်မခံတဲ့နိုင်ငံလိုမျိုး က လူမှုကွန်ရက် စာမျက်နှာတွေပေါ်က အမုန်းပွားမှုတွေနဲ့ အမုန်းတရား ဖြန့်ချီမှုတွေကို Facebook အနေနဲ့ စနစ်တကျစောင့်ကြည့်ပြီးတော့ ဘာသာစကားနားလည်ကျွမ်းကျင်သူတွေထားရှိသင့်တယ် - တာဝန်ရှိသူတွေ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သင့်တယ်ဆိုတာကို အကြံပေးထားတဲ့အကြောင်း Facebbook Team တာဝန်ရှိသူတွေ မြန်မာနိုင်ငံကို လာရောက်စဉ်တုန်းကလည်းတွေ့ဆုံအကြံပေးခဲ့တဲ့ MIDO က မထိုက်ထိုက်အောင်ကပြောပါတယ်။
"Facebook ကို ဖြစ်စေချင်တာက Facebook ရဲ့ Myanmar Team မှာပေါ့ တကယ့်ကို Local Content ကိုလည်း တကယ်သိကျွမ်းနားလည်ရမယ်။ ဘာသာစာ စကားကိုလည်း တကယ့်ကို ကျွမ်းကျင်တဲ့သူတွေရှိစေချင်တယ်။ အဲ့ဒီ့အချက်ကို ကျမတို့တွေ ပြောထားတာတွေရှိတယ်။ နောက် တကယ်လို့များ အရေးပေါ်အခြေအနေတွေဖြစ်လာလို့ရှိရင် Facebook အနေနဲ့ ပိုပြီးတော့မှ မြန်မြန်ဆန်ဆန်ထိရောက်အောင် လုပ်ပေးနိုင်တဲ့ Mechanism တွေရှိသင့်တယ်ဆိုပြီးတော့ ကျမတို့တောင်းဆိုထားတာတွေရှိတယ်။"
အခုလို လူမှုကွန်ရက်ပေါ်က ရေးသားမှုတွေကို စောင့်ကြည့်ဖို့ တိုက်တွန်းအားပေးမှုတွေအပေါ်မှာတော့ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့ ရေးသားဖော်ပြခွင့်ဆုံးရှုံးမှာကို စိုးရိမ်တဲ့အကြောင်း နော်ဝေနိုင်ငံမှာ နိုင်ငံရေးသိပ္ပံ ပါရဂူသင်တန်းတက်နေတဲ့ ကိုစိုးမြင့်အောင်က ရှု့မြင်ပါတယ်။
" ကျနော့်အနေနဲ့ ပိုပြီးတော့ စိတ်ပူတာကတော့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ပေါ့နော် အဲ့တာမျိုးကို ပိုပြီးတော့ စိတ်ပူတယ်။ အခုဟာက အစိုးရကိုယ်တိုင်ကလည်း နိုင်ငံတော်ရဲ့ ဘက်ဂျက်တွေ ထုတ်ပြီးတော့ ဒါမျိုးတွေကို စောင့်ကြည့်မယ်ဆိုပြီးတော့ ပြောဆိုနေတာမျိုးတွေရှိတော့ ပိုပြီးတော့ စိုးရိမ်ဖို့ကောင်းလာပါတယ်။ ကျနော်တို့ရဲ့ လွတ်လပ်စွာပြောဆိုခွင့် နဲ့ ရေးသားခွင့်ကတော့ ပိုပြိးတော့မှ အရေးကြီးတယ်လို့ ကျနော့်အနေဲ့ကတော့ ယူဆတယ်။"
နောက် မြန်မာနိုင်ငံက သမ္မတသစ်ရဲ့ မိသားစုဝင်နဲ့ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့ သူ့ရေးသားမှုအပေါ် မှားယွင်းစွာ ဖြုတ်ချ ပိတ်ဆို့ခံခဲ့ရပြီးနောက် Facebook ကနေ ပြန်တောင်းပန်ပြီး ပို့စ်ပြန်တင်ခွင့်ပေးခဲ့တဲ့ အတွေ့အကြုံရှိခဲ့သူဒေါက်တာရန်မျိုးသိမ်းကလည်း Facebook အနေနဲ့ သတင်းပေးပို့မှုတိုင်းအပေါ်မှာတော့ စနစ်တကျစိစစ်မှုတော့ရှိသင့်တယ်လို့ ပြောပါတယ်။
" မြန်မာပြည်မှာရှိတဲ့ Facebook Team က independent ဖြစ်ဖို့လိုပါတယ်။ ဥပမာ အမုန်းပွားစေတဲ့ လူမျိုးရေး၊ ဘာသာရေး အငြင်းပွားစေတဲ့ပို့စ်တွေကို နားလည်မှုရှိရှိနဲ့ ခွဲခြားစိတ်ဖြာနိုင်တဲ့သူတွေက ဦးဆောင်နိုင်တာမျိုး ဖြစ်သင့်တယ်လို့မြင်ပါတယ်။ နောက်ပြီးတော့ Facebook Team ရဲ့ ဆောင်ရွက်ချက်တွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်လို့လည်း မြင်ပါတယ်။ အထူးသဖြင့် သတင်းမီဒီယာတွေ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီးတော့ အယူအဆသဘောထား ဖလှယ်တာမျိုး ပုံမှန်လုပ်ပေးနိုင်မယ်ဆိုရင် ဒီMyanmar Facebook Team ဟာ ပိုပြီးတော့မှ Independent ဖြစ်တဲ့ Team တခုဖြစ်လာမယ်လို့ ကျနော်ကတော့ အဲ့လိုမြင်ပါတယ်။"
ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ ရခိုင်ဒေသပဋိပက္ခအရေး အချက်အလက်ရှာဖွေမှုအဖွဲ့ခေါင်းဆောင် Marzuki Darusman ကတော့ ရိုဟင်ဂျာမူဆလင်ပဋိပက္ခအတွင်းမှာ ပြင်းထန်တဲ့သဘောထားကွဲလွဲမှုတွေ၊ နာကျည်းမှုတွေ မြင့် တက်လာတာ Facebookကြောင့်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ Facebook အတွင်း မူဆလင်မုန်းတီးရေး ပြောဆို ရေးသား မှုတွေလုပ်နေသူတဦးဖြစ်တဲ့ အရှင်ဝီရသူရဲ့ Facebook account ကိုတော့ Facebookကုမ္ပဏီက သုံးစွဲလို့ မရအောင် တရားဝင်တားမြစ်ထားပါတယ်။ CBS သတင်းဌာနရဲ့ပြောဆိုချက်အရ ၂၀၁၄ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ Facebook သုံးစွဲသူ ၂သန်းရှိခဲ့ရာက အခုလောလောဆယ်မှာတော့ သန်းပေါင်းသုံးဆယ်ကျော် သုံးစွဲနေကြတယ်လို့ဆိုပါတယ်။