သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းထောက် ၂ ဦး ကုလကို သတင်းအချက်အလက်ပေးပို့ခြင်း မရှိဟု ကုလတာဝန်ရှိသူတွေငြင်းဆို


ကုလ-လူ့အခွင့်အရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် Rupert Colville (ဇွန်လ ၊ ၂၀၁၅)
ကုလ-လူ့အခွင့်အရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် Rupert Colville (ဇွန်လ ၊ ၂၀၁၅)

မြန်မာနိုင်ငံမှာ အဖမ်းခံထားရတဲ့ Reuters သတင်းထောက် ၂ ဦးဟာ ကုလသမဂ္ဂကို ဘာသတင်းအချက်အလက်မှ ပေးပို့ခဲ့တာမျိုး မရှိဘူးလို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ငြင်းဆိုလိုက်ပါတယ်။ ဒီသတင်းထောက် ၂ ဦးကို ဖမ်းရတာဟာ အရေးကြီး စာရွက် စာတမ်းတွေ ပြည်ပသတင်းဌာနကို ပေးပို့ဖို့ ရည်ရွယ်ချက်နဲ့ တရားမဝင် သတင်းရယူ ခဲ့တယ်ဆိုတဲ့ အစိုးရရဲ့ အကြောင်းပြချက်ကိုလဲ ကုလသမဂ္ဂက ပယ်ချလိုက်ပါတယ်။ ရိုက်တာသတင်းတပုဒ်ပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

Reuters သတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ဒေသက အကြမ်းဖက်မှု အခြေအနေကို သတင်းယူရင်း ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံတွေကို ကုလသမဂ္ဂ တာဝန်ရှိသူတွေထံ ပေးပို့ခဲ့တယ်လို့ စစ်ထောက်လှမ်းရေးနဲ့ နီးစပ်တဲ့ အမည်မဖေါ်လိုသူတဦးက ပြောတယ်ဆိုပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့ထုတ် ဧရာဝတီ အွန်လိုင်းမဂ္ဂဇင်းမှာ ဖေါ်ပြခဲ့တာပါ။

ဒီဇင်ဘာ ၁၂ ရက်နေ့ကတည်းက အဖမ်းခံနေရတဲ့ သူတို့နှစ်ဦးဟာ ကုလသမဂ္ဂအတွက်ရော အခြား ဘယ်အဖွဲ့အစည်း အတွက်ကိုမှ အလုပ်လုပ်ပေး နေတာမျိုး မရှိဘူးလို့ Reuters သတင်းဌာနက ငြင်းဆိုထားပါတယ်။

သတင်းထောက်၂ဦးဟာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ငြိစွန်းမှု ရှိမရှိဆိုတာကို စုံစမ်းစစ်ဆေးနေဆဲပဲလို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြစ်မှုထင်ရှားရင်တော့ အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်ထိ ကျခံရဖွယ် ရှိပါတယ်။

ကုလ-လူ့အခွင့်အရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် Rupert Colville ကတော့ အဖမ်းခံထားရတဲ့ သတင်းထောက်တွေရဲ့ ကံကြမ္မာနဲ့ပတ်သက်လို့ အထူးစိုးရိမ်မိကြောင်း၊ သတင်းလုပ်ငန်းဟာ ရာဇဝတ်မှု မဟုတ်ကြောင်း၊ လျှို့ဝှက်ချက် အက်ဥပဒေကိုအသုံးချပြီး သတင်းအလုပ်ကို ရာဇဝတ်မှုအဖြစ် စွပ်စွဲလိုက်ခြင်းသာ ဖြစ်ကြောင်း ပြောပါတယ်။

“ပုံမှန်အားဖြင့်တော့ ကုလသမဂ္ဂဟာ သတင်းတွေကို ဘယ်ကနေ- ဘယ်သူ့ဆီကနေ ရတယ်ဆိုတာမျိုးကို ပြောလေ့မရှိပါဘူး။ ကုလသမဂ္ဂကို သတင်းအချက်အလက် ပံ့ပိုးပေးတဲ့ ပြည်သူတွေကို ဘယ်နိုင်ငံကမှ တားမြစ်ဖို့ မသင့်ပါဘူး။ အခုကိစ္စမှာတော့ ဒီ Reuters သတင်းထောက် ၂ဦးဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာရုံးနဲ့ရော မြန်မာပြည်ဆိုင်ရာ ကုလ-လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ပါ ဘယ်လိုမှ အဆက်သွယ်မရှိဘူး ဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ကုလသမဂ္ဂကို ဓါတ်ပုံဖြစ်ဖြစ် အခြား စာရွက်စာတမ်း ဖြစ်ဖြစ် ပေးပို့ခဲ့တယ်ဆိုတာ လုံးဝကို လွဲမှားတဲ့ စွပ်စွဲချက်သာ ဖြစ်ပါတယ်။”

ရိုက်တာ သတင်းထောက် ၂ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလဲ Rupert Colville ကတောင်းဆိုလိုက်ပါတယ်။

“ ဒီသတင်းထောက် ၂ဦး ဖမ်းထားတဲ့ကိစ္စ ကျနော်တို့ အထူးစိုးရိမ်ပါတယ်။ သတင်းထောက် အလုပ်ဟာ ရာဇဝတ်မှု မဟုတ်ပါဘူး။ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ သတင်းထောက်တဦးကို ဖမ်းဆီးတာဟာ မြန်မာနိုင်ငံမှာ မီဒီယာအလုပ်ကို ရာဇဝတ်မှုအဖြစ် သက်ရောက်အောင် လုပ်သလို ဖြစ်နေတဲ့အတွက် အင်မတန် စိုးရိမ်ဖွယ် ဖြစ်ရပ်တွေပါ။ ဒီသတင်းထောက် ၂ဦးကို အမြန်ဆုံး ပြန်လွှတ် ပေးလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

အမေရိကန် အောက်လွှတ်တော် ဒီမိုကရက်ပါတီအမတ်များအဖွဲ့ အကြီးအကဲ Joe Crowley ကလည်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ဦးအဖမ်းခံနေရတဲ့ အပေါ်စိုးရိမ်မကင်း ဖြစ်မိကြောင်း ဒီဇင်ဘာ ၂၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သလို၊ သူတို့ကို အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆို ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကို ကြာသပတေးနေ့က တွေ့ဆုံပြီး အဖမ်းဆီး ခံထားရတဲ့ သတင်းထောက် ၂ဦး ကိစ္စအပါအဝင် မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ သွားရောက် ဆွေးနွေးခဲ့တယ်လို့ အစိုးရ ရုပ်မြင်သံကြား သတင်းမှာ ဖေါ်ပြပါတယ်။

ရခိုင်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ရဲ့ နယ်မြေရှင်းလင်းရေး ဖြစ်စဉ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင် ၆သိန်းခွဲကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရခိုင်ပဋိပက္ခနဲ့ ပတ်သက်လို့ အခု အဖမ်းခံထားရတဲ့ သတင်းထောက် ၂ဦးဟာ Reuters သတင်းဌာနအတွက် သတင်းရယူ ပေးခဲ့တာ ဖြစ်ပါတယ်။ အဖမ်းဆီခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ဦးအတွက် ရှေ့နေတွေ့ခွင့်မရတာ ၊ မိသားစုနဲ့ တွေ့ခွင့်မရအောင် တားမြစ်ထားတာ အတွက် ၊ နိုင်ငံခြား အစိုးရတချို့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ သတင်းအဖွဲ့အစည်းတွေက မြန်မာအစိုးရကို ပြစ်တင်ဝေဖန် ကြပါတယ်။ ဒီသတင်းထောက် ၂ဦးဟာ ကောင်းမွန်စွာ နေထိုင်ရပြီး ကျန်းမာစွာရှိကြောင်း အစိုးရအဆင့်မြင့် ပြောခွင့်ရပုဂ္ဂိုလ်က ဗုဒ္ဓဟူးနေ့က ပြောပြီး၊ သူတို့ ၂ဦးကို အခုလို ဖမ်းဆီးထားတာဟာ သတင်းလွတ်လပ်ခွင့်ကို ချိုးဖေါက်နေတာ မဟုတ်ဘူးလို့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG