ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခ အခြေအနေတွေအကြောင်း သတင်းရေးသားနေတဲ့ မြန်မာနိုင်ငံက ရိုက်တာသတင်းထောက် ၂ ဦး ဖမ်းဆီးခံထားရမှုအပေါ် ဗြိတိန်နဲ့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေက မြန်မာအစိုးရကို ဝေဖန်ကန့်ကွက်ခဲ့ကြပြီး သူတို့နှစ်ဦးအမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။
ရိုက်တာသတင်းအေဂျင်စီဘက်ကလည်း ဖမ်းဆီးခံထားရတဲ့ သူတို့ သတင်းထောက်တွေနဲ့ အခုချိန်ထိ အဆက်အသွယ်မရသေးပဲ အချက်အလက်တွေ အသေးစိတ်သိရဖို့ မြန်မာအာဏာပိုင်တွေရဲ့ ပြန်ကြားချက်ကို စောင့်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မအင်ကြင်းနိုင်က အခြေအနေတွေကို ဆက်လက်တင်ပြမှာပါ။
ရိုက်တာသတင်းဌာနရဲ့ မြန်မာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ကို ရဲအရာရှိ နှစ်ဦးက ရန်ကုန်မြို့အပြင်ဘက် စားသောက်ဆိုင်တခုမှာ အင်္ဂါနေ့ ည ၈နာရီလောက်မှာ တွေ့ဆုံဖို့ ချိန်းဆိုပြီးနောက် ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။
ဒါပေမယ့်လည်း သူတို့နဲ့ အခုချိန်ထိ အဆက်အသွယ်မရသေးတဲ့အတွက် ဘယ်လိုပုံစံမျိုးနဲ့ ဖမ်းဆီးခံခဲ့ရသလဲဆိုတာ အတိအကျမသိရသေးကြောင်း ရိုက်တာသတင်းဌာန တာဝန်ရှိသူတွေကပြောပါတယ်။ အထူးသဖြင့် သတင်းလွတ်လပ်ခွင့်ကို NLD အရပ်သားအစိုးရက အထင်အရှား ပိတ်ပင်လိုက်တာဖြစ်ကြောင်း ရိုက်တာ ဗျူရိုအကြီးအကဲ JOHN CHALMERS ကဆိုပါတယ်။
"အခုလို ကျော်စိုးဦးနဲ့ ၀လုံးတို့ဖမ်းခံရတဲ့ ဖြစ်စဉ်ဟာ သတင်းလွတ်လပ်ခွင့်ကို ဗြောင်ကျကျ တိုက်ခိုက်လာတာဖြစ်တယ်လို့ ရိုက်တာသတင်းအေဂျင်စီ ဥက္ကဖြစ်သူ အယ်ဒီတာချုပ်ကပြောဆိုထားပါတယ်။ သူတို့နှစ်ယောက်လုံး ချက်ချင်းလွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ အခုချိန်ထိတော့ မြန်မာအာဏာပိုင်တွေဆီက တုန့်ပြန်ချက် တခုမှ မရသေးပါဘူး။ သူတို့ဆီက ဘယ်လို ထုတ်ဖေါ်ပြောဆိုလာမလဲဆိုတာ ကျနော်တို့ စောင့်ပြီး နားထောင်နေပါတယ်။"
ဒီအတောအတွင်း ကြာသာပတေးနေ့က ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson က ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono နဲ့တွေ့ဆုံပြီးပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ရခိုင်ပြည်နယ် အကြောင်းသတင်းရေးနေသူတွေကို ဖမ်းဆီးအရေးယူခဲ့တဲ့ မြန်မာအစိုးရလုပ်ရပ်ကို ဝေဖန်ပြောဆိုခဲ့ပါတယ်။
"သတင်းထောက်တွေဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ဗြိတိန်အစိုးရရဲ့ အလေးအနက်စိုးရိမ်မကင်းဖြစ်မှုကို မြန်မာအစိုးရကို ပြောထားပြီးပါပြီ။ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ အများပြည်သူသိအောင် သတင်းအချက်အလက်တွေ တင်ပြနေတဲ့ သတင်းထောက်တွေရဲ့ စွမ်းဆောင်မှုအပေါ် ကျနော်တို့ သစ္စာစောင့်သိရပါမယ်။"
အလားတူ ဥရောပ ပါလီမန် ဥက္ကဌ Antonio Tajani ကလည်း မြန်မာနိုင်ငံမှာ ရိုက်တာ သတင်းထောက်နှစ်ဦးလုံးကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ သတင်းလွတ်လပ်ခွင့်ကို အကာအကွယ်ပေးဖို့ ဥရောပထိပ်သီးညီလာခံအတွင်း ပြောကြားခဲ့ပါတယ်။
လက်ရှိ မြန်မာအာဏာပိုင်တွေ စွဲချက်တင်ထားတဲ့ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ အရသူတို့နှစ်ဦးကိုထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်ဖွယ်ရှိကြောင်းရိုက်တာ ဗျူရိုအကြီးအကဲ JOHN CHALMERS ကပြောပါတယ်။
"ဗြိတိသျှကိုလိုနီလက်ထက်ကတည်းက ပြဌာန်းခဲ့တဲ့ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ၀လုံးနဲ့ ကျော်စိုးဦး တို့ကို စွဲချက်တင် ဖမ်းဆီးထားတယ်လို့ ကျနော်တို့ နားလည်ထားပါတယ်။ အဲဒီဥပဒေဟာ အရမ်းကိုကျယ်ပြန့်သလို အဲဒီဥပဒေအရ သတင်းထောက်နှစ်ယောက်လုံး ထောင်ဒဏ် ၁၄ နှစ်ထိ ကျခံနိုင်ပါတယ်။ ၂၀၁၄ခုနှစ်က မြန်မာသတင်းထောက် ငါးဦးဟာလည်း အဲဒီဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ဆီ ချမှတ်ခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ထောင်ဒဏ် ၇ နှစ်ဆီ လျော့ချခဲ့ပြီး ၃ နှစ်ဆီ ကျခံခဲ့ပြီးနောက် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သူတို့အားလုံးကို လွှတ်ပေးခဲ့ပါတယ်။"
ဗုဒ္ဓဟူးနေ့က ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့သတင်းအရ သူတို့ နှစ်ဦးကို ဒုရဲမှူး မိုးရန်နိုင်၊ ရဲတပ်ကြပ်ကြီး ခင်မောင်လင်း တို့နဲ့အတူ အင်္ဂါနေ့က ဖမ်းဆီးခဲ့ပြီး ၁၉၂၃ ခုနှစ် ဗြိတိသျှကိုလိုနီခေတ်ကတည်းက ပြဌာန်းခဲ့တဲ့ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ သူတို့ လေးဦးလုံးကို စွဲချက်တင်ထားကြောင်း ဖေါ်ပြထားပါတယ်။
သူတို့နှစ်ဦး ဖမ်းဆီးခံရတဲ့ အဓိက အကြောင်းရင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ၊ လုံခြုံရေးတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ လုံခြုံရေး စာရွက်စာတမ်းအထောက်တွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့ ရည်ရွယ်ချက်နဲ့ တရားမ၀င် သတင်းရယူခဲ့တယ်လို့ဆိုပါတယ်။