သုံးရလွယ်ကူစေသည့် Link များ

IS အစ္စလာမ်မစ် စစ်သွေးကြွတွေ သိမ်းပိုက်ထားတဲ့ Fallujah မြို့ကို သိမ်းပိုက်နိုင်ရေး စစ်ဆင်ရေး စတင်ခဲ့တဲ့ သီတင်းပတ် ၃ ပတ်အကြာမှာ အီရတ်လုံခြုံရေးတပ်ဖွဲ့တွေဟာ မြို့တွင်းကို ရောက်ရှိသွားကြပြီ ဖြစ်တယ်လို့ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေထဲမှာရှိတဲ့ IS အဖွဲ့ကို ထိုးစစ်ဆင်နေတဲ့ ညွန့်ပေါင်းတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

မြို့ရဲ့တောင်ဘက်ပိုင်းကို အီရတ်တပ်ဖွဲ့တွေ ခြေချလိုက်နိုင်ပြီလို့ ဗုဒ္ဓဟူးနေ့က ဘဂ္ဂဒက်မြို့ကနေ တယ်လီဖုန်းနဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဗိုလ်မှူးကြီး Chris Garver က ပင်တဂွန် စစ်ဌာနချုပ်မှာရှိတဲ့ သတင်းထောက်တွေကို ပြောပါတယ်။

အီရတ်တပ်ဖွဲ့တွေဟာ မြို့တွင်းကို လွန်ခဲ့တဲ့ ၂ ရက်လောက်က စတင် ၀င်ရောက်နိုင်ခဲ့တာဖြစ်ပြီး Fallujah မြို့လယ်ခေါင်ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ အပြင်ဘက်ကို အတွင်းကနေ ဆက်လက် ထိုးစစ်ဆင်သွားမယ်လို့ Garver က ပြောပါတယ်။

တခြား အီရတ်တပ်လုံခြုံရေး တပ်ရင်းတွေ၊ ရဲတပ်ဖွဲ့၊ Anbar လူမျိုးတိုက်ခိုက်ရေးအဖွဲ့နဲ့ လူထု စည်းရုံးရေးတပ်ဖွဲ့တွေက Fallujah မြို့အပြင်ကနေ IS တပ်ဖွဲ့တွေ စစ်ကူနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ မပို့နိုင်အောင် ၀ိုင်းထားတဲ့ တချိန်ထဲမှာပဲ မြို့အတွင်းပိုင်းကို ထိုးဖောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Fallujah မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် အီရတ်တပ်မတော် တပ်မဟာ ၄ ခုက တပ်ရင်း အများအပြား ပါဝင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG