သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သတင်းထောက်နှစ်ဦးကို ဥပဒေနဲ့အညီထိန်းသိမ်း သမ္မတရုံးပြောခွင့်ရဆို


ရိုက်တာသတင်းဌာန သတင်းထောက်တွေဖြစ်တဲ့ ကိုသက်ဦးမောင်(ခေါ်) ကိုဝလုံး နဲ့ ကိုကျော်စိုးဦး(ခေါ်) ကိုမိုးအောင်

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်တွေ ကျန်းကျန်းမာမာရှိနေပြီး ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သမ္မတရုံး ပြောခွင့်ရက ပြောပါတယ်။ သတင်းထောက် ၂ ယောက်ဖမ်းဆီခံထားရတာ သီတင်တပတ်နီးပါးကြာလာပြီဖြစ်ပေမဲ့ ခုချိန်ထိ မိသားစုဝင်တွေဖက်က သတင်းတစုံတရာ မသိရသေးပါဘူး။ သမ္မတရုံးပြောခွင့်ရသူကတော့ သတင်းထောက်တွေရဲ့ အမှုကို ဥပဒေအတိုင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဗွီအိုအေ မြန်မာပိုင်းကသတင်းထောက် မေခက အပြည့်အစုံဆက်ပြီးတင်ပြပါမယ်။

ပြီးခဲ့တဲ့တပတ် အင်္ဂါနေ့ ဒီဇင်ဘာလ ၁၂ရက်နေ့ ညက ရဲတာဝန်ရှိသူတွေနဲ့တွေ့ဖို့ ချိန်းဆိုမှုကြောင့် သွားရောက်တွေ့ဆုံခဲ့တဲ့ ရိုက်တာသတင်းဌာန သတင်းထောက်တွေဖြစ်တဲ့ ကိုသက်ဦးမောင်(ခေါ်) ကိုဝလုံး နဲ့ ကိုကျော်စိုးဦး(ခေါ်) ကိုမိုးအောင်တို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်စဉ် အစီရင်ခံစာများ လက်ဝယ်တွေ့ရှိမှုနဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ၊ ပုဒ်မ ၃ နဲ့ ရန်ကုန်မြို့၊ ထောက်ကြန့်နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရတာ တပတ်ခန့်ရှိနေပြီဖြစ်ပေမယ့်မိသားစု ရော ရှေ့နေပါ အခုချိန်အထိ တွေ့ခွင့်မရသေးတဲ့အပေါ် သူတို့ရဲ့လုံခြုံရေးကို မိသားစုဝင်တွေနဲ့ သတင်းသမားတွေဘက်က အထူးစိုးရိမ်မှုတွေရှိနေခဲ့တာဖြစ် ပါတယ်။ အခုအချိန်ထိ သူတို့ကို ဘယ်နေရာမှာ ဖမ်းထားတယ်ဆိုတာကိုလည်း မသိရသေးပါဘူး။ သတင်းထောက်တွေဖမ်းဆီးခံထားရတဲ့အခြေအနေနဲ့ပါတ်သက်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို ဗွီအိုအေက ဆက်သွယ်မေးတဲ့အခါ သတင်းထောက်တွေကျန်းကျန်းမာမာရှိပါတယ်လို့ခုလို ပြောပါတယ်။

“ကျနော်တို့ သိရသလောက် ကျန်းကျန်းမာမာ ဥပဒေနဲ့အညီရှိပါတယ်။ ပြည်ထဲရေးကိုသာဆက်သွယ်ပါ သူတို့ဥပဒေနဲ့အညီ လုပ်ဖို့ပဲ ရှိပါတယ်။”

ရဲတာဝန်ရှိသူတွေနဲ့ ညစာစားရင်းတွေ့ဆုံဖို့ ဖိတ်ကြားခံရပြီးနောက် ချိန်းဆိုထားတဲ့ညမှာပဲ သတင်းထောက် ၂ ယောက် ဖမ်းဆီးခံလိုက်ရပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ပုဒ်မတပ်ခံရတာဟာ အကွက်ဆင်တာများလားဆိုတဲ့ တွက်ဆမှုတွေလည်း ထွက်ပေါ်နေပါတယ်။ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဖမ်းဆီးပြီး စစ်ဆေးနေတာ တပတ်လောက်ရှိနေပြီဖြစ်လို့ မသင်္ကာစရာရလာဒ်တွေ တကယ်ပဲ တွေ့ရှိသလားဆိုတာကိုတော့ ဦးဇော်ဌေးကဖြေဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် ဥပဒေနဲ့အညီ ဆက်လက် အရေးယူသွားမယ်လို့ဆိုပါတယ်။

“နံပတ် ၁ အချက်က ဒါက တရားရုံးမှာ အမှုဖွင့်ထားတယ်၊ တရားရုံးလုပ်ပိုင်ခွင့်မှာ ရှိတယ်ပေါ့နော် အဲဒီအမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ ဘယ်လိုဘယ်လိုကြောင့်ဆိုတာကို ပြောဖို့မရှိပါဘူး။ ပြောရင် ကျနော်တို့က အခုအချိန်မှာ တရားရုံးမှာ အမှုဖွင့်ထားတာ တစုံတရာသက်ရောက်မှုရှိမှာစိုးလို့ပါ။ ဥပဒေအတိုင်းပဲ ဖြစ်ရပါလိမ့်မယ် ဒါကိုပဲ ကျနော်တို့ ပြောလို့ရမှာပါ။”

သတင်းထောက်တွေကို မိသားစုနဲ့ဘယ်အချိန်ပေးတွေ့မယ်။ ဘယ်တရားရုံးမှာ ဘယ်တော့ ရုံးထုတ်မယ်ဆိုတာကိုတော့ ဦးဇော်ဋ္ဌေးက ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ဖမ်းဆီးခံ ရိုက်တာသတင်းထောက် ကိုဝလုံး(ခ) ကိုသက်ဦးမောင် ရဲ့ ဇနီး မအိမွန်ကတော့ သူမခင်ပွန်းကို အသက်ရှင်လျက် ပြန်လည်တွေ့ဖို့သာ လိုလားတယ် လို့ ဗွီအိုအေကိုပြောပါတယ်။ သူ့ခင်ပွန်းဟာ အစိုးရဘက်က စွပ်စွဲသလို ပြစ်မှုကျူးလွန်သူမျိုးမဟုတ်ဘူးလို့ပြောပါတယ်။

“အသက်အန္တရာယ်စိုးရိမ်ပါတယ်။ သူတို့လက်ထဲမှာ ရှိနေတယ်ဆိုတော့လေ အခြေအနေကတော့ ဘာမှန်းမသိဘူး ရှုပ်ထွေးနေတယ်လို့ပြောတိုင်း ကိုယ့်မှာ ရင်ပူသွားတယ်။ သူများတွေက လွှတ်မှာပါလို့ပြောရင် တခါတလေ အရူးမလိုဖြစ်နေတယ်။ ဘာဖြစ်ဖြစ်လုပ်လို့ရတဲ့အနေအထားမှာရှိတယ် ၊ ဟိုသတင်းရောင်းစားတယ်လို့ပြောရအောင် ကျမတို့နေနေတဲ့အနေအထားကိုလည်း လာကြည့်ပါဦး ဘယ်လိုနေနေရတယ်ဆိုတာ။ ဒီလိုသတင်းရောင်းစားပြီး သူလျှိုလိုနေနေရအောင် ချမ်းချမ်းသာသာကြီး နေနေရတဲ့ အိမ်ထောင်စုတွေမဟုတ်ဘူး အိမ်ထောင်စု ၂ ခုလုံး။ ဒီလောက်အထိ ယုတ်ယုတ်မာမာနေတဲ့လူတွေမဟုတ်ဘူး။”

ရိုက်တာသတင်းထောက် ၂ ယောက်ကိုပြန်လွှတ်ပေးဖို့အတွက် သတင်းသမား အဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။ သတင်းထောက်တွေ သတင်းထောက်တာဝန်ထမ်းဆောင်ရာမှာ ဘယ်လိုအကြောင်းက လှို့ဝှက်လုံခြုံရေးကို ထိခိုက်စေတယ်ဆိုတာကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်ကြောင်းနဲ့ သက်ဆိုင်သူတွေနဲ့ သတင်းထောက်တွေကို တွေ့ဆုံခွင့်ပေးဖို့ Pen Myanmar က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။ PCMJ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီကလည်း သတင်းထောက်တွေ ဖမ်းဆီးထိန်းသိမ်းထားတာအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အမည်းရောင် တီရှပ် ၀တ်ဆင်တဲ့ Black Campaign အမည်းရောင် လှုပ်ရှားမှုကိုပြုလုပ်နေကြပါတယ်။

ရခိုင်ပြည်လုံခြုံရေးအခြေအနေတွေနဲ့ဆက်စပ်ပြီး ရိုက်တာသတင်းထောက် ၂ ယောက်ဖမ်းဆီးခံထားရချိန်မှာပဲ မောင်တောမြို့ အင်းဒင်ရွာမှ ပညာရေးဝန်ထမ်း ၄ ဦးနဲ့ အရပ်သားတဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ရက်က စစ်ဘက်ရေးရာလုံခြုံရေး (စရဖ)နဲ့ ရဲတပ်ဖွဲ့က အဖွဲ့တွေက ခေါ်ယူစစ်ဆေးနေပါတယ်။ သူတို့ကိုစစ်ဆေးမှုဟာ ရိုက်တာသတင်းထောက်တွေဖမ်းခံရတဲ့ အမှုနဲ့ ဆက်စပ်တယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပေမဲ့ ဗွီအိုအေကတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ ရခိုင် ပြည် နယ်အခြေစိုက် လုံခြုံရေးဆိုင်ရာ အဖွဲ့တွေဆီကို ဗွီအိုအေ ဘက်က အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းပေမယ့် အတည်ပြုပေးနိုင်ခြင်းမရှိသလို လုံခြုံရေး အဖွဲ့ တွေဘက်က ဖြေကြားခဲ့ခြင်းမရှိပါဘူး။

မောင်တော ခရိုင် အထွေထွေအုပ်ချုပ်ရေးမှုး ဦးရဲထွဋ်ကတော့ ဖမ်းဆီးမှုနဲ့ပတ်သတ်လို့ အခုလိုဖြေခဲ့ပါတယ်။

“ထုတ်ပြန်တဲ့သတင်းအပေါ်မှာ မူတည်ပြီးမှ ခေါ်ယူမေးမြန်းတာပါ။ အဲဒါကတော့ လုံခြုံရေးအဖွဲ့အစည်းကလုပ် တာ ကျနော်တို့လောလောဆည် မသိရသေးဘူး။”

ခေါ်ယူစစ်ဆေးခံရသူတွေကတော့ မောင်တော လက်ထောက် ပညာရေးမှုး ဦးမြင့်စိုး၊ အင်းဒင်ရွာ မူလတန်းကျောင်းအုပ် ဦးအောင်သိန်းဖြူနဲ့ မူလတန်းကျောင်း ဆရာ ၂ဦးတို့ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အမည်မဖော်လိုတဲ့ မောင်တော ဒေသခံတဦးကတော့ ဒီ ၅ ဦးမှာ ရက္ခိုင်းတပ်မတော် AA နဲ့ ပတ်သတ်တယ်လို့ သတင်းရလို့ အခုလို ခေါ်ယူစစ်ဆေးခံရ တယ် လို့လည်း သတင်းတွေထွက်နေသလို သံတွဲဘက်က ရေလုပ်သားတွေကို မောင်တောကို အစိုးရအစီအစဉ်နဲ့ အလွဲသုံးစားလုပ် ခေါ်ယူနေရာ ချထားဖို့လုပ်တာကြောင့် စစ်ဆေးခံရတယ် လို့လည်း သတင်းတွေထွက်နေတယ်လို့ ပြောပါတယ်။အချို့ကတော့ လုံခြုံရေးဆိုင် ရာ ပေါက်ကြားမှုနဲ့လည်း ဆက်နွယ်မှုရှိတယ် လို့လည်း ဆိုကြပါတယ်။

ဖမ်းဆီးစစ်ဆေးခံ ပညာရေးဝန်ထမ်းအချို့ကို မောင်တောမှာထားတာ အချို့ကိုတော့ စစ်တွေကို ခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ အခုအချိန်အထိ အစိုးရဘက်က ဒီပညာရေးဝန်ထမ်း ၄ဦးနဲ့ အရပ်သားတဦးဘာလို့ ခေါ်ယူစစ်ဆေးလဲဆိုတာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG