သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းထောက် ၂ ဦးကို တမင် အကွက်ဆင် ဖမ်းဆီးခဲ့သလား


ဖမ်းဆီးခံ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ မိသားစု ဦးစီးပြုလုပ်တဲ့ မြန်မာဂျာနယ်လစ်ကွန်ယက် ရုံးခန်းက သတင်းစာရှင်းလင်းပွဲ (ဒီဇင်ဘာ ၂၈-၂၀၁၇) သတင်းဓာတ်ပုံ- မေခ VOA
ဖမ်းဆီးခံ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ မိသားစု ဦးစီးပြုလုပ်တဲ့ မြန်မာဂျာနယ်လစ်ကွန်ယက် ရုံးခန်းက သတင်းစာရှင်းလင်းပွဲ (ဒီဇင်ဘာ ၂၈-၂၀၁၇) သတင်းဓာတ်ပုံ- မေခ VOA

နိုင်ငံတော်လှို့ဝှက်ချက် ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းထောက်နှစ်ဦးဟာ သူတို့ကိုချိန်းဆိုတဲ့ ရဲနှစ်ဦးက ပေးတဲ့ စာရွက်စာတမ်းတွေကို ယူဆောင်ပြီး ဆိုင်က အထွက် အသင့်စောင့်ဆိုင်းနေတဲ့ ရဲတွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်တယ်လို့ ဖမ်းဆီးခံ သတင်းထောက် မိသားစုဝင်တွေက ပြောလိုက်ပါတယ်။ သတင်းထောက်နှစ်ဦး က အာဏာပိုင်တွေဘက်က ကြိုတင်အကွက်ဆင် ထောင်ဖမ်းသလားဆိုတဲ့ မေးခွန်းတွေ တသီကြီးထွက်နေချိန်မှာ မိသားစုဝင်တွေက အခုလို ပြောဆိုလာတာပါ။ သတင်းထောက်တွေ နဲ့စကားပြောခွင့်ရခဲ့တဲ့ မိသားစုဝင်တွေရဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ မမေခ သတင်းပေးပို့ထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို ဒီဇင်ဘာ ၂၈ရက်နေ့က အင်းစိန် အကျဉ်းထောင်မှာ မိသားစုတွေ သွားရောက်တွေ့ဆုံချိန်မှာ အခုလို ဖမ်းဆီးခံ သတင်းထောက်တွေကပြောဆိုခဲ့တာ ဖြစ်တယ်လို့ သူတို့မိသားစုဝင် တွေက ပြောပါတယ်။

" ရဲနှစ်ယောက်က သူတို့နှစ်ယောက်လက်ထဲကို စာလိပ်နှစ်လိပ်ထည့်လိုက်တယ် ကိုမိုးအောင်ဆီမှာ တလိပ် ဝလုံးလက်ထဲကို တလိပ်ထည့်လိုက်တယ်။ ထည့်ပြီးတော့ ဝလုံးတို့ကဖတ်ကြည့်မယ်လည်းဆိုရော ဓာတ်ပုံရိုက်ချင်ရိုက်တဲ့ ဆိုတော့ ဝလုံးကပြောတယ် ဓာတ်ပုံရိုက်ဖို့ အဆင်မပြေဘူးတဲ့ မှောင်နေတယ် ဓာတ်ပုံရိုက်ရတာ အဆင်မပြေဘူးဆိုတော့ ဖွင့်ကြည့်မယ်လုပ်တော့ သူတို့က ဖွင့်မကြည့်ပါနဲ့တဲ့ အိမ်ကိုပဲ ယူသွားလိုက် အိမ်ရောက်မှပဲ ဖွင့်ကြည့်လိုက်လို့ ပြောတဲ့အတွက် ဝလုံးတို့က အဲ့ဒီ့စာလိပ်ထဲမှာ ဘာတွေရှိနေလဲ ဘာတွေလဲဆိုတာ သူတို့ လုံးဝ မသိဘူး။ ရဲနှစ်ယောက်က အဲ့ဒီ့စာလိပ်ပေးပြီးတာနဲ့ သူတို့ပြန်ထွက်တယ် ထွက်သွားတယ်ပေါ့နော် သူတို့ကို ထားခဲ့ပြီးတော့။ အဲ့ဒီ့တော့ သူတို့က အဲ့ဒီ့စာလိပ်နှစ်လိပ်ယူပြီးတော့ ပိုက်ဆံရှင်းပြီးတော့ ဆိုင်အပြင်ကို ထွက်တဲ့အချိန်မှာပဲ ချက်ခြင်း ရဲ ၇ယောက် ၈ယောက်လောက် နောက်ကနေချုပ်ပြီးတော့ လက်ထိပ်ခတ်ပြီးတော့ ဖမ်းသွားတယ်တဲ့ ရဲစခန်းကိုတဲ့ စားသောက်ဆိုင်အပြင်မှာ အဲ့ဒီ့စာလိပ်ကို ဘာမှန်းမသိတဲ့ စာလိပ်နှစ်လိပ်ကို ကိုင်ပြီးတော့ လုံးဝ ဖွင့်မကြည့်ရသေးပဲနဲ့ ပြန်ထွက်တဲ့အချိန်မှာ ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတဲ့ အနေအထားမှာ သူဖြစ်သွားတာပေါ့နော်။"

ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ကိုဝလုံးပြောဆိုခဲ့တာကို ဇနီးသည် မပန်းအိမွန်က ခုလိုပြန်ပြောပြလာ တာဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၈ က ရန်ကုန်မြို့က မြန်မာဂျာနယ်လစ် ကွန်ယက် ရုံးခန်းမှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ရိုက်တာ သတင်းဌာနက သတင်းထောက် ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးခေါ် ကိုမိုးအောင်တို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညက ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်က အမှတ် ၃ အဝေးပြေးလမ်းမှာ ရဲတပ်ဖွဲ့က နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။

သူတို့နဲ့အတူ ရခိုင်ပြည်နယ် မြင်းလွတ်ရဲစခန်းက မြေပုံကြမ်းတစ်ခုနဲ့ အမှတ် (၈) လုံခြုံရေး တပ်ဖွဲ့ရဲ့ ကွပ်ကဲနယ်မြေ မှာရှိတဲ့ ကျေးရွာ တွေ မီးလောင်ပျက်စီးတဲ့ အခြေအနေနဲ့ လူနေထိုင်တဲ့အခြေအနေကို ဖော်ပြထားတဲ့ စာရွက်စာ တမ်းတွေကို သိမ်းဆည်းထားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ရဲတာဝန်ရှိသူတွေနဲ့ ညစာစားရင်းတေ့ွဆုံဖို့ ဖိတ်ကြားခံရပြီးနောက် ချိန်းဆိုထားတဲ့ညမှာပဲ သတင်းထောက် ၂ ယောက် ဖမ်းဆီးခံလိုက်ရတာကြောင့်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ပုဒ်မတပ်ခံရတာဟာ အကွက်ဆင်တာများလားဆိုတဲ့ တွက်ဆမှုတွေလည်း ရှိနေခဲ့ပါတယ်။

ဖမ်းဆီးခံရထားရတဲ့ ကိုကျော်စိုးဦးက နှိပ်စက်ခံရတာမရှိပေမယ့် အခုလို ဖမ်းဆီးခံရတဲ့ အဖြစ်ကို နားလည်နိုင်ခြင်း မရှိသလို ဖမ်းဆီးခံရတဲ့ အခြေအနေမှာ ကြောက်စရာကောင်း တဲ့ အခြေအနေတခုဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး သတင်းထောက်တွေ အနေနဲ့ သတိ ထားနေကြဖို့ကို မှာလိုက်တယ်လို့ ထောင်ဝင်စာတွေ့ခဲ့တဲ့ သူ့ညီမ မညိုညိုက ပြောပြ ပါတယ်။

" ဥပဒေအပေါ်မှာ ဘယ်သူမှ မရှိဘူးဆိုလို့ရှိရင်တော့ ပြန်ရောက်လာလိမ့်မယ် ဆိုတဲ့စကားကို ညီမကို ပြောလိုက်ပါတယ်။ ပြီးတော့ ဒီသတင်းလောကကသူတွေ သူ့သူငယ်ချင်းအပေါင်းအသင်းတွေ အကုန်လုံးကိုလည်း သတိနဲ့နေကြဖို့ ဘာဖြစ်ဖြစ် အသေးအမွှားလေးကအစ ဘယ်သူမှ မပေါ့လျော့ဖို့ အဲ့လိုသမီးကို မှာလိုက်ပါတယ်။"

သတင်းထောက်နှစ်ဦးနဲ့အတူ ဒီ စာရွက်စာတမ်းတွေ ပေးခဲ့တဲ့ ရဲဝန်ထမ်းနှစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဒီ ရဲဝန်ထမ်းတွေဟာ အခု သတင်းထောက်တွေနဲ့တွေ့ဆုံခဲ့တဲ့သူတွေ ဟုတ်မဟုတ်ဆိုတာရော၊ ရဲဝန်ထမ်းနှစ်ဦး ကို ဘယ်လို အရေးယူမလဲဆိုတာကိုပါ သဲသဲကွဲကွဲမသိရသေးပါဘူး။

သတင်းထောက်နှစ်ဥိး ကို တရားရုံးထုတ် ခေါ်လာချိန်မှာလည်း ရဲဝန်ထမ်းနှစ်ဦး မပါတာကြောင့်၊ သူတို့ကို ဘယ်လို ချုပ်နှောင်ထိမ်းသိမ်းထားလဲဆိုတာ အတိအကျ မသိရပါဘူး။

ဒါကြောင့်လည်း ဒီရဲတွေနဲ့ပတ်သတ်ပြီး မေးခွန်းထုတ်စရာရှိနေတယ်လို့ သတင်း ထောက်နှစ်ဦးရဲ့ အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင်က ဆိုပါတယ်။ အစိုးရ စွပ်စွဲထားသလို နိုင်ငံလုံခြုံရေးနဲ့သက်ဆိုင်တဲ့ စာရွက်တွေကို ဒီရဲ ၂ယောက် ဆီကနေ သတင်းထောက်တွေက အပေးအယူလုပ် ယူဆောင်တာမရှိခဲ့ဘူးလို့ ပြောပါတယ်။

" ချိန်းတယ် ချိန်းပြီးတော့ ဖုန်းဆက်ပြီးတော့ လာပါဆိုပြီးခေါ်တယ် ခေါ်လို့သွားတယ် ဟိုရောက်တော့မှ ဒီစာလိပ်ကို ထုတ်ပေးတယ် သူတို့ကိုယ်တိုင်က အံ့သြသင့်တယ်။ ဘာကြောင့် ဒါကိုပေးသလဲပေါ့ အဲ့ဒီ့နေ့က ဘာပေးမယ်ဆိုတဲ့ အချိန်းအချက်လည်းမရှိဘူး လှမ်းခေါ်တယ် ဒီနေ့ မလာလို့တော့ မရဘူး လာရမယ်ဆိုတဲ့သဘောမျိုး ခေါ်တယ် ခေါ်လို့သွားတယ်။"

မြန်မာဂျာနယ်လစ်ကွန်ယက် အဖွဲ့ဝင် ဦးဇေယျာလှိုင်ကတော့ လက်ရှိ အဖမ်းခံရတဲ့ သတင်းသမားတွေ ဖမ်းဆီးခံရမှုဟာ သုံးသပ် သူ အချို့ပြောတဲ့ အကွက်ဆင်ဖမ်းတာမျိုး ဖြစ်နိုင်တယ်လို့ တွက်ဆနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

" ကျနော့်အမြင်ကတော့ တဖြေးဖြေးနဲ့ ဒီမီဒီယာလွတ်လပ်ခွင့်က ကျဆုံးလာပြီးတော့ သတင်းထောက်တွေ ပိုပြီးခြိမ်းခြောက်ခံနေရတယ် တပ်မတော်အောက်မှာ ရှိနေတဲ့ ပြည်ထဲရေးလို အဖွဲ့အစည်းတွေပေါ့နော် သူတို့ကအစ ကျနော်တို့ကို ရန်မှုဖို့ကြိုးစားတယ် ကျနော်ယုံကြည်တာ ကျနော် မြင်တာကတော့ သူတို့မသိစေချင်တဲ့ တခုခုကို သတင်းစာဆရာတွေက ဖော်ထုတ်ဖို့ အမြဲကြိုးစားနေတယ်လို့ သူတို့က ယူဆပုံရပါတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စက အရမ်းရှင်းတယ် နှစ်ယောက်စလုံးက ထောင်ဖမ်းခံရတာပေါ့နော်။"

ဖမ်းဆီးခံသတင်းသမား ၂ဦးကို အစိုးရဘက်က သီတင်း ၂ ပါတ်ကျော်စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး အခု အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာပါ။ သတင်းသမားနှစ်ဦးး ပြန်လွှတ်ရေးနဲ့ပတ်သက်လို့ပြည်တွင်း ပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းတွေက တောင်းဆိုနေကြပြီး၊ ရိုက်တာသတင်းထောက်တွေ အပါအဝင် မကြာခင်က အခြားသတင်းထောက်တွေကို ဖမ်းတာဆီး တာတွေကြောင့် လက်ရှိ မြန်မာသတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့လည်း နိုင်ငံတကာမှာ စိုးရိမ်လာကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG