သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ သတင်းထောက် ၂ ယောက် လွှတ်ပေးရေး အီးယူတောင်းဆို


မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဖြစ်နိုင်သမျှ အမြန်ဆုံး လွှတ်ပေးဖို့ ဥရောပသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

သူတို့နှစ်ယောက်လုံး ဖမ်းဆီးခံထားရတာ ရက်သီတင်း တပတ် ကြာမြင့်ခဲ့ပေမယ့် သူတို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲ၊ သူတို့ရဲ့ အခြေအနေ ဘယ်လိုရှိသလဲဆိုတာ အခုချိန်ထိ အာဏာပိုင်တွေဘက်က ပြောဆိုခြင်း မရှိသေးကြောင်း Reuters သတင်းအေဂျင်စီ ဥက္ကဌ Stephen J. Adler ကပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က ဆက်ပြီး ပြောပြမှာပါ။

ဘယ်လ်ဂျီယံနိုင်ငံ Brussels က ဥရောပ ကော်မရှင်ရုံးချုပ်မှာ မနေ့ အင်္ဂါနေ့က ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ရခိုင်ပြည်နယ် ပဋိပက္ခသတင်းတွေ ရေးသားနေတဲ့ မြန်မာသတင်းထောက် နှစ်ဦးလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ဥရောပသမဂ္ဂအနေနဲ့ တိုက်တွန်းကြောင်းဥရောပ ကော်မရှင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Margaritis Schinas က သတင်းထောက်တွေကို အခုလိုပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ Reuters သတင်းထောက် ၂ ဦးဖမ်းဆီးခံရမှုအပေါ် ဥရောပ ပြင်ပဆက်ဆံရေးဌာန EEAS က မနေ့က သဘောထားကြေညာချက် ထုတ်ပြန်လိုက်တဲ့ အကြောင်း ပြောပြချင်ပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ သတင်းထောက်တွေရဲ အခွင့်အရေးတွေကို အပြည့်အ၀ ကာကွယ်ပေးမှု သေချာအောင ်ဆောင်ရွက်ဖို့နဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဥရောပသမဂ္ဂအနေနဲ့ မျှော်လင့်ထားကြောင်း ဒီကြေညာချက်ကတဆင့် ကျနော်တို့ တောင်းဆိုထားပါတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ ဒီမိုကရေစီစနစ်ရဲ့ အဓိက အခြေခံအုတ်မြစ်တခ ုဖြစ်ပါတယ်။”

တနင်္လာနေ့က ထုတ်ပြန်တဲ့ ဥရောပ ပြင်ပဆက်ဆံရေးဌာနရဲ့ ကြေညာချက်မှာ Reuters သတင်းအေဂျင်စီက သတင်းထောက်နှစ်ဦး ဖမ်းဆီးခံလိုက်ရမှုဟာအမှန်တကယ် စိုးရိမ်မှုအခြေအနေတွေကို ဖြစ်ပေါ်စေကြောင်း ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအကြောင်း သတင်းတင်ပြမှုနဲ့ ဆက်စပ်ပြီးအခုလိုဖမ်းဆီးခံရတယ်လို့ ဥရောပသမဂ္ဂအနေနဲ့ နားလည်ထားကြောင်းနဲ့ ရခိုင်ပြည်နယ်ပဋိပက္ခအ တွင်း လူ့အခွင့်အရေး ဆိုးဆိုးရွားရွားချိူးဖောက်မှုတွေမှာ ပါဝင်ပတ်သက်သူအားလုံး တာဝန်ယူစေဖို့ အစိုးရအနေနဲ့ ပြင်းပြင်းထန်ထန်ကြိုးပမ်းဆောင်ရွက်ဖို့ ထပ်မံတိုက်တွန်းကြောင်း အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အသက် ၃၁ နှစ်အရွယ် ကိုဝလုံးနဲ့ အသက် ၂၇ နှစ်အရွယ် ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ရန်ကုန် မင်္ဂလာဒုံမြို့နယ် စားသောက်ဆိုင်တခုမှာတွေ့ဆုံပြီး အင်တာဗျူးပေးဖို့ရှိကြောင်း ရဲအရာရှိနှစ်ဦးက ချိန်းဆိုခဲ့ပြီးနောက် အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတာ သီတင်းတပတ်ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် သူတို့နဲ့ အဆက်အသွယ်အ ခုချိန်ထိမရသေးဘူးလို့ Reuters သတင်းအေဂျင်စီ ဥက္ကဌလည်းဖြစ် အယ်ဒီတာချုပ်လည်းဖြစ်တဲ့ Stephen J. Adler က တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ကမ္ဘာက စိတ်ဝင်စားနေတဲ့ သတင်းကို မှန်မှန်ကန်ကန်နဲ့ ပြည့်စုံအောင် တင်ပြမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်နေသူတွေဖြစ်ကြောင်း၊ သူတို့နှစ်ဦးလုံး အမှားကျူးလွန်ခဲ့ခြင်း မရှိကြောင်း အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၂ ဦးလုံး ကျန်းကျန်းမာမာရှိနေပြီး ဥပဒေနဲ့အညီ ထိန်းသိမ်းထားသလို၊ ဥပဒေ ဘောင်အတွင်းကနေ သူတို့ ၂ ဦးကို အရေးယူဖို့ ပြင်ဆင်နေကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေကို တနင်္လာနေ့က ပြောခဲ့ပါတယ်။

ဒါပေမယ့် အခုချိန်ထိ သတင်းထောက်တွေရဲ့ ရှေ့နေအပါအဝင် မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့် မပေးသေးကြောင်း ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိမွန်က ဆိုပါတယ်။ ဒါအပြင် သူ့ရဲ့ ခင်ပွန်းဟာ သတင်းထောက်အလုပ်ကို မှန်မှန်ကန်ကန်လုပ် ကိုင်ခဲ့သူဖြစ်ကြောင်း အခုလိုပြောပြပါတယ်။

“ အိမ်ထောင်ဦးစီးကောင်း တယောက်၊ အလုပ်နဲ့ပတ်သက်ရင် အလုပ်ကြိုးစားတဲ့သူ။ ပြီးလို့ရှိရင် ပညာရေးနဲ့ ပတ်သက်ရင် ပညာရေး ကြိုးစားနေတဲ့သူ၊ သူသည်လုံး၀ နိုင်ငံရေးသမားမဟုတ်ဘူး၊ သူသည် သတင်းသမား စစ်စစ်ဖြစ်တယ်၊ သူဟာဒီလိုမျိုး မဟုတ်တာမဟုတ်ဘူးဆိုတာ အမယုံတယ်။ အဲဒါကြောင့်မို့ အမ ယောင်္ကျားကို အမ အမြန်ဆုံးလွတ်စေချင်တယ်။”

ကိုဝလုံးဟာ သတင်းသမားတဦးအပြင် ပရဟိတ လုပ်ငန်းတွေမှာလည်း စေတနာ ထက်ထက်သန်သန်နဲ့ အချိန်ပေးလုပ်ကိုင်နေသူဖြစ်ကြောင်း သူငယ်ချင်းဖြစ်သူ ကိုသန့်စင်စိုးက ပြောပါတယ်။

“ အဓိကကတော့ သူဟာ ပရဟိတပါ၊ သူသတင်းထောက်မလုပ်ခင်တုံးက မော်လမြိုင်မှာ နေတာကိုး။ မော်လမြိုင်တုံး ကလည်း သူပရဟိတလုပ်ပါတယ်။ ဒါတော့ ကျနော်ကိုယ်တိုင်မမြင်ခဲ့ပေမဲ့၊ သူနဲ့အတူ ပူးတွဲလုပ်ခဲ့တဲ့သူတွေ ကျနော်နဲ့ သိပါတယ်။ အဲဒီတော့ သူ လေးစားလောက်တဲ့ ပရဟိတသမားဖြစ်တဲ့အတွက်ကြောင့် ကျနော်မမြင်ခဲ့သော်လည်း ဒါဟုတ်ပါတယ်။”

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်စဉ် အစီရင်ခံစာများ လက်ဝယ်တွေ့ရှိမှုနဲ့ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ၊ ပုဒ်မ ၃ နဲ့ ရန်ကုန်မြို့ထောက်ကြန့်နယ်မြေ ရဲစခန်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦး ဖမ်းဆီးခံရတဲ့ အဓိက အကြောင်းရင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ၊ လုံခြုံရေးတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ လုံခြုံရေး စာရွက်စာတမ်း အထောက်တွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့ ရည်ရွယ်ချက်နဲ့ တရားမဝင် သတင်းရယူခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ Reuters သတင်းထောက်နှစ်ဦးလုံး လွှတ်ပေးရေး ကုလသမဂ္ဂ အပါအဝင် အမေရိကန်၊ ဗြိတိန်၊ ဂျပန် စတဲ့ နိုင်ငံတကာအစိုးရတွေက မြန်မာအစိုးရကို အလေးအနက် တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG