သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ပိုင်မြေကျူးကျော်မှု လယ်သမား ၇၀ကျော် ထောင်ဒဏ်ချမှတ်ခံရ


 ( ၂၀၁၄ မတ်လ၊ မတ္တရာ လယ်သမားများဆန္ဒပြစဉ်)
( ၂၀၁၄ မတ်လ၊ မတ္တရာ လယ်သမားများဆန္ဒပြစဉ်)

စစ်တပ်ပိုင် လယ်မြေတွေမှာ ပိုင်နက် ကျူးလွန်မှုနဲ့ ရှမ်းပြည်နယ်က လယ်သမား ၇၂ ယောက်ကို တရားရုံးက ထောင်ဒဏ် အသီးသီးချမှတ်လိုက်ပါတယ်။ ကျန် အသက်ကြီးသူတွေနဲ့ အသက်မပြည့်သေးသူတွေကိုတော့ ငွေဒဏ် ချမှတ်ပါတယ်။ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က စွဲဆိုတဲ့ အမှုပေါင်း ၂၂ မှုကို တောင်ကြီး ခရိုင် တရားရုံးမှာ ဒီကနေ့ စီရင်ချက်ချပြီး လယ်သမားတွေကို တောင်လေးလုံးထောင်ကို ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။

တောင်ကြီးမြို့နယ် ကွန်လုံ ကျေးရွာ အုပ်စု ရေပူရွာက လယ်သမား ၇၂ ယောက်ကို စစ်တပ်ပိုင် လယ်မြေပေါ် ပိုင်နက် ကျူးလွန်ပြီး ဝင်ရောက် လုပ်ကိုင်မှုနဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က သူပိုင် လယ်ဧက ၅၀၀၀ ပေါ်မှာ ပိုင်နက် ကျူးလွန် လုပ်ကိုင်မှုပေါင်း ၂၂ မှုနဲ့ လယ်သမားတွေကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ တောင်ကြီး ခရိုင် တရားရုံးက လယ်သမားတွေကို ထောင်ဒဏ်နဲ့ ငွေဒဏ် အသီးသီး ချမှတ်လိုက်တဲ့ အခြေအနေကို လယ်သမားတွေရဲ့ ရှေ့နေ ဒေါ်ခင်မိုးမိုးက အခုလို ပြောပါတယ်။

“အခုဒီနေ့အမိန့်ချတဲ့ ၂၂ မှုက စစ်တပ်ကနေပြီးတော့ စွဲထားတဲ့ အမှုတွေပါ။ အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေပြီးတော့ တောင်သူတွေကို စွဲတဲ့ ၂၂ မှုကို အမိန့်ချတာပါ။ စွဲတဲ့ ပုဒ်မကတော့ ၄၄၇ ပိုင်နက်ကျူးလွန်မှု ပါရှင့် အဲဒါနဲ့ ပြစ်ဒဏ်ပေးလိုက်တာပါ။ ဒဏ်ငွေရိုက်တာကတော့ အသက် ၇၀ ကျော်တဲ့ တောင်သူလယ်သမ အမျိုးသမီးကြီးတယောက်ပါတယ်၊ နောက် တောင်သူလယ်သမားကြီး ၅ ယောက်ပေါ့ အဲဒီ ၆ ယောက်ကို ဒဏ်ငွေ ၁ ယောက်ကို ၂ သောင်းစီရိုက်တယ်။ နောက် အသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ်လေးကိုတော့ ဒဏ်ငွေ ၅၀၀ ရိုက်ပါတယ်။ ကျန်တဲ့ ၇၂ ယောက်ထဲမှာ တချို့က ၂ မှုပါတယ်၊ တချို့က ၃ မှုပါတယ်။ အဲဒီအထဲမှာ ၁ ယောက် ဆိုရင် ထော်လာဂျီမောင်းသမားပေါ့ အဲဒီတယောက်ကိုဆိုရင် ၆ မှုတောင်ပါတယ်။”

အမှု တခုစီ အတွက် အလုပ်နဲ့ ထောင်ဒဏ် ၁ လစီ ချမှတ်လိုက်တာ ဖြစ်ပြီး အယူခံဝင်ဖို့ ပြင်ဆင်နေတယ်လို့ ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

“ ၁မှုကို ၁ လဆိုတော့ ၆ မှုပါတဲ့သမားက ၆ လဖြစ်ပြီ၊ နောက် ၃ မှုပါသမားက ၃ လ ။ တပေါင်းထဲမပါသွားဘူး။ ဆိုတော့ အဲဒါတွေကို ကျမ မနက်ဖြန်ခါဆိုရင် ကျမ အမိန့်တွေကို ပူးပြီးတော့ အဲဒီလူတွေအတွက်ကို အဒီက အရင်ဦးဆုံးလုပ်ပြီးတော့ ဒီအမှုတွေကို တင်ပါမယ်။”

ပြစ်ဒဏ် စီရင်ခံရတဲ့ လယ်သမားတွေကိုတော့ နေ့ချင်းဘဲ ထောင်ကို ပို့လိုက်ပြီ ဖြစ်ပါတယ်။ အကူအညီပေးနေသူတွေကတော့ ထောင်ကျခဲ့ရသူ လယ်သမားတွေရဲ့ ဆိုင်ကယ်တွေ အပါအဝင် ပစ္စည်းတွေကို နေရပ်ရင်းတွေ ပြန်လည် ပို့ဆောင်ပေးပြီး ဖြစ်ပြီး နောက်နေ့တွေမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေမှာ အကူအညီလိုသူတွေ ရှိမရှိ သွားကြည့်မှာ ဖြစ်တယ်လို့ အကူအညီပေးနေသူ ဦးတင်မောင်တိုးက ပြောပါတယ်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ရယူထားတဲ့ လယ်ယာမြေတွေပေါ်မှာ အခု ထောင်ကျသွားတဲ့ လယ်သမားတွေကို သီးစားခချပြီး လုပ်ပိုင်ခွင့် ပေးခဲ့ပြီး ဒီဘက်နှစ်ပိုင်းမှာမှ လုပ်ပိုင်ခွင့် မပေးတော့ဘဲ အမှုဖွင့်ခဲ့တာ ဖြစ်တယ်လို့လည်း ဦးတင်မောင်တိုးက ပြောပါတယ်။

“စစ်တပ်ကလူက အဲဒီမှာ သကြားစက်ဆိုပြီးလုပ်ထားတာ ၁ ခုရှိတယ်၊ နောက်ပြီး သရက်ပင်စိုက်ထားတာလေး နည်းနည်းရှိတယ်။ ဒါပေမယ့် ဧက ၁၀၀ တောင်မရှိပါဘူး။ ကျန်တာတွေကတော့ အရင်ကတည်းက အဲဒီ ပတ်ပတ်လည်မှာရှိတဲ့ ၈ ရွာတွေက တောင်သူတွေကို သီးစားချပြီး ပိုက်ဆုံယူတဲ့မြေတွေပါ။ အများစုကတော့ ထောင်နဲ့ရှိတဲ့ ဧကတွေက အလွတ်တွေပါ။”

စစ်တပ်က ထဲထဲဝင်ဝင် ပတ်သက်တဲ့ နိုင်ငံတဝန်း မြေယာ ပိုင်ဆိုင်မှု အငြင်းပွားမှု အများစုမှာ လယ်သမားတွေက အမှု ရှုံးနိမ့်နေရတာကြောင့် လယ်ယာမြေ ဥပဒေတင် မဟုတ်ဘဲ လူမှုရေး ရှုထောင့်ကပါ လယ်ယာမြေ စီမံခန့်ခွဲမှုကို ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့လည်း လယ်သမား အရေး ဆောင်ရွက်သူတို့က ထောက်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG