သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်သမားအခွင့်အရေး ပညာပေးဖို့စီစဉ်


မြန်မာလယ်သမားတစ်ဦး။
မြန်မာလယ်သမားတစ်ဦး။
နိုင်ငံအဝှမ်း လယ်ယာမြေသိမ်းဆည်းခံရမှုကြောင့် ဆုံးရှုံးနစ်နာနေရတဲ့ လယ်သမားတွေအတွက် လယ်သမားအကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်း ဆွေးနွေးနေချိန်မှာ ပဲ တောင်သူလယ်သမား သမဂ္ဂဖွဲ့စည်းရေးကော်မတီ ဥပဒေပညာရှင်တွေ ကလည်း လယ်သမားတွေ လယ်ယာမြေ ဥပဒေရေးရာတွေကို ကိုယ်တိုင်သိရှိနားလည်နိုင်ဖို့ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ပညာပေးသွားဖို့စီစဉ်နေကြပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေ သိမ်းဆည်းခံရ သူတွေ၊ လယ်ယာလုပ်ကိုင်ခွင့် ဆုံးရှုံးနေရသူ တောင်သူလယ်သမားတွေ အတွက် ပြည်ထောင်စုလွှတ်တော်မှာ ဖျာပုံမဲဆန္ဒနယ်က အမတ်တင်သွင်း ထားတဲ့ “တောင်သူလယ်သမားအကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး ဥပဒေမူကြမ်းကို အတည်ပြုနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ က ဆွေးနွေးမှုတွေ လုပ်နေကြတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။ မြန်မာနိုင်ငံတွင်း စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ဖို့ လုပ်ဆောင်နေချိန်ဖြစ်တဲ့အတွက် လယ်သမားတွေ လယ်လုပ်ကိုင်ခွင့်ရရေးနဲ့ လယ်သမားအခွင့်အရေး ဆုံးရှုံးနစ်နာမှုတွေ မဖြစ်ရအောင် လွှတ်တော်တွင်းမှာ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ဦးဖေသန်းက ဆိုပါတယ်။

“အခု လွှတ်တော်မှာတော့ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဆိုပြီးတော့ ဥပဒေကြမ်းတခုလုပ်နေတယ်။ ဖျာပုံမဲဆန္ဒနယ်က တင်ထားတဲ့ ဥပဒေကြမ်းတခုပေါ့။ အဲဒါတွေကို အခု ကျနော်တို့ လွှတ်တော်မှာဆွေးနွေးဖို့ လုပ်နေပါတယ်။ လွှတ်တော်လက်ထဲကိုလည်း အဲဒါတွေ ဖြန့်ဝေထားပါတယ်။ ဘယ်လိုဆွေးနွေးရင် ကောင်းမလဲဆိုပြီးတော့ အချက်အလက်တွေ ရှာနေကြပါတယ်။”

လွှတ်တော်တွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ရဲ့ မဲဆန္ဒနယ်မြေတွေထဲမှာ ကြုံတွေ့နေရတဲ့ လယ်ယာမြေပြဿနာတွေကို တင်ပြလာတဲ့ အပေါ် ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြား မြေယာသိမ်းဆည်းခံရသူတွေ အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့လည်း ဒီထက်ပိုပြီး ထိထိရောက်ရောက် ကွင်းဆင်းစစ်ဆေးမှုတွေကို ဆောင်ရွက်သင့်တယ်လို့ ဦးဖေသန်း က ပြောပါတယ်။

“လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှုကော်မရှင်ဆိုတာ တကယ့် လယ်သမားတွေရဲ့ ထိခိုက်နစ်နာမှုတွေကို လုပ်ပေးနေတဲ့ ကော်မရှင်ပါပဲ။ ဒါပေမဲ့ အဲဒီကော်မရှင်ရဲ့ တာဝန်က မြေသိမ်းတာတွေနဲ့ ပတ်သက်ပြီးတော့ နစ်နာနေတဲ့ ကိစ္စတွေကိုဆွေးနွေးဖို့ ဖြစ်ပါတယ်။ ဒီ့ထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမှာပေါ့။ ဒါပေမဲ့ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့ပေးလိုက်တဲ့ ကော်မရှင်ရဲ့ အားနည်းချက်တွေကလည်း ရှိပါသေးတယ်။ လွှတ်တော်ရဲ့ တင်ပြချက်တွေကို ဘယ်လောက်အထိ လေးစားပြီး အသိအမှတ်ပြုပြီးတော့ အဖြေတစုံတရာ ပေးလာနိုင်တယ်လို့ပဲ ကျနော်တို့က မျှော်လင့်လို့ရပါတယ်။ ကျနော်တို့ တင်ပြခြင်းသာ ဖြစ်ပါတယ်။ အဲဒါကြောင့် လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မရှင်ဟာ အစိုးရက ဖွဲ့စည်းထားတဲ့ ကော်မရှင်လောက်တော့ အားမကောင်းဘူးလို့ ယူဆတယ်။ ဒါကြောင့်လဲ ဒီကနေ့ အမှုတွေဟာ ကျနော်တို့ ဆက်ပြီးတော့ အပေါ်ကိုပဲ တင်ပြတယ်။ အမှုတွေက ထဲထဲဝင်ဝင် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်နဲ့ ဆုံးဖြတ်ပေးတာ မတွေ့ရသေးဘူး။ တပ်ပိုင်းဆိုင်ရာတွေတော့ တပ်နဲ့မဆိုင်တဲ့ တချို့နေရာတွေမှာ သိမ်းထားတာတော့ ပြန်ပေးမယ်ဆိုပြီးတော့ တပ်ကတော့ တွေ့ရတယ်ခင်ဗျ။ တခြားဟာတွေကတော့ သိပ်ပြီးတော့ ဘယ်လိုအဖြေရမလဲဆိုတာ အစိုးရက ဘယ်လိုမှ ကျနော်တို့ ကော်မရှင်ကို အဖြေမပေးသေးပါဘူး။”

နိုင်ငံအဝှမ်း လယ်ယာမြေသိမ်းဆည်းခံရမှုတွေကြောင့် ဆန္ဒပြမှုတွေဖြစ်နေသလို လယ်ယာမြေ သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေက သူတို့ရဲ့ လယ်ယာမြေတွေထဲ ပြန်ထွန်ယက်မှုတွေရှိလို့ ပိုင်နက်ကျူးလွန်မှု၊ ဥပဒေဖောက်ဖျက်မှုတွေနဲ့ ဖမ်းဆီးအရေးယူမှုတွေ ရှိလာတဲ့တွက် လယ်သမားတွေအနေနဲ့ လယ်ယာမြေ ဥပဒေတွေကို ဒီ့ထက်ပိုပြီး နားလည်ဖို့၊ ကိုယ်တိုင် ဆုံးရှုံးနစ်နာခဲ့ရမှုတွေကို ဥပဒေကြောင်းအရ ပြန်လည်ဖြေရှင်းနိုင်ဖို့ သိနားလည်နိုင်အောင် ဥပဒေရေးရာတွေကို ပညာပေးနေတာဖြစ်တယ် လို့ တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းရေးကော်မတီက လယ်သမားအရေး လှုပ်ရှားသူ မစုစုနွေးက ဆိုပါတယ်။

“လယ်သမားတွေက လယ်ယာမြေသိမ်းဆည်းခံရတဲ့ ပြဿနာတွေမှာ သူတို့ကိုယ်တိုင် သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီးတွေကို စာရေးသား တိုင်ကြားတာတွေ မလုပ်တတ်ဘူး။ အဲဒီတော့ လယ်ယာမြေဥပဒေတွေကိုလည်း သူတို့က ဘယ်လိုမျိုးတွေ ထုတ်ပြန်ထားတယ်ဆိုတာ သူတို့မသိဘူး။ မသိတဲ့အတွက် ဒီ လယ်ယာမြေပြဿနာတွေ ရှင်းတဲ့အခါမှာ အခက်အခဲတွေ ပိုပြီးတော့ ကြုံတွေ့ရတယ်။ အဲဒါကြောင့် လယ်သမားတွေ ဥပဒေတွေကို ဥပဒေသင်တန်းတွေမှာ သင်ကြားပြီးတော့၊ ဥပဒေသင်တန်းတွေ တက်ပြီးတော့ သိရှိနားလည်သွားလို့ သူတို့နစ်နာဆုံးရှုံးတဲ့ လယ်ယာမြေပြဿနာတွေကို သူတို့ကိုယ်တိုင် ရေးသားတတ်မယ်၊ တိုင်ကြားတတ်မယ်၊ တောင်းဆိုတတ်မယ် ဆိုရင် လယ်သမားတွေရဲ့ အခွင့်အရေးတွေ ပိုမို တိုးတက်ကောင်းမွန် လာနိုင်တယ်လို့ တွေးပြီး ကျမတို့ ဒီသင်တန်းကို ဖွင့်တာပါ။”

တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းရေးကော်မတီက လယ်သမားအရေး လှုပ်ရှားသူတွေနဲ့ ဥပဒေပညာရှင်တွေက ၂၀၁၃ ခုနှစ် ဇွန်လကစတင်ပြီး တနှစ်ပတ်လုံး အတိုင်းအတာနဲ့ လယ်ယာမြေအဓမ္မ အသိမ်းဆည်းခံရမှု အဖြစ်အများဆုံး ပြည်နယ်၊ တိုင်းတွေက လယ်သမားတွေကို လယ်ယာမြေဥပဒေရေးရာတွေကို ပို့ချသွားဖို့ စီစဉ်နေတယ်လို့ မစုစုနွေးက ပြောပါတယ်။

လယ်ယာမြေ သိမ်းဆည်းခံခဲ့ရတဲ့ လယ်သမားတွေအနေနဲ့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအလိုက် မြေယာဖြေရှင်းပေးနိုင်ရေး ဘယ်ဌာနတွေ၊ ဘယ်အဖွဲ့အစည်းကို အသိပေးတိုင်ကြားသင့်တယ်၊ လယ်ယာမြေ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး မိမိတို့ဘက်က ဘယ်လို သက်သေ အထောက်အထားတွေကို ပြသနိုင်တယ် ဆိုတာတွေကို ဥပဒေပညာရှင်တွေက ပညာပေး ဆွေးနွေးပေးနေတယ်လို့ မစုစုနွေးက ပြောပါတယ်။

၂၀၁၃ ဇွန်လကစတင်ပြီး ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင်းက လယ်သမားတွေကို စတင်ပို့ချပေးနေသလို၊ လအလိုက် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်တွေက လယ်သမားတွေဆီ သွားရောက်ကြမှာဖြစ်ပြီး လယ်သမားအခွင့်အရေး၊ ဥပဒေရေးရာတွေနဲ့ ပတ်သက်ပြီး ပညာပေး ပို့ချမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ဆုံးရှုံး နစ်နာခဲ့ရတဲ့ တောင်သူလယ်သမားတွေနဲ့ လယ်သမားရေးလှုပ်ရှားသူတွေ၊ ဥပဒေပညာရှင်တွေရဲ့ နှီးနှောဖလှယ် ဟောပြောပွဲတွေ ကျင်းပနိုင်ရေးကိုလည်း စီစဉ်နေကြတယ်လို့ လယ်သမားရေးလှုပ်ရှားသူတွေက ပြောပါတယ်။
XS
SM
MD
LG