သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Drone အမှု သတင်းထောက်တွေကို ရုံးထုတ်စစ်ဆေး


Drone အမှုနဲ့ အဖမ်းခံရတဲ့ သတင်းထောက် Lau Hon Meng
Drone အမှုနဲ့ အဖမ်းခံရတဲ့ သတင်းထောက် Lau Hon Meng

နေပြည်တော်က လွှတ်တော်အဆောက်အအုံကို အဝေးထိန်း Drone နဲ့ရိုက်ကူးဖို့ပြင်ဆင်တာကြောင့် လေကြောင်း ပျံသန်းမှုဆိုင်ရာ အက်ဥပဒေနဲ့ ထောင်နှစ်လ အချခံထားရတဲ့ နိုင်ငံခြားသတင်းထောက်နှစ်ဦး မြန်မာသတင်းသမားအပါအဝင်ပေါင်းလေးဦးကို သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့ ဒီကနေ့ ထပ်မံရုံးထုတ်စစ်ဆေးပါတယ်။ စွဲဆိုထားတဲ့အမှုတွေကို ရုပ်သိမ်းပေးဖို့ မန္တလေးတိုင်းခရိုင်အဆင့်အထိ လျှောက်လဲချက်တက်မှာဖြစ်ပြီး ထပ်မံ စွဲဆိုထားတဲ့ လူဝင်မှုကြီးကြပ်ရေးအမှုနဲ့ ပတ်သက်ပြီးလည်း ဗီဇာသက်တမ်းမကုန်ခင်မှာပဲ အဖမ်းခံရတာဖြစ်လို့ ဥပဒေကြောင်းအရ ဖြေရှင်းသွားမှာဖြစ်တယ်လို့ သတင်းသမားတွေရဲ့ အမှုလိုက်ရှေ့နေကပြောပါတယ်။ အသေးစိတ် မဆုမွန် ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေထဲက လွှတ်တော်အဆောက်အအုံကို အဝေးထိန်း Drone နဲ့ရိုက်ကူးဖို့ပြင်ဆင်နေချိန် ဖမ်းဆီးခံလိုက်ရတဲ့ တူရကီနိုင်ငံအခြေစိုက် TRT သတင်းဌာနရဲ့ စင်္ကာပူရုံးခွဲက မလေးရှားနိုင်ငံသူ သတင်းထောက်အမျိုးသမီး Mok Choy Lin ၊ စင်ကာပူနိုင်ငံသား အမျိုးသားသတင်းထောက် Lau Hon Meng တို့နဲ့အတူ ဘာသာပြန်အဖြစ် လိုက်ပါသွားတဲ့ မြန်မာနိုင်ငံသား သတင်းထောက် ကိုအောင်နိုင်စိုး နဲ့ ယာဉ်မောင်း ကိုလှတင်တို့ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးက လေကြောင်း ပျံသန်းမှုဆိုင်ရာ အက်ဥပဒေနဲ့ ထောင်ဒဏ် ၂ လစီချမှတ်ပြီးဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၄ရက်နေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ သူတို့လေးဦးကို ထပ်မံ ရုံးထုတ်စစ်ဆေးစဉ်တာကတော့ သူတို့ကို စတင်ဖမ်းဆီးစဉ်တုန်းက တရားစွဲထားတဲ့ သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ(၈) ကို အဓိက စစ်ဆေးတယ်လို့ တရားစွဲဆိုခံရတဲ့သတင်းသမားတွေဘက်က အမှုကို ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးနေသူ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက အကျိုးဆောင်ရှေ့နေကြီး ဦးခင်မောင်ဇော်က ရှင်းပြပါတယ်။

"ဟုတ်တယ် ဒီကနေ့က သွင်းကုန်ထုတ်ကုန် ဥပဒေ ပုဒ်မ(၈)အရ ဆွဲထားတဲ့ အမှုကို အဓိက စစ်ပါတယ်။ စစ်တော့ တရားလို ဦးထွန်းထွန်းဝင်းကို ၂ တရားခံရှေ့နေက ပြန်စစ်မေးတဲ့အချိန်မှာ ရပ်သွားတယ်။ ကိစ္စလေးတွေ ပေါ်ပြီးတော့ ၊ ပြီးတော့ ၃ နဲ့ ၄ တရားခံတွေရဲ့ရှေ့နေတွေ ကျနော်ကလည်း ပြန်လှန်စစ်မေးပါတယ်။ ဆိုတော့ ဦးထွန်းထွန်းဝင်းကို စစ်ပြီးတဲ့အခါတော့ တရားလိုပြသက်သေ ဦးထွန်းထွန်းဝင်းပြောတဲ့ ဒုရဲအုပ်တယောက်ရယ်၊ နောက်တခါ ရဲတပ်သားတယောက်ရယ် အဲဒီ ၂ ယောက်ကို ထပ်ပြီးတော့ စစ်ပါတယ် အဲဒါပါပဲနော်။ နောက်တခါ အဲဒါပြီးတဲ့အခါကျတော့ နေ့ခင်းဘက်ကို ရောက်သွားတယ် စစ်တာကြာတော့လေ။ အဲဒီမှာ အဲဒီအမှုပြီးတာနဲ့ တရားရုံးက လူဝင်မှုကြီးကြပ်ရေး တရားဥပဒေပုဒ်မ ၁၃-(၁) အရ ဆွဲထားတဲ့ ပုဒ်မကို ကျနော်တို့ အမှုတွဲရှေ့နေတွေက ကိုယ်စားလှယ်စာတင်ပါတယ်ခင်ဗျ ။ နိုင်ငံခြားသားတွေကိုပဲဆွဲတာပါ။ ပထမဆုံးချိန်းတာမှာကတော့ သက်သေတွေလည်း မလာလို့ ၁၁ ရက်နေ့ကို ပြောင်းချိန်ပါတယ်။"

ဒါ့အပြင် ပြီးခဲ့တဲ့ တရားရုံးချိန်းတုန်းက နိုင်ငံခြားသားသတင်းသမားနှစ်ဦးကို ထပ်မံစွဲဆိုလိုက်တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ စွဲဆိုချက်အပေါ်မှာလည်း ဗီဇာသက်တမ်းမကုန်ခင်မှာပဲ အဖမ်းခံရတာဖြစ်သလို ထောင်ချလိုက်ချိန်အထိလည်း ဗီဇာသက်တမ်းရှိနေသေးတဲ့ တရားဝင်ခိုင်လုံတဲ့အထောက်အထားတွေနဲ့ တင်ပြသွားဖို့ရှိတယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

"ဗီဇာသက်တမ်းကျော်ပြီးတော့ နေဖို့ ကြိုးစားရင် ဒါက ၁၃(၁) နဲ့ တင်ကြတာပဲ ဒါက Overstayအတွက်ပေါ့နော် Overstayအတွက်ဆိုတော့ သူတို့ကိုအခုဆွဲလိုက်တယ်ဆိုတာက Overstay ဆိုပြီးတော့ ဆွဲတာပဲ အဲဒီတော့ အကြောင်းအရင်းကို ပြန်ကြည့်တဲ့အခါကျတော့ သူတို့ ဗီဇာသက်တမ်းက ၁၇ ရက် ၁၁ လပိုင်းမှာ ပြည့့်မယ်။ ဒါပေမယ့် သူတို့ကို Drone လွှတ်လို့ဆိုပြီးတော့ ဖမ်းတာက ၂၇ ရက် ၁၀ လမှာ ဖမ်းတယ်ခင်ဗျ။ နောက်ပြီးတော့ သူတို့ကို ထောင် ၂ လချလိုက်တာက ၁၀ ရက် ၁၁ လမှာ ချတယ်ခင်ဗျ ။ အဲဒီတော့ ၁၇ ရက်ကို သူတို့ ဘယ်လိုမှ မပြန်နိုင်တော့ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့ရဲ့ အလိုဆန္ဒမပါပဲနဲ့ အဖမ်းခံရတယ်၊ ထောင်ချခံရတဲ့အတွက်ကြောင့် သူတို့က ဒီမှာဆက်ပြီးတော့ ၁၇ ရက်ကျော်သွားတာကို ဆိုတော့ အဲဒီအကြောင်းကို ရှင်းပြမယ်ဆိုရင် ဥပဒေနဲ့ အညီပေါ့ဗျာ ရှင်းပြနိုင်ခွင့်ရှိတယ်။ နောက်တခါ တရားလိုလွှတ်ခွင့်ကို တောင်းခွင့်ရှိတယ်။"

သူတို့ကို စတင်ဖမ်းဆီးစဉ်က သွင်းကုန် ထုတ်ကုန်ဥပဒေနဲ့တရားစွဲဆိုခဲ့တာဖြစ်ပြီး လေကြောင်းပျံသန်းမှုဆိုင်ရာ ဥပေဒနဲ့ ထပ်တိုးတရားစွဲပြီး ထောင်ချခဲ့တာဖြစ်ပါတယ်။ အခုလည်း လဝကအမှု ထပ်တိုးတရားစွဲသလို စတင်စွဲဆိုခဲ့တဲ့ သွင်းကုန်ထုတ်ကုန်ဥပဒေနဲ့ ပတ်သက်ပြီးလည်း အမှုကို ရုပ်သိမ်းပေးဖို့အတွက် အမှုလိုက်ရှေ့နေတွေဘက်က မန္တလေးတိုင်းခရိုင်တရားရုံးအထိ အဆင့်ဆင့် လျှောက်လဲချက် တင်သွားဖို့ရှိတယ်လို့လည်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ဦးခင်မောင်ဇော်ကပြောပါတယ်။

"ကြိုးစားမယ်ခင်ဗျ ဥပဒေအရတော့ အခွင့်အရေးရှိတယ်လို့တော့ ကျနော်တို့ယူဆပါတယ်။ ပထမဦးဆုံးအဆင့်အနေနဲ့ ကျနော်တို့ ခရိုင်တရားရုံးကို ပြင်ဆင်ဖို့ တက်ပါမယ်။ အဲဒီအတွက် ကျနော်တို့ စစ်နေပါတယ်။ အဲဒါပြီးရင် ခရိုင်တရားရုံးက မအောင်မြင်ရင် ကျနော်တို့ မန္တလေးတိုင်း တရားလွှတ်တော်ကို အမှုချေဖျက်ဖို့အတွက် ကျနော်တို့ လျှောက်ပါမယ်။ဒီအမှုကို ချေဖျက်ပေးဖို့။"

လွှတ်တော်ကို Drone နဲ့ သတင်းရိုက်ကူးဖို့ စီစဉ်ခဲ့တဲ့ တူရကီနိုင်ငံအခြေစိုက် TRT သတင်းဌာနရဲ့ စင်္ကာပူရုံးခွဲက သတင်းထောက်တွေဖြစ်တဲ့အတွက် တူရကီ သတင်းဌာနကဘက်က အမှုနဲ့ပတ်သက်ပြီး အမှုလိုက်ရှေ့နေတွေ ထပ်တိုးဌားရမ်းဆောင်ရွက်ပေးနေသလို သက်ဆိုင်ရာသံရုံးတွေဘက်ကလည်း ရုံးထုတ်ချိန်တိုင်း လာရောက်ကြားနာကြတယ်လို့ သိရပါတယ်။

တကယ်လို့ သူတို့ကို စွဲဆိုထားတဲ့ အမှုတွေကို မရုပ်သိမ်းပဲ အဆင့်ဆင့်စစ်ဆေးမှုတွေနဲ့အတူ အမှုထင်ရှားပြီး အပြစ်ရှိတယ်လို့ တရားရုံးက စီရင်ချက်ချရင်တော့ သွင်းကုန်ထုတ်ကုန်ဥပဒေအရဆိုရင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်အထိကျခံရမှာဖြစ်ပြီး လဝက ဥပဒေချိုးဖောက်မှုနဲ့လည်း ငွေဒဏ်ဖြစ်စေ ထပ်တိုးထောင်ဒဏ်တွေ ချမှတ်ခံနိုင်ရခြေရှိတယ်လို့သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG