သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းမီဒီယာသဘာဝကို မြန်မာအာဏာပိုင်တွေ နားလည်ဖို့လို


သတင်းသမားများ သတင်းယူနေစဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
သတင်းသမားများ သတင်းယူနေစဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

အစိုးရရဲ့ ဝါဒဖြန့်ဝေမှုသက်သက်သာဖြစ်နေဆဲ နိုင်ငံပိုင်သတင်းမီဒီယာတွေအပေါ် နိုင်ငံတကာရဲ့ ယုံကြည်မှု မရနိုင်တဲ့အနေအထားမှာ ပြည်တွင်းသတင်းမီဒီယာတွေရဲ့ အရည်အသွေးပြည့်မှီစွာနဲ့ ခိုင်မာတဲ့သတင်းအချက်အလက်တွေ နိုင်ငံတကာကို ဖြန့်ဝေနိုင်အောင် မြန်မာ သတင်းသမားတွေဘက်က ကြိုးစားနေကြတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဒုဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ အရပ်သားအစိုးရလက်ထက် သတင်းလွတ်လပ်ခွင့်နဲ့ သတင်းအချက်အလက်ရယူနိုင်မှုတွေမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲ မြန်မာ့သတင်းမီဒီယာလောကမှာ အထူးသဖြင့် ပြည်တွင်းသတင်း မီဒီယာတွေရဲ့ အခန်းကဏ္ဍနဲ့ ရေရှည်ရပ်တည်နိုင်ရေး အတော်လေး အခက်အခဲဖြစ်နေကြရတယ်လို့လည်း ဆိုပါတယ်။ မဆုမွန် တင်ပြထားပါတယ်။

အရပ်သားအစိုးရလက်ထက်မှာ သတင်းမီဒီယာလွတ်လပ်ခွင့်မှုတွေ နဲ့ သတင်းအချက်အလက်ရယူခွင့် နောက် သတင်းမီဒီယာတွေရဲ့ ရပ်တည်နိုင်ခွင့်တွေဟာ အတော်လေးကို မေးခွန်းထုတ်ခံနေရတဲ့အနေအထားဖြစ်တယ်လို့ သတင်းမီဒီယာသမားတွေက ဝေဖန်ပြောဆိုလိုက်တာပါ။ NLD အရပ်သားအစိုးရအနေနဲ့ သတင်းမီဒီယာတွေရဲ့ အရေးပါတဲ့အခန်းကဏ္ဍနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ သတင်းအချက်လက်ဖြန့်ဝေမှုအပေါ် နိုင်ငံတကာရဲ့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ အင်မတန်ခဲယဉ်းနေတဲ့ အခြေအနေမှန်ကို သုံးသပ်ဖို့ အချိန်ရောက်နေပါပြီလို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌဦးအောင်လှထွန်းက ပြောဆိုလိုက်ပါတယ်။

“ကျနော်ပေးချင်တဲ့ message ကတော့ သုံးသပ်ဖို့ကောင်းပါပြီ။ အခြေအနေမှန်ကိုသုံးသပ်ပြီးတော့ ပြုပြင်သင့်တာကို ပြုပြင်ဖို့ကောင်းပါပြီ။ မီဒီယာကို နားလည်ဖို့လုပ်ဖို့လည်းကောင်းပါပြီ မီဒီယာသဘောဟာ ဘယ်လိုရှိသလဲ မီဒီယာဟာ ပြောချင်တိုင်းပြောလို့မရ၊ လုပ်ချင်တိုင်းလုပ်လို့မရ တဲ့ခေတ်က ကုန်သွားပါပြီ။မီဒီယာဟာ counter protective ဖြစ်ပါတယ်၊ back fire ဖြစ်တာပေါ့ ပြောလေမယုံလေ ။ သုံးသပ်ချက်ကတော့ လုပ်စရာတွေ အများကြီးရှိပါတယ်ခင်ဗျ။ တကယ်တမ်း သူတို့ အကြံဉာဏ်တွေ လက်ခံချင်တယ်ဆိုရင် ကျနော်တို့မှာ မျှဝေပေးတဲ့အတွေ့အကြုံတွေရှိပါတယ် အဲဒါက မီဒီယာကို ချက်ချင်းတုံ့ပြန်ရပါမယ်။ တုံ့ပြန်တယ်ဆိုတာက ငြင်းဆန်ဖို့ပြောတာမဟုတ်ပါဘူး။ နောက်ပြီးတော့ မီဒီယာကို access ပေးရပါမယ် ၊ ပေးသင့်ပေးထိုက်တဲ့လူတွေကို ပေးရမယ်။ မီဒီယာသဘောက Time စနစ်ဖြစ်ပါတယ်။ အချိန်အတိမ်းအစောင်းမခံဘူး အခုဆိုရင် telecom နည်းပညာတွေပေါ်ပေါက်လာတယ်။ လူတိုင်းလက်ထဲမှာ social မီဒီယာသမားတွေပေါ်လာတယ်။ အဲဒီအခါကျတော့ မီဒီယာက သတင်းစီးဆင်းမှုက သိပ်ပြီးမြန်ဆန်လာပါတယ်။ မှန်တဲ့သတင်းဖြစ်ရင်ဖြစ်မယ်၊ မှားတဲ့သတင်း ဖြစ်ရင်ဖြစ်မယ်၊ ကောင်းတဲ့သတင်း ၊ မကောင်းတဲ့သတင်း citizen Journalist တွေလည်းပါပါတယ်။ သူူတို့မှာဆိုရင် အယ်ဒီတာ မရှိဘူး။ ethic မရှိဘူး ကျင့်ဝတ်မရှိဘူး၊ teaching တွေမရှိဘူး။ နောက်ပြီးတော့ စနစ်တကျ လေ့ကျင့်ထားတဲ့ နည်းပညာ အဲဒါတွေမရှိဘူး။ ဆိုတော့ အဲဒါတွေက လည်းရှိပါတယ်။ ဆိုတော့ သတင်းအမှားတခုဟာ မြန်မြန်ဆန်ဆန်နဲ့ ပြန့်သွားဖို့လွယ်ပါတယ်။ အဲဒါကို ထိန်းချုပ်ဖို့အတွက်က သတင်းအမှန်ကို အမြန်ဆုံးထုတ်ပြန်ဖို့ အရေးကြီးပါတယ်။ ဘယ်အဖွဲ့အစည်းကို ဆက်သွယ်ရမှန်းလည်းမသိဘူး။ သတင်းတခုကြားတယ်၊ တယောက်မှ ဖုန်းမကိုင်ဘူး၊ ဖြေမယ့်လူတွေမရှိဘူး။ တာဝန်ယူပြီးတော့ ဖြေရှင်းပေးမယ့်လူ မရှိဘူးဆိုတော့ တဖက်သက်ဖြစ်နေတာပေါ့။ အမုန်ဆို ပြောရမယ် ၊ ဖြေရှင်းရမယ် ။ မဖြေရှင်းခင် ကိုယ့်ဟာကို အိမ်စာလုပ်ရမှာပေါ့။ တာဝန်ယူတဲ့ ပုဂ္ဂိုလ်တွေ အိမ်စာလုပ်ဖို့ လိုပါတယ်။”

အထူးသဖြင့်ကတော့ လွတ်လပ်တဲ့အရည်အသွေးပြည့်မှီတဲ့ ပြည်တွင်းသတင်းမီဒီယာတွေ ပေါ်ထွန်းလာဖို့က ပုဂ္ဂိလိကသတင်းတွေရဲ့ အခန်းကဏ္ဍ နဲ့ သတင်းသမားတွေရေရှည်ရပ်တည်နိုင်ရေးအတွက် က ဘဏ္ဍာရေးအပါအဝင် အစစအရာရာ ကျပ်တည်းမှုတွေ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းက အခုလိုပြောပါတယ်။

“ကျနော်တို့လိုနေတာက ပြည်တွင်းက တကယ့်ကို ဒေါင်ဒေါင်မြည်တဲ့ ပြည်တွင်းက ပုဂ္ဂလိက မီဒီယာသတင်းသမားတွေ လိုအပ်နေပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ နိုင်ငံပိုင်မီဒီယာက ပြောတာကို နိုင်ငံတကာက လက်ခံလေ့မရှိပါဘူး။ ကျနော်တို့ နိုင်ငံပိုင်မီဒီယာဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ ကစပြီးတော့ ပြည်တွင်းမှာ ဝါဒဖြန့်ဖို့လောက်ပဲ အဲဒါအတွက်ပဲ သူတို့က ဦးတည်လှုပ်ရှားခဲ့ပါတယ်။ ဒါမှန်တဲ့ဘက်က ပြောတာပါ။ တကယ့်ကို နင်လားငါလား ကမ္ဘာပေါ်ကို အမှန်တရားကို ဖော်ပြတဲ့အခါကျတော့ credibility မရှိတော့ဘူး အဲဒါကြောင့် ကျနော်တို့ အားထားရမှာကတော့ ပြည်တွင်းက ဒေါင်ဒေါင်မြည် တဲ့ ပုဂ္ဂလိကသတင်းမီဒီယာတွေပေါ်ထွန်းဖို့ လိုပါတယ်။ အရည်အချင်းပြည့်မီတဲ့ ပုဂ္ဂလိကသတင်းမီဒီယာတွေ နိုင်ငံတကာကို ထိုးဖောက်နိုင်စွမ်းရှိတဲ့ ပုဂ္ဂလိကသတင်းမီဒီယာတွေ ကျနော်တို့အိမ်နီးချင်းနိုင်ငံမှာရှိတယ် ထိုင်းမှာဆိုရင်လည်း The Nations တို့ Bangkok Post တို့ တခြားနိုင်ငံတွေလည်းမှာ အိန္ဒိယမှာဆိုရင် ပြောမနေနဲ့တော့။ အဲဒီမီဒီယာမျိုးပေါ်ထွန်းအောင် ကျနော်တို့ ပြုစုပျိုးထောင်ဖို့လိုပါတယ်။ သတင်းသမားတွေ တဦးတယောက်ချင်းစီကိုလည်း နိုင်ငံတကာ အတွေ့အကြုံတွေရအောင်လုပ်ရမယ်။ နိုင်ငံတကာ ဘာသာစကားတွေနဲ့ ရေးနိုင်သားနိုင်အောင်လုပ်ရမယ်၊ အဲဒီဘက်အပိုင်းမှာ ကျနော်တို့အားနည်းသွားတာပေါ။့ နိုင်ငံတကာက လုံးဝပျက်စီးနေတဲ့ ကျနော်တို့ Image ပေါ့ ကျနော်တို့ပုံရိပ်ကို ပြန်ပြီးတော့ အဖက်ဆယ်ဖို့က ကျနော်တို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုပါ။

အစိုးရပိုင်သတင်းဌာနတွေရဲ့ သတင်းဖြန့်ဝေမှုဟာ ပေါ်လစီ ဝါဒဖြန့်ဝေမှုပုံစံပဲဖြစ်နေသေးတာမို့ ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာတွေဘက်က ခိုင်မာတဲ့ သတင်းအချက်လက်တွေနဲ့ စိတ်ချယုံကြည်မှုရှိစေမယ့် သတင်းရင်းမြစ်တွေဖြစ်နိုင်ရေး အတွက်ကိုလည်း သတင်းမီဒီယာတာဝန်ရှိသူတွေဘက်က ကြိုးစားဆောင်ရွက်နေကြတယ်လို့လည်း သတင်းမီဒီယာကောင်စီဒုဥက္ကဋ္ဌက ဆိုပါတယ်။

“နောက်ကျနော်တို့ရဲ့ အဓိကစိန်ခေါ်မှုတခုက ပြည်တွင်းက ပုဂ္ဂလိကမီဒီယာတွေဟာ လွတ်လွတ်လပ်လပ်နဲ့ ဖွံ့ဖြိုးဖို့ ရှင်သန်နိုင်ဖို့အတွက် အခက်အခဲရှိနေပါတယ်။ အဓိကတော့ ဝင်ငွေနည်းပါးလို့ပါ။ အဲဒီအခါ ဘာဖြစ်သလဲဆိုတော့ ပုဂ္ဂလိကသတင်းစာတွေက ရပ်တည်နိုင်ဖို့ အခွင့်အလမ်းနည်းပါးပါတယ်။ အမြတ်အစွန်းနည်းပါးတာပေါ့ ၊ အမြတ်အစွန်းနည်းပါးတော့ ဘာဖြစ်သလဲဆိုတော့ ပုဂ္ဂလိကသတင်းစာတွေဟာ သူတို့ရဲ့သတင်းသမားတွေ ၊ သူတို့ကိုယ်တိုင်အရည်အသွေးမြင့်မားဖို့အတွက် အရင်းအနှီးတွေ ထုတ်လုပ်မှုအားနည်းပါတယ်။ ကျနော်တော့ အဲဒီလို ဆက်စပ်မှုရှိတယ်လို့ ထင်ပါတယ်။”

ဒါ့အပြင် အစိုးရဘက်က အချိန်နဲ့တပြေးညီ ပြည်သူကိုသိရှိနိုင်အောင် သတင်းမီဒီယာတွေကို သတင်းထုတ်ပြန်တာနဲ့ သတင်းရင်းမြစ်တွေကို ရရှိနိုင်ဖို့ အခက်အခဲတွေရှိနေတာကလည်း မြန်မာနိုင်ငံတွင်း သတင်းမီဒီယာစီးဆင်းမှု နဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်ရယူနိုင်ဖို့တွေက အဓိက စိန်ခေါ်မှုတွေဖြစ်နေတယ်ဆိုတာကို ပြန်ကြားရေးဝန်ကြီးအပါအဝင် အစိုးရဌာနတာဝန်ရှိသူတွေနဲ့ အစိုးရ သတိချပ်စေချင်တယ်လို့ သတင်းမီဒီယာတာဝန်ရှိသူတွေကပြောဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG