မြန်မာပြည်အခြေစိုက် ရိုက်တာသတင်းဌာနက သတင်းထောက်၂ ယောက်ဖြစ်တဲ့ ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့ကို တည်ဆဲ ၁၉၂၃ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် ဥပဒေပုဒ်မ (၃) အရ နိုင်ငံတော် လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက် စေရန် ရည်ရွယ်ချက်နဲ့ သတင်းရယူတယ်ဆိုပြီး ဗုဒ္ဓဟူးနေ့က ဖမ်းဆီး အရေးယူလိုက်ပါတယ်။
အခုလို ဖမ်းဆီးအရေးယူမှုနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Heather Nauert က ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း အခုလို ပြောသွားခဲ့ပါတယ်။
“ကျမပြောလိုတာက အခြေအနေကို ကျမတို့ တကယ့်ကို သေသေချာချာ စောင့်ကြည့်နေ တယ် လို့ ပြောနိုင်ပါတယ်။ ကိုယ့်တာဝန်အရ ပြည်သူတွေထံ သတင်းအချက်အလက် တင်ပြဖို့ ကြိုးစားကြတဲ့ သတင်းထောက်တွေ အဖမ်းခံရတယ်ဆိုရင် ကျမတို့ အမြဲပဲ စိုးရိမ် မကင်းဖြစ်ပါတယ်။ ကျမတို့ရဲ့သံအမတ်ကြီး Marciel ကလည်း မြန်မာအစိုးရနဲ့ မနေ့က စကားပြောခဲ့စဉ်က ဒီအကြောင်းကို မေးမြန်းခဲ့ပါတယ်။ သူနဲ့စကားပြောခဲ့တဲ့ အစိုးရအရာရှိ နှစ်ဦးက အခြေအနေကို တကယ်ပဲ သိပုံမပေါ်ဘူးလို့ သံအမတ်ကြီးက ပြောပြပါတယ်။ ကျမတို့အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်။ အဖမ်းခံ ခဲ့ရတဲ့ သူတွေဟာ အမေရိကန်နိုင်ငံသားတွေ မဟုတ်ကြပေမယ့် အမေရိကန်နိုင်ငံသားတွေရဲ့ ဘေးကင်း လုံခြုံမှုကို ကျမတို့ အလေးထားရုံမက တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံတကာ သတင်းထောက်တွေ ရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးကိုလည်း ကျမတို့ အလေးထားတယ်ဆိုတာကို ပြောချင်ပါတယ်။ ဒါ့ကြောင့် ဒီကိစ္စကို ကျမတို့ ဆက်ပြီး စောင့်ကြည့်သွားမှာဖြစ်ပါတယ်။”
ခုလို သတင်းထောက်နှစ်ဦးကို ဖမ်းဆီး အရေးယူထားတဲ့အပေါ်မှာ စိုးရိမ်မကင်းဖြစ်ရတဲ့ အကြောင်း ရန်ကုန် အမေရိကန်သံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။ အခုဖမ်းဆီးမှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ဖြေရှင်းချက်ပေးဖို့နဲ့ ဖမ်ဆီးခံထားရ သူတွေကို သူတို့ရဲ့ သက်ဆိုင်ရာ မိသားစုတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့လည်း အမေရိကန် သံရုံးက တောင်းဆိုထားပါတယ်။
မြန်မာအစိုးရ ဦးဇော်ဌေးက ဒီသတင်းထောက်နှစ်ဦး အဖမ်းဆီးခံခဲ့ရမှုနဲ့ပတ်သက်လို့ ဗုဒ္ဓဟူးနေ့က အတည်ပြု ပြောကြားခဲ့ပေမယ့် ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ အသေးစိတ် အခြေအနေတွေကိုတော့ ချက်ခြင်း ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပါဘူး။
ရိုက်တာသတင်းဌာနဥက္ကဋ္ဌအပြင် အယ်ဒီတာချုပ်ဖြစ်တဲ့ Stephen J. Adler က ဗုဒ္ဓဟူးနေ့က ကြေညာချက် ထုတ်ပြန်ရာမှာတော့ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အရေးကြီးဖြစ်ရပ်တွေကို ကမ္ဘာကို တင်ပြပေးနေတာဖြစ်တဲ့အကြောင်း သူတို့ဒီတာဝန်ထမ်းဆောင်မှုကြောင့် ကနေ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရှိရတဲ့အကြောင်း ဖော်ပြထားပြီး သတင်းလွတ်လပ်မှုအပေါ် အတိအလင်း တိုက်ခိုက်မှုအတွက် ဒေါသထွက်မိတဲ့အကြောင်းနဲ့ သူတို့ကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။
တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာရှိတဲ့ အီးယူ - ဥရောပသမဂ္ဂရုံးကလည်း ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၂ ဦးကိစ္စကို စောင့်ကြည့်နေပြီး မြန်မာ အာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ အခွင့်အရေးတွေ အပြည့်အ၀ အကာကွယ်ပေးဖို့ တောင်းဆိုလိုက်ပြီး မီဒီယာ လွတ်လပ်ခွင့် ဟာ ဒီမိုကရေစီစံနစ်ရဲ့ အခြေခံ အုတ်မြစ်ဖြစ်ကြောင်း ပြောကြားလိုက်ပြီး နယူးယောက်မြို့ အခြေစိုက် CPJ သတင်းသမားများ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့နဲ့ HRW လူ့ အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တို့ကလည်း သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။