သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ရိုက်တာသတင်းထောက်နှစ်ဦး ရုံးထုတ်


ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်
ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်

နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းဌာနက သတင်းထောက်တွေက သူတို့အနေနဲ့ သတင်းသမားကျင့်ဝတ်ကို ဖောက်ဖျက်ခဲ့တာ မရှိဘူးလို့ ပြောလိုက်ကြပါတယ်။ သူတို့ဖမ်းဆီးခံထားရတာ ၂ ပတ်အကြာ ဗုဒ္ဓဟူးနေ့က တရားရုံးထုတ်စဉ်မှာ သတင်းထောက်တွေက ခုလို ပြောခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ အမှုအတွက် လာမယ့် နှစ်ဇန်နဝါရီ် ၁၀ရက်တွင် ရုံးချိန်းထပ်မံဆင့်ခေါ်ထားပါတယ်။ ဒီသတင်းကို သွားရောက်ရိုက်ကူးခဲ့တဲ့ ဗွီအိုအေသတင်းထောက်မေခက သတင်းပေးပို့ထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့က မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်ပြီး နောက်ထပ်ရမန်ယူခဲ့ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဒီဇင်ဘာ ၁၂ရက်နေ့ကတည်းက မိသားစုနဲ့ကော ရှေ့နေတွေနဲ့ပါတွေ့ခွင့်မရခဲ့တာ ဒီကနေ့မှ ပြန်လည်တွေ့ ဆုံနိုင်ခဲ့တာဖြစ်ပါ တယ်။ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေက သူတို့ဟာ သတင်းသမားတယောက် လုပ်စရာရှိတာကို လုပ်တာသာဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

"ကျနော်တို့အဖမ်းခံရတယ်ဆိုတာလေ ကျနော်တို့ သတင်းသမားကျင့်ဝတ်နဲ့ အမှန်တရားအတိုင်းကျနော်တို့ မီဒီယာကျင့်ဝတ်နဲ့ အညီလုပ်ဆောင်ခဲ့တာပါ။"

ကိုသက်ဦးမောင်(ခေါ်)ကိုဝလုံးက အခုလိုပြောဆိုခဲ့တာပါ။

သူတို့စတင်ဖမ်းဆီးခံခဲ့ရတဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ထဲက အင်းစိန် CID အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှာထိန်းသိမ်းပြီး စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ ဖမ်းဆီးခံသတင်းထောက်တွေက တရားရုံးရှေ့မှာစောင့်ဆိုင်းနေတဲ့ သတင်းထောက်တွေကို ပြောပါတယ်၊။

တရားရုံးထဲမှာ ရမန်ယူနေချိန် ဖမ်းဆီးခံရထားရတဲ့ ကိုကျော်စိုးဦးက နှိပ်စက်ခံရတာမရှိပေမယ့် အခုလို ဖမ်းဆီးခံရတဲ့ အဖြစ်ကို နားလည်နိုင်ခြင်း မရှိသလို ဖမ်းဆီးခံရတဲ့ အခြေအနေမှာ ကြောက်စရာကောင်းတဲ့အခြေအနေတခုဖြစ်တယ်လို့ ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။ ဒီကနေ့ ရုံးထုတ်ချိန်မှာ သတင်းထောက်တွေနဲ့အတူု နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေနဲ့တရားစွဲခံရတဲ့ ရဲဝန်ထမ်း ၂ ဦးကိုရုံးထုတ်ခေါ်ဆောင်လာတာ မရှိသလို သူတို့ကိုအမှန်တကယ်ချုပ်ထားခြင်း ထိန်းသိမ်းထားခြင်းရှိမရှိကိုလည်းမသိရပါဘူး။ အမှုတွဲတခုထဲဖြစ်ပေမယ့် ရဲစည်းကမ်းဥပဒေနဲ့အညီ အရေးယူ နိုင်တာမို့ ထုတ်ပြတာမရှိဘဲ အရေးယူတာလည်းဖြစ်နိုင်တယ်လို့ သတင်းထောက်နှစ်ဦးရဲ့ အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင်ကဆိုပါတယ်။

"အခုကြားရတာက ရဲ ၂ ယောက်နဲ့ ပတ်သက်ပြီးတော့ ဘာမှ သတင်းထုတ်ပြန်တာ မရှိဘူး။ ပထမဦးဆုံးဖြစ်ပြီးတော့ နောက်တရက် သတင်းစာမှာ ပါတဲ့ဟာကိုပဲ ကိုဝလုံးနဲ့ ကိုမိုးအောင်တို့နဲ့အတူ ရဲတပ်ဖွဲ့ဝင်၂ ယောက်ကို အရေးယူထားတယ်ဆိုတာပဲ ပြောထားတယ်။ ဒါပေမယ့် သီးသန့် ရဲတပ်ဖွဲ့စည်းကမ်းဥပဒေအရ အရေးယူတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာတယ်ဆိုရင်တော့ ဒီ ရဲ ၂ ယောက်ကိုလည်း ဘယ်လိုဘယ်လိုအရေးယူထားပါတယ်ဆိုတာကိုလည်း ပြန်ကြားရေးက ချပြရမယ့် တာဝန်ရှိတယ် ပြည်သူသိဖို့အတွက်။"

သတင်းထောက် ၂ ယောက်ကို ဒီကနေ့ ပထမဆုံးရုံးထုတ်တာဟာ ထပ်မံရမန်ယူရန်သာဖြစ်ပြီး လာမယ့်နှစ် ဇန်နဝါရီ် ၁၀ရက်မှာ ထပ်မံရုံးထုတ်မှာဖြစ်ပါတယ်။ ဒီကနေ့တရားရုံးမှာ ရမန်ယူပြီးသွားတဲ့အခါ အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ထိန်းသိမ်းထားမှာဖြစ်တယ်လို့လည်း ရှေ့နေက ပြောပါတယ်။ နောက်ရုံးချိန်းတွေကိုတော့ အင်းစိန် အနောက်ပိုင်းခရိုင်တရားရုံးမှာ ဆက်လက်စစ်ဆေး သွားတော့မှာ ဖြစ်ပြီး လက်ရှိ မှာ ခုလို တရားရုံးရမန်ယူချိန်မှသာ တွေ့ရတာမို့ အခုအချိန်ထိ အမှုတွဲ အသေးစိတ်ကို ဖတ်ရှုနိုင်ခြင်းမရှိသေးသလို ဖမ်းဆီးခံသတင်းထောက်တွေရဲ့ အခြေ အနေ အသေးစိတ်ကိုလည်း ပြောဆိုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။

ရဲတာဝန်ရှိသူတွေနဲ့ ညစာစားရင်းတေ့ွဆုံဖို့ ဖိတ်ကြားခံရပြီးနောက် ချိန်းဆိုထားတဲ့ညမှာပဲ သတင်းထောက် ၂ ယောက် ဖမ်းဆီးခံလိုက်ရပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ပုဒ်မတပ်ခံရတာဟာ အကွက်ဆင်တာများလားဆိုတဲ့ တွက်ဆမှုတွေလည်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေ တာပါ။ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဖမ်းဆီးပြီး စစ်ဆေးခဲ့တာ သီတင်း ၂ ပတ်ကျော်လာပြီဖြစ်ပေမဲ့ အစိုးရဘက်က စွပ်စွဲထားသလို ဥပဒေ ပုဒ်မနဲ့ ငြိစွန်းတယ်ဆိုတဲ့ မသင်္ကာစရာရလာဒ် တွေ တကယ်ပဲ တေ့ွရှိသလားဆိုတာကို အစိုးရဘက်က ထုတ်ဖော်ပြောဆိုထားတာလည်းမရှိသေးပါဘူး။

သတင်းမီဒီယာ သမားတွေကို နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေနဲ့ တရားစွဲဆိုတာဟာ အမြင့်ဆုံးတရားစွဲဆိုမှုဖြစ်ပြီး ဒီဥပဒေနဲ့ ဘယ်လိုကြောင့်စွဲရသလဲ ဆိုတာ ခုချိန်ထိ အစိုးရဘက်က ရှင်းပြနိုင်ခြင်းလည်းမရှိပါဘူး။ အခုလိုတရားစွဲဆိုတဲ့ အပေါ် ဥပဒေသမား ဦးသန်းဇော်အောင်ကတော့ လက်မခံတာကြောင့် အကောင်းဆုံး ခုခံချေပမယ်လို့ပြောဆိုလိုက်ပါတယ်။

"ဒီဥပဒေနဲ့ မဆွဲသင့်ပါဘူး၊ အဓိကတော့ ဒီဟာ သတင်းသမားက သတင်းအချက်အလက်ကို ကောက်ခံတယ်၊ ကောက်ခံပြီးသွားတော့ သတင်းရေးဖို့လုပ်ဆောင်ရင်နဲ့ ဒီအချက်အလက်တွေမိသွားတယ် ။ မိသွားတဲ့အချိန်မှာ သူတို့အနေနဲ့လည်း ဒါကို နိုင်ငံတော်ရဲ့ အကျိုးကျေးဇူးသစ္စာကို ဖောက်ဖျက်မယ် ဆိုတာလည်း ကျနော်မထင်ဘူး။ အဲလိုမျိုး သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ ထမ်းဆောင်ရင်းနဲ့ ဒီလိုပုဒ်မတွေနဲ့ စွပ်စွဲခံရတာက သတင်းသမားတွေအတွက် အရမ်းနစ်နာပါတယ်။ ပြည်သူတွေအတွက်လည်း သိပိုင်ခွင့်ဆုံးရှုံးပါတယ်။"

ရုံးထုတ်လာတဲ့ သတင်းထောက်တွေကို ၁၀ မိနစ်လောက်သာ တေ့ွမြင်ခွင့်ရခဲ့ပြီး၊ သူတို့ရဲ့ ကျန်းမာရေးနဲ့ ဖမ်း ဆီးခံရချိန်မှာ အစိုးရ ထုတ်ပြန်သလို နိုင်ငံတော်လုံခြုံရေးစာရွက်စာတမ်း သူတို့လက်ဝယ်ရှိခဲ့ခြင်းရှိမရှိဆိုတာကို သိရှိနိုင်ခွင့် မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG