သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ သတင်းလွတ်လပ်ခွင့် ကုလအကြီးအကဲ စိုးရိမ်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ် ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ် ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ။

ရိုက်တာသတင်းဌာနက မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ကျဆင်းလာတဲ့အပေါ်မှာ စိုးရိမ်သလို၊ အခု သတင်းထောက်တွေဖမ်းဆီးမှုက ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့လည်း ဆက်စပ်နေနိုင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ် က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းကို နိုင်ငံတကာက ဝိုင်းဝန်း ကူညီ ဖြေရှင်းပေးဖို့လည်း မစ္စတာ ဂူးတားရက်စ်က ထပ်မံ တိုက်တွန်းသွားပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ သတင်း ရယူဖို့ကြိုးစားကြတဲ့ ရိုက်တာ သတင်းဌာနက မြန်မာ သတင်းထောက်နှစ်ဦးကို အစိုးရက ဖမ်းဆီးလိုက်တာဟာ မြန်မာနိုင်ငံရဲ့ သတင်းစာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး စိုးရိမ်စရာဖြစ်သလို၊ ဒီသတင်းထောက်နှစ်ဦး အတွက်လည်း စိုးရိမ်မကင်းဖြစ်ရပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ် က ဒီကနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားပါတယ်။

အခုသတင်းသမားတွေ ဖမ်းဆီးခံရတာဟာ ရခိုင်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့လည်း ဆက်စပ်နေနိုင်တာကြောင့်၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူ့ရဲ့ အဓိက စိုးရိမ်ချက်ကတော့ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့ဖြစ်ခဲ့တဲ့ ဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေပဲ ဖြစ်တယ်လို့ မစ္စတာ ဂူးတားရက်စ်က ပြောပါတယ်။

"တိုင်းပြည်မှာ သတင်းမီဒီယာလွတ်လပ်ခွင့် ကျဆင်းလာတဲ့ကိစ္စက စိုးရိမ်စရာပါ။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောရရင်တော့ ကျနော်တို့ရဲ့ အဓိက စိုးရိမ်ချက်ကတော့ လူပေါင်း ၆ သိန်းကျော် တိုင်းပြည်ထဲကနေ ထွက်ပြေးခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ ဒီနိုင်ငံအတွင်းက ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အဓိက စိုးရိမ်မကင်း ဖြစ်ရပါတယ်။ အခုသတင်းထောက်တွေ ဖမ်းဆီးခံရတဲ့ အကြောင်းရင်းကလည်း ဒီကိစ္စနဲ့ ဆက်စပ်ကောင်း ဆက်စပ်နေနိုင်ပါတယ်။ လူတွေ အများအပြား ဒုက္ခရောက်နေရတဲ့ ဒီဖြစ်ရပ်ဆိုးကြီးနဲ့ ပတ်သက်လို့ သူတို့မြင်တွေ့ရတာတွေကို သတင်းယူရင်းနဲ့ ဒီသတင်းထောက်တွေ ဖမ်းဆီးခံကြရတာကြောင့်ပါ။”

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အခုဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ ပြန်လည် လွတ်မြောက်ရေးအတွက်သာမက၊ သူတို့ကို ဖမ်းဆီးထားတဲ့ အကြောင်းတွေကိုပါ ဖော်ထုတ်နိုင်အောင် ကြိုးစားကြဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က တိုက်တွန်း ပြောဆိုသွားပါတယ်။

“သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ အရေးကြီးပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အခုဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ ပြန်လည် လွတ်မြောက်ရေးအတွက် တတ်နိုင်သမျှ ဝိုင်းဝန်းဆောင်ရွက်သွားဖို့ အရေးကြီးပါတယ်။ ဒါတင်မက ဒီလူတွေ ဖမ်းဆီးခံရတဲ့အကြောင်းရင်းကိုလည်း ဖော်ထုတ်ဖို့ လိုပါတယ်။ ဆိုလိုတာက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်ရဲ့လား… အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရဲ့လား၊ နှစ်ဘက် ပြန်လည်သင့်မြတ်ရေး နဲ့ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး စောင့်ကြည့်တာတွေ မလုပ်နိုင်အောင် ဟန့်တားတဲ့သဘောမျိုး ဖြစ်နေသလား… (အကြောင်းရင်းတွေကို ဖော်ထုတ်ဖို့ အရေးကြီးပါတယ်)။”

မြန်မာပြည်အခြေစိုက် ရိုက်တာသတင်းဌာနက သတင်းထောက်၂ ယောက်ဖြစ်တဲ့ ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ တည်ဆဲ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် ဥပဒေပုဒ်မ (၃) အရ နိုင်ငံတော် လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်စေရန် ရည်ရွယ်ချက်နဲ့ သတင်းရယူတယ်ဆိုပြီး သူတို့ကို အရေးယူထားပါတယ်။

သူတို့ဟာ အကြမ်းဖက် ပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာ တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ချဉ်းကပ်စည်းရုံးပြီး သတင်း အချက်အလက်တွေ ရယူခဲ့ကြသလို အရေးကြီး လုံခြုံရေး စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပသတင်း ဌာနတွေအတွက် စုဆောင်းခဲ့တာကြောင့်ဖြစ်တယ်လို့ မြန်မာပြန်ကြားဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ခုလို သတင်းထောက်နှစ်ဦး ဖမ်းဆီး အရေးယူခံရတာနဲ့ပတ်သက်လို့ ရန်ကုန် အမေရိကန်သံရုံး နဲ့ အီးယူ ဥရောပသမဂ္ဂ ရုံးတို့ကလည်း စိုးရိမ်မကင်းဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ အခုဖမ်းဆီးမှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ဖြေရှင်းချက် ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ အလားတူ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေကလည်း ဒီ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရတဲ့အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG