သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Drone တင်တဲ့ သတင်းသမားတွေကို ထပ်မံ ရုံးထုတ်စစ်ဆေး


ဖမ်းဆီးခံရ သတင်းသမားတွေကို ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် (နိုဝင်ဘာလ ၂၇ ။၂၀၁၇)
ဖမ်းဆီးခံရ သတင်းသမားတွေကို ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် (နိုဝင်ဘာလ ၂၇ ။၂၀၁၇)

နေပြည်တော်က လွှတ်တော်အဆောက်အအုံကို အဝေးထိန်း Drone နဲ့ရိုက်ကူးဖို့ပြင်ဆင်မှုနဲ့ လတ်တလော ထောင်နှစ်လအချခံထားရတဲ့ နိုင်ငံခြားသတင်းထောက်နှစ်ဦး မြန်မာသတင်းသမားတဦး ကားသမား အပါအဝင် ပေါင်းလေးဦးကို တရားစွဲဆိုထားတဲ့ သွင်းကုန်ထုတ်ကုန်ဥပဒေ ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှု စတဲ့ အမှုနှစ်မှုအတွက် ဒီကနေ့ ထပ်မံရုံးထုတ်စစ်ဆေးပါတယ်။ အဓိကကတော့ စွဲဆိုထားတဲ့ အမှုတွေကို စွဲချက်တင်သင့်၊ မတင်သင့် သူတို့ကို တရားစွဲဆိုတဲ့ လဝကအရာရှိနဲ့ ဖမ်းတဲ့ ရဲအရာရှိတွေကို တရားရုံးကသက်သေအဖြစ် စစ်ဆေးတာလို့ သတင်းသမားတွေဘက်က ရှေ့နေကပြောပါတယ်။ အမှု နောက်ဆုံးအခြေအနေ မဆုမွန် ဆက် ပြောပြပေးပါမယ်။

နေပြည်တော် ကောင်စီနယ်မြေထဲက လွှတ်တော်အဆောက်အအုံကို အဝေးထိန်း Drone နဲ့ရိုက်ကူးဖို့ပြင်ဆင်နေချိန် ဖမ်းဆီးခံလိုက်ရတဲ့ တူရကီနိုင်ငံအခြေစိုက် TRT သတင်းဌာနရဲ့ စင်္ကာပူရုံးခွဲက မလေးရှားနိုင်ငံသူ သတင်းထောက်အမျိုးသမီး Mok Choy Lin ၊ နောက် စင်ကာပူနိုင်ငံသား အမျိုးသားသတင်းထောက် Lau Hon Meng တို့နဲ့အတူ ဘာသာပြန်အဖြစ် လိုက်ပါသွားတဲ့ မြန်မာနိုင်ငံသား သတင်းထောက် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်း ကိုလှတင်တို့ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ဒီကနေ့ ဒီဇင်ဘာလ ၁၁ရက်နေ့မှာ ထပ်မံ ရုံးထုတ် စစ်ဆေးတာဖြစ်ပါတယ်။

ဒီကနေ့ ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ်တာကတော့ အဓိကကတော့ သူတို့ကို စတင်ဖမ်းဆီးစဉ်က တရားစွဲထားတဲ့ သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ(၈) နဲ့ နိုင်ငံခြားသားသတင်းသမားနှစ်ဦးကို ထပ်မံစွဲဆိုလိုက်တဲ့ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာဥပဒေ (၁၃/၁) စွဲချက်အတွက် အမှုနှစ်မှုကို အဓိက စစ်ဆေးတာဖြစ်တယ်လို့ တရားစွဲဆိုခံရတဲ့ သတင်းသမားတွေဘက်က အမှုကို ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးနေသူ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက အကျိုးဆောင်ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေမြန်မာပိုင်းကို ရှင်းပြပါတယ်။

"ဟုတ်ကဲ့ ဒီကနေ့ ရုံးထုတ်တာက အမှု ၂ မှုအတွက် ကျနော်တို့ စစ်ပါတယ်။ ၁ မှုကတော့ အရင်စစ်နေတဲ့ ပို့ကုန်သွင်းကုန်ဥပဒေပေါ့နော် ပုဒ်မ ၈/၁၀ ပေါ့နော်။ နောက်တမှုကတော့ နောက်မှ တင်လာတဲ့ နိုင်ငံခြားသား ၂ ယောက်အတွက် တင်တဲ့ လူဝင်မှုကြီးကြပ်ရေး ဒက်ဥပဒေ ပုဒ်မ (၁၃/၁) ပေါ့ဗျာ။ အဲဒီတော့ လူဝင်မှုကြီးကြပ်ရေး ဒက်ဥပဒေ ပုဒ်မ (၁၃/၁)ကို အရင်စစ်ပါတယ်။ တရားလိုပေါ့ တိုင်တဲ့ တရားလို လဝက ဘက်ကအမှုနဲ့ Drone လွှတ်တုန်းက တရားလို လုပ်ခဲ့တဲ့ ရဲအုပ် ထွန်းထွန်းဝင်း ၂ ယောက်ကို စစ်ပါတယ်ခင်ဗျ။ အဲဒီတုန်းက Drone လွှတ်တင်တာကို မြင်လို့ သွားပြီးတဲ့ ဖမ်းတဲ့အထဲမှာပါတဲ့ ရဲတပ်သားလေးတယောက်ကို စစ်ပါတယ်။ ဒီရဲတွေကနေပြီးတော့ ရှာဖွေပုံစံနဲ့ သိမ်းတုန်းက ရှာဖွေသက်သေနဲ့ လက်မှတ်ထိုးတဲ့ အရပ်သားတယောက်ကို စစ်ပါတယ်။"

အဓိကကတော့ နိုင်ငံခြားသားသတင်းသမားနှစ်ဦးကို လဝကမှုနဲ့ တရားစွဲဆိုတဲ့ တရားလိုဇမ္ဗူသီရိမြို့နယ် လဝက ဒုမြို့နယ်မှူးနဲ့ နောက် လေးဦးကို စွဲထားတဲ့သွင်းကုန်ထုတ်ကုန်အမှုအတွက် Drone ကို ရှာဖွေပုံစံသက်သေအဖြစ် သိမ်းဆည်းခဲ့တဲ့ ရဲအုပ်တဦးကို အဓိက စစ်ဆေးတယ်လို့ ဦးခင်မောင်ဇော်ကပြောပြပါတယ်။ လဝကဘက်က နိုင်ငံခြားသားသတင်းသမားနှစ်ဦးကို လဝက ဥပဒေချိုးဖောက်မှု ပုဒ်မ ၁၃-၁ နဲ့ ဘာကြောင့် စွဲဆိုရသလဲဆိုတာ သက်သေထွက်ဆိုချက်နဲ့ပတ်သက်လို့လည်း ရှေ့နေကြီးက ပြောပြပါတယ်။

"လဝက ဥပဒေအမှုကတော့ တရားလိုက ဒီလိုလာတယ်ခင်ဗျ တကယ်ကတော့ ၁၃/၁ ဆိုတာက Overstay တွေအတွက်ပဲခင်ဗျ။ Overstay တွေကို ဖမ်းဆွဲတဲ့ ပုဒ်မပေါ့။ ဒါပေမယ့် အခုတခေါက်ကတော့ တရားလိုက ဘယ်လိုတင်လာသလဲဆိုတော့ ဒီ နိုင်ငံခြားသား၂ ယောက်က မြန်မာပြည်ကို တရားဝင်ဗီဇာနဲ့ ဝင်လာတယ်။ ဝင်လာပြီးတဲ့အခါကျတော့ သူက အမှုတခု ကျူးလွန်တယ် အဲဒါကြောင့် အပြစ်ကျတယ်၊ အဲဒီ ဥစ္စာဟာ လူဝင်မှုကြီးကြပ်ရေး ဒက်ဥပဒေ ပုဒ်မ (၄/၂) မှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်ကို ချိုးဖောက်တာဖြစ်တယ်ပေါ့ဗျာ။ အဲဒါကြောင့် ၁၃/၁ မှာက နိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်သည်ဖြစ်စေ ၊ တရားဝင် ဝင်ရောက်ပြီးနောက် ဥပဒေပါ ပြဌာန်းချက်တွေကိုဆန့်ကျင်တဲ့အတွက် Remain ဆိုတာပါတယ်၊ ဆက်နေလျင်ဖြစ်စေဆိုတာကို အခုက ပြစ်မှုကျူးလွန်ပြီး အပြစ်ကျပြီးဆက်နေတာ ဥပဒေကို ချိုးဖောက်ပြီးဆက်နေတယ် ဆိုတဲ့သဘောဖြစ်တယ်ပေါ့။ သူက ၂ ခုကို ဆက်လိုက်တယ်။ အဲဒါကြောင့် ၁၃/၁နဲ့ ဆွဲတယ်ဆိုတာကတော့ တရားလိုစစ်တဲ့အခါကျတော့ ကျနော်တို့ ဝိုင်းပြီးတော့ corss လုပ်တဲ့အချိန်မှာ သူကရှင်းပြသွားတယ်။ ၁၃/၁ ထဲမှာ အကျုံးဝင်တယ်လို့ သူကပြောတာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ကတော့ အဲလိုမမြင်ဘူးခင်ဗျ။ ဒါကတော့ တရားဆွဲအဖွဲ့အစည်းနဲ့ ကျနေ်ာတို့ တရားခံရှေ့နေတွေနဲ့ ဥပဒေအရ အမြင်ကွဲပြားနေတယ်လို့ ကျနော်ထင်တယ်လေ။ အဲဒါ တရားသူကြီးနားဝင်အောင်လုပ်ပြီးတော့မှ လျှောက်လွဲချက်တွေ ဘာတွေရရင် နောက်ပေါ့ဗျာ လုပ်ရမယ့် ကိစ္စပေါ့။"

ဒါပေမဲ့ နိုင်ငံခြားသတင်းသမားတွေဟာ သူတို့ ဗီဇာသက်တမ်းမကုန်ခင်မှာပဲ အဖမ်းခံရတာဖြစ်သလို ထောင်ချလိုက်ချိန်အထိလည်း ဗီဇာသက်တမ်းရှိနေသေးတဲ့ တရားဝင်ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ နိုင်ငံခြားသားသတင်းထောက်တွေဘက်က တရားရုံးမှာ ရင်ဆိုင်ဖို့ ရှေ့နေတွေ ထပ်တိုးလျှောက်ထားဆောင်ရွက်နေပြီး အမှုကို စွဲချက်တင်သင့်-မတင်သင့် အဆင့်ဆင့် သက်သေတွေနဲ့ တရားခံ-တရားလိုတွေဘက်က အပြိုင်လျှောက်ထား တင်ပြသွားဖို့ရှိတယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

အခုလည်း လဝကအမှု ထပ်တိုးတရားစွဲသလို စတင်စွဲဆိုခဲ့တဲ့ သွင်းကုန်ထုတ်ကုန်ဥပဒေနဲ့ပတ်သက်ပြီးလည်း တင်ပြထားတဲ့ သက်သေအဆင့်ဆင့် ထွက်ဆိုနေကြပြီဖြစ်တဲ့အတွက် ရှေ့လာမယ့်ရုံးချိန်းတွေမှာတော့ စွဲချက်တင်သင့်-မတင်သင့် တရားရုံးက ဆုံးဖြတ်နိုင်ခြေရှိတယ်လို့လည်း ရှေ့နေကြီးက ပြောပြပါတယ်။

အမှုကို ရုပ်သိမ်းပေးဖို့ကိုတော့ တရားခံအဖြစ် စွဲဆိုခံရသူ သတင်းသမားတွေဘက်က လိုက်ပါဆောင်ရွက်နေတဲ့ ဥပဒေအကျိုးဆောင်ရှေ့နေတွေဘက်က ခရိုင်၊ တိုင်းအဆင့်ဆင့်အထိ လျှောက်လဲချက် တင်သွင်းသွားဖို့ စီစဉ်နေကြပါတယ်။

တကယ်လို့ သူတို့ကို စွဲဆိုထားတဲ့ အမှုတွေကို မရုပ်သိမ်းပဲ အဆင့်ဆင့်စစ်ဆေးမှုတွေနဲ့အတူ အမှုထင်ရှားပြီး အပြစ်ရှိတယ်လို့ တရားရုံးက စီရင်ချက်ချရင်တော့ သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ ၈အရဆိုရင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်အထိကျခံရမှာဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၃(၁) နဲ့ ဆိုရင်တော့ ပြစ်ဒဏ်ကတော့ ၁ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ငွေဒဏ် ဖြစ်စေ ဒဏ်၂ ရပ်လုံးချမှတ်နိုင်တယ်လို့ အမှုလိုက်ရှေ့နေတွေကပြောပါတယ်။ သူတို့လေးဦးကို စတင်ဖမ်းဆီးစဉ်တုန်းကတော့ သွင်းကုန် ထုတ်ကုန်ဥပဒေနဲ့တရားစွဲဆိုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ လေကြောင်းပျံသန်းမှုဆိုင်ရာ ဥပေဒေနဲ့ ထပ်တိုးတရားစွဲပြီး လောလောဆယ် ထောင်ဒဏ် ၂လစီ ပြစ်ဒဏ်ချထားပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG