သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်သူလယ်သမားညီလာခံ လယ်သမားအကျိုးစီးပွား ကာကွယ်ရေးတောင်းဆို


မြန်မာလယ်ယာရှု့ခင်းအတွင်း လယ်သူမများ လယ်စိုက်နေစဉ်။
မြန်မာလယ်ယာရှု့ခင်းအတွင်း လယ်သူမများ လယ်စိုက်နေစဉ်။

စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရသစ် လက်ထက် တောင်သူလယ်သမားတွေရဲ့ နိမ့်ကျနေဆဲ လူမှုဘဝတွေ ကို မြင့်တင်နိုင်ဖို့ လယ်သမား အကျိုးစီးပွား ကာကွယ်စောင့်ရှောက်နိုင် ဖို့ တောင်သူလယ်သမားတွေ လယ်ယာလုပ်ငန်းခွင် ဘေးကင်း လုံခြုံဖို့နဲ့ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးရပိုင်ခွင့်တွေကို ရရှိနိုင်ဖို့ ၂၀၁၆ တောင်သူလယ်သမားညီလာခံကနေ တောင်သူလယ်သမားတွေ တောင်းဆိုလိုက်ကြပါတယ်။ ပြည်နယ်နဲ့တိုင်းအသီးသီးက တက်ရောက် လာတဲ့ တောင်သူ လယ်သမား ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေး အကြံပြုချက်တွေကို သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ် တိုင်းအစိုးရအဖွဲ့တွေကို တင်ပြသွားမယ် လို့ ဦးဆောင်ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။ အသေးစိတ် မဆုမွန် ပြောပြပေးပါမယ်။

အရပ်သားအစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ တောင်သူလယ်သမား ညီလာခံကို နေပြည်တော် အပါအဝင် ပြည်နယ်တိုင်း အသီးသီးက တောင်သူ လယ်သမား ၁၈၀နီးပါး တက်ရောက်ခဲ့ပါတယ်။ ရန်ကုန်မြို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် မှာ ဇူလိုင်လ ၂၃၊ ၂၄ နှစ်ရက်တာ ကျင်းပခဲ့တာပါ။ အဓိကကတော့ မြန်မာနိုင်ငံထဲမှာ ပြည်နယ်တိုင်းအသီးသီးမှာ ချိုးဖောက်ခံနေရတဲ့ လယ်သမား အခွင့်အရေးတွေကို ဥပဒေနည်းလမ်းကျ ဖြေရှင်းနိုင်ဖို့ လယ်ယာမြေဥပဒေတွေ ပြဋ္ဌာန်းပေးနိုင်ဖို့ အပါအဝင် တောင်သူလယ်သမားတွေ အတွက် စိုက်ပျိုးရေးလုပ်ငန်းခွင် ဖွံဖြိုးတိုးတက်ရေး အစိုးရသစ်ဘက်က အလေးထားဆောင်ရွက်ပေးဖို့ တောင်သူလယ်သမားထုအနေနဲ့ လိုလားကြောင်း တောင်သူလယ်သမားညီလာခံမှာ တင်ပြခဲ့ကြပါတယ်။

တောင်သူလယ်သမားညီလာခံကို တက်ရောက်ခဲ့တဲ့ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်က လယ်သမားကြီးဦးတင့်လွင်က အစိုးရသစ်အနေနဲ့ လုပ်ဆောင်ပေးသင့်တာတွေကို အခုလို ပြောပါတယ်။

“အစိုးရသစ် တက်လာတဲ့အခါမှာ ကျနော်တို့ ဥပဒေမှာ ကျနော်တို့ လယ်သမားတွေနဲ့ လိုက်လျောညီထွေ မရှိတဲ့ဥပဒေတွေ တော်တော်များများ ကြုံနေရတော့ ပြည် နယ် ၁၂ ခုက ကိုယ်စားလှယ်တွေတက်ရောက်ပြီးတော့ ကျနော်တို့ရဲ့ လယ်ယာမြေဥပဒေတွေ ပြင်ဖို့ စိုက်ပျိုးရေးနည်း စနစ်တွေနဲ့လည်းပတ်သက်ပြီးတော့ လုပ်တဲ့နေရာမှာ လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေကို အစိုးရကော၊ သက်ဆိုင်ရာဌာနတွေရော ပါဝင်လာဖို့ ဒီရည်ရွယ်ချက်တွေနဲ့ ကျနော်တို့က လုပ်ကြတယ်ပေါ့နော်။ အဲဒီတော့ လယ်သမားတွေကလည်း တိုင်းနဲ့ပြည်နယ်မတူညီမှုအပေါ်မှာ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ကျနော်တို့က တင်ပြကြတယ်။ ဒါကြောင့်မို့လို့ ဥပဒေနဲ့နည်းဥပဒေတွေ ပြောင်းဖို့ အဓိကတော့ ကျနော်တို့ လယ်သမားထုတရပ်လုံးသိနေတာက နိုင်ငံရေးအပြောင်းအလဲတခုမှာ သမိုင်းရဲ့လိုအပ်ချက်ကြောင့် ဒီလိုဥပဒေတွေ ပြင်ကြတယ်ဆိုတာ ကိုယ့်နိုင်ငံအနေအထားအရသိကြတယ်။ သိကြတဲ့အခါကျတော့ ကျနော်တို့အစိုးရသစ်ပေါ်မှာလည်း လယ်သမားအသံစစ်စစ်တွေပါတဲ့ ဥပဒေပြင်ရေးမှာ အခန်းကဏ္ဍ တခုအနေနဲ့ ပါဝင်နိုင်ရေးကို ဦးတည်ပြီးတော့ ကျနော်တို့ ညီလာခံကြီးလုပ်ကြတာပေါ့နော်။”

တောင်သူလယ်သမားတွေရဲ့ နိမ့်ကျနေဆဲ လူမှုဘဝတွေကို မြင့်တင်နိုင်ဖို့ လယ်သမား အကျိုးစီးပွား ကာကွယ်စောင့်ရှောက်နိုင်ဖို့ အစိုးရ တောင်သူ လယ်သမား နဲ့ လယ်သမားအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးလိုအပ်ကြောင်းကိုလည်း ဦးဆောင် ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံတောင်သူ လယ်သမားနဲ့ စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံတောင်သူလယ်သမားနဲ့စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင်ဦးမိုက်ကယ်ကလည်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အစိုးရသစ်အနေနဲ့ ဘယ်လိုလုပ်ဆောင်ပေးသင့်ပါလဲဆိုတာ အခုလို သူ့အမြင်ပြောပါတယ်။

“စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးအတွက်က ကျနော်တို့ အစိုးရကဏ္ဍ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးနဲ့မွေးမြူရေး ၊ ဆည်မြောင်းဝန်ကြီးဌာနတွေ နောက်ကျေးလက်ဒေသဖွံ့ဖြိုးရေး ကဏ္ဍတွေ၊ လယ်သမား ကဏ္ဍပြောမယ်ဆိုရင် ကျနော်တို့ လယ်ယာကဏ္ဍတွေအများကြီးရှိတယ်။ ဒီလိုမျိုး ကျနော်တို့အစိုးရရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ လက်တွဲလုပ်ချင်တယ်။ သေချာတာက ကျနော်တို့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ကျနော်တို့အနာဂတ်အတွက် ဒီလယ်သမားတွေရဲ့ စိုက်ပျိုးရေးကဏ္ဍ အနာဂတ်အတွက် ကျနော်တို့အစိုးရနဲ့ လက်တွဲလုပ်သွားချင်တာကို ညီလာခံမှာတက်ရောက်တဲ့လယ်သမားထုတွေ ၊ လယ်သမားကိုယ်စားလှယ်တွေကို ကျနော်တို့ချပြတာဖြစ်ပါတယ်ခင်ဗျ။”

တောင်သူလယ်သမားတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင်းက အလုပ်သမားတွေလယ်ယာနဲ့စိုက်ပျိုးရေး လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနဲ့ အတွက်လည်း အစိုးရဘက်က လိုအပ်တဲ့ နည်းပညာပံ့ပိုးမှု၊ ပညာပေးလုပ်ဆောင်မှုတွေနဲ့ လက်တွေ့ကျတဲ့ဆောင်ရွက်မှုတွေကို အလေးထား လုပ်ဆောင်ပေးဖို့ကို လည်း မြန်မာနိုင်ငံတောင်သူလယ်သမားနဲ့စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က တိုက်တွန်းပါတယ်။

“တင်တဲ့အခါကျရင် နံပတ်၁ လယ်ယာမြေဥပဒေ ပြောင်းလဲခြင်းကဏ္ဍ ပါလာမယ်။ နံပတ်၂ ကတော့ လယ်သမားစိုက်ပျိုးရေးကဏ္ဍမှာ ဖွံ့ဖြိုးဖို့အတွက် ကျနော်တို့နိုင်ငံမှာ စက်မှု လယ်ယာကဏ္ဍဖွံ့ဖြိုးချက် အဓိက မကြသေးပါဘူးခင်ဗျ။ မိရိုးဖလာလယ်ယာကဏ္ဍကို ဆက်ပြီးအားထားနေရတာ ကျနော်တို့တွေ့ရတယ်။ အဲဒီအပိုင်းတွေပါမယ် နောက်တချက်က ပိုးသတ်ဆေးနဲ့ ဓါတ်မြေသြဇာ ဥပဒေအပေါ်မှာလည်း ကျနော်တို့ သုံးသပ်ထားတာတွေရှိတယ်။ အထူးသဖြင့်တော့ ပိုးသတ်ဆေးတွေ ဓါတ်မြေသြဇာတွေကို တောင်သူလယ်သမားတွေ နားလည်တဲ့ မြန်မာစာတွေရေးဖို့၊ တရုတ်စာတို့ ၊ ထိုင်းစာတို့ နားမလည်တဲ့ ဘာသာတွေကို မြန်မာလို ဘာသာပြန်မှ၊ ထုတ်မှ ခွင့်ပြုမယ်ဆိုတဲ့ဟာလေးတွေကို အစိုးရအနေနဲ့ ထုတ်သင့်ပါတယ်။ လယ်သမားအစုအဖွဲ့တွေနဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက်ကို ကျနော်တို့ရေးဆွဲလျှက်ရှိပါတယ်ခင်ဗျ။”

စိုက်ပျိုးရေးကို အဓိကထားပြီး လယ်ယာကဏ္ဍကို အခြေခံထားတဲ့ နိုင်ငံမှာ အခုလို လယ်သမားတွေ ကြုံနေရတဲ့ အခက်အခဲတွေ၊ မပြေလည်မှုတွေကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်တိုင်း အစိုးရတွေအပြင် လွှတ်တော်ကပါ ဆောင်ရွက်ပေးဖို့ ပြည်နယ်တိုင်းအသီးသီးမှာ တောင်သူလယ်သမားတွေဘက်က လိုလားကြကြောင်းလည်း လယ်သမားဦးတင့်လွင်ကပြောပါတယ်။

“ဒီလိုမျိုး နိုင်ငံတော်အသစ်ကိုလျှောက်တဲ့နေရာမှာ ကျနော်တို့နိုင်ငံအနေနဲ့ စိုက်ပျိုးရေးနိုင်ငံဖြစ်တယ်။ စိုက်ပျိုးရေးကိုပဲ အဓိက အခြေခံတာဖြစ်တဲ့အတွက်ကြောင့် ဒီစိုက်ပျိုးရေးရဲ့ အဓိက လယ်သမား တွေရဲ့ အခန်းကဏ္ဍကအရေးကြီးတယ်။ ကျနော်တို့ ပြည်သူပေါ့နော် လယ်သမားတွေရဲ့ တင်ပြချက်ကို လွှတ်တော်အတွင်းထဲမှာ ကျနော်တို့ အချက်အလက်တွေကို တင်တဲ့အခါမှာ ဝိုင်းပြီး ကူညီပြီးတော့ ဒီဥပဒေ ထဲပါဝင်ရေးကို အနာဂတ် လယ်သမားတွေရဲ့ အခွင့်အလမ်းကို ဆောင်ရွက် ပေးမယ်လို့ ကျနော်တို့ မျှော်လင့်တာပေါ့နော်။”

တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးနှင့် မြှင့်တင်ရေး လယ်ယာမြေ ဥပဒေအပါအဝင် ပြဌာန်းမယ့် ဥပဒေတွေထဲမှာ တောင်သူလယ်သမားတွေအတွက် အဓိက လိုအပ်တဲ့ စိုက်ပျိုးချေးငွေ၊ ရင်းနှီးမတည်မှုတွေ အပြင် သဘာဝ ဘေးအန္တရာယ်ကြုံကြိုက်လာရင် လယ်သမားတွေရင်ဆိုင်ရမယ့် အခက်အခဲတွေ ပြေလည်နိုင်ဖို့အပါအဝင် တရားရင်ဆိုင်နေရဆဲ တောင်သူလယ်သမားတွေ အတွက် အမှန်တကယ် ဥပဒေပိုင်းဆိုင်ရာ အကျိုးစီးပွား ကာကွယ်နိုင်ဖို့ အရေး တောင်သူလယ်သမားတွေဘက်က တောင်းဆိုနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG