သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက် ၂ ဦး ချုပ်ရက်တိုးမှု နိုင်ငံတကာဝေဖန်


Hotunan Yadda Buhari Ya Halarci Wajen Tafsiri A Masallacin Fadar Shugaban Kasa Da Ke Abuja
Hotunan Yadda Buhari Ya Halarci Wajen Tafsiri A Masallacin Fadar Shugaban Kasa Da Ke Abuja

မြန်မာနိုင်ငံမှာ Reuters သတင်းထောက် နှစ်ဦးကို ပြန်လွှတ်မပေးပဲ ဆက်လက်ထိန်းချုပ်ထားတဲ့အတွက် အလွန်စိတ်ပျက်မိကြောင်း နယူးရောက်အခြေစိုက် CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ ကြီးက ပြောကြားလိုက်ပါတယ်။

သတင်းထောက်တွေကို ပစ်မှတ်ထား ဖမ်းဆီးမှုတွေ၊ သတင်းမီဒီယာတွေအပေါ် ခြိမ်းခြောက်မှုတွေဟာ NLD အရပ်သားအစိုးရလက်ထက်မှာ တိုးလာနေကြောင်း သတင်းမီဒီယာအဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သုံးသပ်ကြပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

လွန်ခဲ့တဲ့ သတင်းနှစ်ပတ်က ထိမ်းသိန်းခံထားရတဲ့ Reuters သတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးကို မနေ့ ဗုဒ္ဓဟူးနေ့က မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ၂ ပတ် ရမာန်ယူဖို့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ ဘာအပြစ်မှ ကျူးလွန်ထားခြင်းမရှိတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးရမယ့်အစား ဆက်ပြီး ထိန်းချုပ်ထားတဲ့အပြင် ကြီးမားတဲ့ ပြစ်ဒဏ်တွေကျခံစေဖို့ ပြင်ဆင်နေတဲ့ NLD အစိုးရရဲ့ လုပ်ရပ်ကို အလွန်စိတ်ပျက်မိကြောင်း CPJ ရဲ့ အာရှအစီအစဉ်ဆိုင်ရာတာဝန်ခံ Steven Butler က ဗွီအိုအေကို ပြောပါတယ်။

“ဒီကနေ့ သူတို့ကို လွှတ်မပေးတဲ့အတွက် ကျနော်တို့ အလွန်ပဲ စိတ်ပျက်မိပါတယ်။ သူတို့ကိုလုံးဝဖမ်းဆီးဖို့ မသင့်တဲ့ ကိစ္စပါ။ သတင်းထောက်အလုပ်လုပ်နေကြသူတွေဖြစ်ပါတယ်။ သူတို့အလုပ်သူတို့ လုပ်တာပါ။ ရာဇဝတ်မှု ကျူးလွန်တာမဟုတ်ပါဘူး။”

ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်စဉ် အစီရင်ခံစာများ လက်ဝယ်တွေ့ရှိမှုနဲ့ သူတို့ နှစ်ဦးကို ရဲအရာရှိ ၂ ဦးနဲ့အတူ ဒီဇင်ဘာလ ၁၂ ရက်နေ့က သမ္မတ ခွင့်ပြုချက်အမိန့် ဖမ်းဆီးခဲ့တာဖြစ်ပြီး ၁၉၂၃ ခုနှစ် နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ စွဲဆိုထားတာပါ။ ဒါပေမယ့် အခုလို ပထမဆုံးအကြိမ် တရားရုံးထုတ်လာရာမှာ သတင်းထောက် ၂ ဦးပဲပါပြီး ကျန်တဲ့ ရဲ ၂ ဦးပါမလာတာဟာ ဥပဒေနဲ့ မညီဘူးလို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံလည်းဖြစ်၊ ဥပဒေရေးရာကျွမ်းကျင်သူလည်းဖြစ်တဲ့ ဦးမင်းလွင်ဦးက ဗွီအိုအေကိုပြောပါတယ်။

“သတင်းထောက်ကတော့ သူတို့သတင်းရယူဖို့ကြိုးစားမှာပဲ။ ဒါသူတို့အလုပ်ဖြစ်တယ်။ အဲတော့ သတင်းအချက်အလက်ရယူတဲ့နေရာမှာ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်တွေပေါက်ကြားတယ်ဆိုပြီး၊ တကယ်တမ်းစာရွက်စာတမ်း အထောက်အထားတွေကို ထုတ်ပေးလိုက်တာက အစိုးရတာဝန်ရှိတဲ့သူတွေ၊ အဲဒီသူတွေက အမှုစွဲတဲ့အထဲမှာ ပါမလာပဲနဲ့ အခုလို သတင်းထောက် ၂ ယောက်ကိုပဲအမှုတင်တဲ့ အဆင့်ဖြစ်လာတယ်ဆိုတာက မကောင်းတဲ့ အလားအလာဖြစ်တယ်။ ဥပဒေနဲ့လည်း မညီညွတ်ဘူး။”

ဒါအပြင် Reuters သတင်းထောက် ၂ ဦးဖမ်းဆီးခဲ့တဲ့ကိစ္စမှာ သတင်းမီဒီယာတွေကိုပဲ ပစ်မှတ်ထားသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

“အဲတော့ တကယ်တန်းစာရွက်စာတမ်း၊ အထောက်အထားတွေထုတ်ပေးလိုက်တဲ့ ဒုရဲမှူးကြီးတို့ ဘာတို့ဆိုတာက အစိုးရသက်သေအဖြစ် ဒီအမှုမှာ ထည့်သွင်းပြီးတော့လည်း အသုံးချလာနိုင်တယ်။ ဒါမျိုးဆိုရင်တော့ သတင်းလောကကို တမင်သတ်သတ် ဖိနှိပ်ဖို့ ရည်ရွယ်ပြီးလုပ်တယ်ဆိုတဲ့ သဘောမျိုး ပြောလို့ရတယ်။”

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ၊ လုံခြုံရေးတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ လုံခြုံရေး စာရွက်စာတမ်းအထောက်တွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့ ရည်ရွယ်ချက်နဲ့ တရားမဝင် သတင်းရယူခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဦးမင်းလွင်ဦးရဲ့ အမြင်ကတော့-

“နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားသလား၊ မပေါက်ကြားဘူးလားဆိုတဲ့ကိစ္စရပ်တွေမှာ အမှုစစ်တဲ့အခါကျမှ ရှင်းရှင်းလင်းလင်းသိရမှာ။ ဒီလိုဖြစ်ခဲ့တဲ့အမှုတွေက ယူနီတီဂျာနယ်တုန်းကလည်းဖြစ်ခဲ့ဘူးတယ်။ အဲတုန်းက အစိုးရလျှို့ဝှက်စက်ရုံတွေ တည်ဆောက်နေတယ်ဆိုပြီးတော့ အထဲထိသွားပြီး သတင်းယူတဲ့သူတွေကို ဖမ်းဆီးတုန်းကလည်း အမှုစစ်တဲ့အခါမှာ လုံခြုံရေးအရ အဓိက တာဝန်ရှိတဲ့သူတွေရဲ့ ပေါ့လျော့မှုကြောင့်ဆိုတာ ပေါ်ပေါက်လာတဲ့အခါမှာ သူတို့ကိုနောက်ဆုံးပြစ်ဒဏ်တွေပေးပေမယ့် နိုင်ငံတကာရဲ့ဖိအားတွေကြောင့် ပြန်လွှတ်လိုက်ရတဲ့ အလားအလာတွေရှိပါတယ်။ အခု Reuters သတင်းထောက် ၂ယောက်ရဲ့ကိစ္စမှာလည်း သတင်းအချက်အလက်တွေကို သူတို့ စုဆောင်းတယ်။ နိုင်ငံတော်ရဲ့လုံခြုံရေးကို တကယ်ထိခိုက်နိုင်တဲ့ကိစ္စမဟုတ်ဘူးဆိုရင်တော့ ဒီအမှုကပြီးသွားနိုင်လိမ့်မယ်လို့ ယူဆမိတယ်။ ဒါပေမယ့် တရားရုံးတင်စစ်ဆေးမှသာ ဒီကိစ္စကပြီးမယ်ဆိုရင်တော့ ကြာအုံးမယ်ထင်မယ်။”

ဒီအတောအတွင်းနေပြည်တော်လွှတ်တော်အဆောက်အဦးတွေကို အဝေးထိန်း Drone ယာဉ်လွှတ်တင်ဓါတ်ပုံရိုက်ဖို့ ကြိုးစားခဲ့မှုနဲ့ လတ်တလော ထောင်နှစ်လ ချခံထားရတဲ့ အလွတ်တန်းသတင်းထောက် ကိုအောင်နိုင်စိုးအပါအဝင် နိုင်ငံခြားသတင်းထောက်နှစ်ဦးနဲ့ ယာဉ်မောင်းတို့ကို သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့ တရားစွဲဆိုထားရာကနေ တရားလိုဖြစ်တဲ့ ရဲဘက်က သူတို့ စွဲချက်တွေကို ဒီဇင်ဘာလ ၂၆ ရက်နေ့က ရုပ်သိမ်းလိုက်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ CPJ ရဲ့ သုံးသပ်ချက်ကို Steven Butler က အခုလိုပြောပါတယ်။

“သူတို့အပေါ် စွဲချက်တွေကို ရုပ်သိမ်းလိုက်တဲ့အတွက် ကျနော်တို့ ဝမ်းသာပါတယ်။ မကြာခင်အချိန်အတွင်း သူတို့ကို လွှတ်ပေးတော့မယ်လို့ မျှော်လင့်ချက်တွေရှိနေပါတယ်။ ဒီအမှုမှာလည်း အရင်ကတည်းက သူတို့ကို ဖမ်းဆီးဖို့ မသင့်တဲ့ ကိစ္စဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အရပ်သားအစိုးရလက်ထက်မှာ ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းရေး ပိုပြီးတိုးတက်လာမယ်လို့ အရင်က မျှော်လင့်ခဲ့ပေမယ့် သတင်းမီဒီယာတွေ လွတ်လပ်ခွင့်ဟာ ပိုပြီးဆိုးလာနေတယ်လို့ Steven Butler ကဆိုပါတယ်။

“မြန်မာနိုင်ငံမှာ သတင်းထောက်တွေရဲ့ လုပ်ပိုင်ခွင့်အခြေအနေတွေဟာ ပိုပိုပြီး တင်းကျပ်လာနေပါတယ်။ ဒေသတွင်း သတင်းမီဒီယာတွေကို နည်းလမ်းမျိုးစုံသုံးပြီး ကန့်သတ်လာသလို အခုဆိုရင် နိုင်ငံခြားသတင်းမီဒီယာတွေအပေါ်မှာလည်း ဖိအားတွေပိုပြီးပေးလာနေပါတယ်။ ၂၀၁၅ရွေးကောက်ပွဲမဲဆွယ်စည်းရုံးတုန်းကတော့ သတင်းလွတ်လပ်ခွင့်ပိုပြီးရလာဖို့ ကတိတွေပေးခဲ့ကြပေမယ့် အခုချိန်ထိ အကောင်အထည်ပေါ်မလာသေးပါဘူး။”

ရခိုင်ပြည်နယ်ပဋိပက္ခတွေအကြောင်း သတင်းရေးသားနေတဲ့ Reuters သတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးကို အစိုးရဘက်က စွဲဆိုထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေအရ ပြစ်မှုထင်ရှားတယ်ဆိုရင် အများဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်ပါတယ်။ သူတို့ ၂ ဦးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအပါအဝင် အမေရိကန်၊ ဗြိတိန်၊ ဂျပန် စတဲ့ နိုင်ငံတကာအစိုးရတွေက မြန်မာအစိုးရကို အလေးအနက် တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG