သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်နှစ်ဦး မြန်မာအာဏာပိုင်တို့ဖမ်းဆီး


ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (Facebook)
ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (Facebook)

မြန်မာပြည်အခြေစိုက် ရိုက်တာသတင်းဌာနက သတင်းထောက်၂ယောက်ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ထားတဲ့အပေါ် မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံးအနေနဲ့ စိုးရိမ်မကင်းဖြစ်မိတယ်လို့ အမေရိကန်သံရုံးကပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။သတင်းသမားတွေအပေါ် အခုလို ဥပဒေပုဒ်မျိုးနဲ့ ဖမ်းဆီးအရေးယူတာဟာ မဆီလျော်ဖူးလို့လည်း သတင်းစာဆရာတွေက ဝေဖန်နေကြပါတယ်။အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းကပြောပြပေးမှာပါ။

ရိုက်တာသတင်းဌာနက သတင်းထောက်တွေဖြစ်တဲ့ ကိုသက်ဦးမောင်(ခေါ်)ကိုဝလုံး နဲ့ ကိုကျော်စိုးဦး(ခေါ်)ကိုမိုးအောင်တို့ကို လက်ရှိတည်ဆဲ ၁၉၂၃ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် ဥပဒေပုဒ်မ(၃)အရ နိုင်ငံတော် လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်စေရန် ရည်ရွယ်ချက်နဲ့ သတင်းရယူတယ်ဆိုပီး အမှုဖွင့်ထားတာပါ။ အက်ဥပဒေ ပုဒ်မ(၃)နဲ့ အမှုဖွင့်ဖမ်းဆီးအရေးယူထားတဲ့အပေါ် မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံးအနေနဲ့ စိုးရိမ်မကင်းဖြစ်မိတယ်လို့ အမေရိကန်သံရုံး လက်ထောက်ပြည်သူ့ရေးရာအရာရှိ အာယာနီး အီး မန်ရင်းကပြောပါတယ်။

“ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရတဲ့အပေါ် အမေရိကန်သံရုံးအနေနဲ့ အင်မတန်စိုးရိမ်ပူပင်မိပါတယ်။ သူတို့နှစ်ဦးဟာ မနေ့ညပိုင်းတုန်းက ရဲအရာရှိတွေ ခေါ်ယူတာခံရပြီးနောက်၊ သမားရိုးကျမဟုတ်တဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ ဒီမိုကရေစီ တရပ် အောင်မြင်ရေးအတွက် သတင်းထောက်တွေအနေနဲ့ လွတ်လပ်စွာ သတင်းရယူရေးသားနိုင်ရန် လိုအပ်ပါတယ်။မြန်မာအစိုးရအနေနဲ့ အခု ဖမ်းဆီးမှုနဲ့ပတ်သက်လို့ ရှင်းလင်းထုတ်ပြန်ဖို့နဲ့၊ သက်ဆိုင်သူတွေအနေနဲ့ သတင်းထောက်တွေကို တွေ့ဆုံခွင့်ပေးပို့ တိုက်တွန်းပါတယ်။”

သံရုံးကထုတ်ပြန်ချက်မှာဖော်ပြထားတဲ့ သမားရိုးကျမဟုတ်သော ဖမ်းဆီးခြင်းခံရတာနဲ့ပတ်သတ်ပြီး တော့ အသေးစိတ်ရှင်း လင်းပြောကြားထားတာအသေးစိတ်သိရှိရတာ မရှိသေးပါဘူး။ ဒါပေမယ့်ရဲအရာရှိများနှင့် တွေ့ဆုံရန် ဖိတ်ကြားခံရပြီးနောက် သမားရိုးကျမဟုတ်သော ဖမ်းဆီးခြင်း ခံရ တယ် လို့ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ပြန်ကြားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ရိုက်တာသတင်းဌာနက သတင်းထောက်၂ဦးဟာ ရခိုင်ဒေသနဲ့ပက်သတ်တဲ့ သတင်းအချက်အလက်တွေ၊ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ အရေးကြီး လုံခြုံရေးစာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပသတင်ဌာနများကို ပေးပို့ရန် ရည်ရွယ်ချက်နဲ့ တရားမဝင် သတင်းရယူခဲ့တယ်ဆိုပြီး ဖော်ပြထားတာပါ။အဲဒီလို အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မမျိုးနဲ့ သတင်းထောက်၂ဦးအပေါ် ဖမ်းဆီးအရေးယူတာဟာ မဖြစ်သင့်ဖူးလို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကောင်စီဝင်တစ်ဦးဖြစ်တဲ့ ဦးမြင့်ကျော်က ဗွီအိုအေကိုပြောပါတယ်။

“ကျနေ်ာ့အမြင်မှာတော့ အခု သူတို့ စွပ်စွဲဖမ်းဆီးထားတဲ့ ပုဒ်မကတော့ တကယ်တော့ တော်တော်လေးကို ပြစ်ဒဏ်ကြီးလေးပေးနိုင်တဲ့ ပုဒ်မ ။ နောက်တခုကတော့ သတင်းသမားတွေက အဲဒီ လျို့ဝှက်ချက်ကို ချိုးဖောက်ဖို့လည်း ရည်ရွယ်ချက်လည်းမရှိသလို ဒီစာရွက်စာတန်းတွေကလည်း ဘယ်လောက် လျှျိ့ဝှက်တာဖြစ်တာလဲဆိုတာကတော့ ကျနော်မသိဘူးပေါ့နော်။ ဒီသတင်းသမားတွေကို ဒီပုဒ်မနဲ့ စွဲတာကတော့ တေ်ာတေ်ာလေးတော့ မဆီလျှော်ဘူးလို့တော့ထင်တယ်။”

ရခိုင်အရေးနဲ့ပက်သက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့စောင့်ကြည့်မှုတွေ ဖိအားပေးမှုတွေ ရှိနေချိန်မှာဘဲ အခုလို သတင်းသမား၂ဦးကိုဖမ်းဆီးလိုက်တာပါ။မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဦးမြင့်ကျော်ကတော့ အခုလိုဖမ်းဆီးအရေးယူတာဟာ ရခိုင်အရေးကိစ္စနဲ့ပက်သက်ပြီး မီဒီယာတွေအပေါ် အပြစ်ပုံချတာမျိုးဖြစ်ပြီး ကောင်းတဲ့လက္ခဏာမဟုတ်ဖူးလို့လည်း သူကသုံးသပ်ပါတယ်။

“ကျနော့်တဦးချင်းအမြင်နဲ့ သုံးသပ်ရင်တော့ မီဒီယာတွေအပေါ်ကို ဒီဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး မီဒီယာတွေအပေါ်မှာ အပြစ်ပုံချတဲ့ သဘောမျိုးတွေ ရှိတာပေါ့နော်။ တကယ်တမ်းကျတော့ ဖြစ်စဉ်ရဲ့အကြောင်းအရင်းက မီဒီယာကြောင့် သတ်သတ်မဟုတ်သလို ၊ မီဒီယာက ဒုတိယပါ။ တကယ်တမ်းကျတော့ ဖြစ်စဉ်က ဖြစ်ဖို့အကျိုးအကြောင်းအဲ့ဒါတွေကို ပိုပြီးတော့ အကြောင်းရှာသင့်တယ်လို့ ထင်တယ်။ ဒါပေမယ့် အခုရခိုင်အရေးကိစ္စမှာတော့ မီဒီယာတွေအပေါ်မှာ အပြစ်ပုံချပြီးတော့ ပြောတာတွေ တွေ့ရတယ်။ ဒါတွေကတော့ ကောင်းတဲ့နည်းလမ်းတော့မဟုတ်ပါဘူးလို့ ကျနော်ထင်ပါတယ်။”

ရိုက်တာသတင်းထောက်၂ ဦးအပါအဝင် လုံခြုံရေးရဲတပ်ဖွဲ့က ဒုရဲမှူးတစ်ဦးနဲ့ ရဲတပ်ကြပ်တစ်ဦးကိုလည်း အစိုးရလျှို့ဝှက်ချက် အက်ဥပဒေအပြင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့လည်း ဖမ်းဆီးအရေးယူထားတာပါ။ လက်ရှိတည်ဆဲ ၁၉၂၃ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် ဥပဒေပုဒ်မ(၃)အရ ထောင်ဒဏ်၁၄နှစ်အထိ ချမှတ်နိုင်တာပါ။အဲဒီဥပဒေပုဒ်မနဲ့ ပက်သက်ပြီးတော့လည်း ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာတော့ အခြေခံဥပဒေပါအခွင့်အရေး၊ နိုင်ငံသားလူ့အခွင့်အရေးတွေနဲ့ မလျော်ညီတော့တဲ့အတွက် ပြင်ဆင်ဖို့ဆွေးနွေးခဲ့ပေမဲ့လည်း ပြင်ဆင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG