သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FATF ငွေကြေးခဝါချမှု စောင့်ကြည့်ခံ ၉ နိုင်ငံစာရင်းထဲ မြန်မာပါဝင်


ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုတွေအတွက် တိုက်ဖျက်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ အားနည်းချက်တွေ ရှိနေတာကြောင့် အန္တရာယ်ရှိတဲ့ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံ ကျန်ရှိနေဆဲ ဖြစ်တယ်ဆိုပြီး၊ ငွေကြေးဆိုင်ရာ စောင့်ကြည့် အရေးယူမှုအဖွဲ့ FATF က ဖော်ပြလိုက်ပါတယ်။

ဒါပေမဲ့လည်း ဒီလုပ်ငန်းတွေ တိုက်ဖျက်နိုင်ရေးအတွက် ဥပဒေအတည်ပြုနိုင်ရေးကိစ္စကို မကြာခင်လတွေအတွင်း ဆောင်ရွက်နိုင်တော့မှာ ဖြစ်တယ်လို့ လွှတ်တော် ဥပဒေမူကြမ်း ကော်မတီကတော့ ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက ရန်ကုန်ဗွီအိုအေရုံးခွဲကနေ သတင်းပေးပို့ထားပါတယ်။

The Financial Action Task Force ငွေကြေးဆိုင်ရာ စောင့်ကြည့် အရေးယူမှုအဖွဲ့ရဲ့ အခု ဖေဖော်ဝါရီလအတွင်း လုပ်ခဲ့တဲ့ စုံညီ အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ ငွေကြေးဆိုင်ရာ အန္တရာယ်ရှိတဲ့ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်ခဲ့တာပါ။ စာရင်းထဲမှာ အဆိုးဆုံးကတော့ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံဖြစ်ပြီး၊ အန္တရာယ်ရှိတဲ့ စောင့်ကြည့်ရမယ့် စာရင်းထဲမှာတော့ မြန်မာနိုင်ငံ အပါအဝင် ၉ နိုင်ငံ ရှိပါတယ်။ ဒေသတွင်းမှာဆိုရင်တော့ အင်ဒိုနီးရှားနိုင်ငံလည်း ပါဝင်ပါတယ်။

ဒီလို စောင့်ကြည့်စာရင်း ထုတ်ပြန်ခံရတာကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူတွေအတွက်တော့ အနည်းငယ် တွန့်ဆုတ်သွားစရာ ရှိပါတယ်။ မြန်မာလွှတ်တော်ထဲမှာတော့ ငွေကြးခဝါချမှုနဲ့ အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုတွေ တိုက်ဖျက်ရေးအတွက် ဥပဒေကြမ်း ပြင်ဆင်နေတာရှိပြီး အခုလအတွင်း အတည်ပြုနိုင်ဖို့ လျာထားပေမဲ့ နိုင်ငံတကာ စံနှုန်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်နေရတာကြောင့် ကြန့်ကြာနေတယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေမူကြမ်း ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဘရှိန်က ဗွီအိုအေကို ပြောပါတယ်။

“Program Ministry ကတော့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန ကလည်း ဒီဥပဒေကို ပြုစုနေတာ ကြာပါပြီ။ အဲ့ဒီလို ပြုစုတဲ့အခါ UNODC တို့ရဲ့ အကူအညီတွေကိုလည်း အရင်က ယူပြီးတော့ ပြုစုတာပဲ။ ဒါပေမဲ့ ကျနော်တို့ အခု ပြုစုထားတဲ့ဥပဒေမှာ UNODC က လိုချင်တဲ့ အချက် ၁ ချက်၊ ၂ ချက်လောက် ကျန်နေတယ်ဆိုပြီးတော့ မနေ့က UNODC က ကိုယ်စားလှယ်တယောက်၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရယ်၊ တခြား Program Ministry လည်းပါတယ်၊ တခြားပညာရှင်တွေလည်း ပါတာပေါ့လေ။ ကျနော်တို့နဲ့ ဆွေးနွေးညှိနှိုင်းကြတယ်။”

မေး။ ။ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေက အခြေအနေ ဘယ်လိုရှိလဲခင်ဗျ။ နှစ်ဘက် လွှတ်တော်နဲ့ အစိုးရနဲ့ ကြားထဲမှာ မူကြမ်းက တူသွားပြီလား။
ဖြေ။ ။ “လွှတ်တော်နဲ့ အစိုးရကြားထဲမှာ ကြီးမားတဲ့ အငြင်းအခုံဖြစ်မှုတော့ ဒီဥပဒေနဲ့ပတ်သက်လို့ မရှိပါဘူး။ ဟို Program Ministry က တင်လာတဲ့ဟာတွေကို ကျနော်တို့ပြည်သူတွေကြားမှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ အနေအထားတွေနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြတဲ့အခါ Program Ministry ကလည်း လက်ခံပြီးတော့ ဆောင်ရွက်ပေးပါတယ်။”

ဒါပေမဲ့လို့လည်း ဒီဥပဒေကြမ်းကို အခု လွှတ်တော်အစည်းအဝေး သက်တမ်းအတွင်းမှာပဲ အတည်ပြုနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဦးဘရှိန်က ပြောပါတယ်။ လက်ရှိအခြေအနေမှာ ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းဆိုင်ရာ မေးမြန်းဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့၊ ချက်ချင်း တုံ့ပြန်ဖြေကြားမယ့်သူ မရှိပါဘူး။

FATF အနေနဲ့ မြန်မာနိုင်ငံကို ငွေကြေးအရ အန္တရာယ်ရှိတဲ့ စောင့်ကြည့်နိုင်ငံစာရင်းထဲ ထည့်သွင်းထားတာဟာ အခုဆိုရင် သုံးနှစ်ဆက်တိုက် ရှိပြီလို့လည်း သိရပါတယ်။ စီးပွားရေးဆောင်းပါးရှင် ခင်မောင်ညို (ဘောဂဗေဒ) ကတော့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးမှာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရဖို့တော့ မြန်မာနိုင်ငံဘက်က လိုအပ်နေတယ် မြင်ပါတယ်။ ဒါပေမဲ့လည်း ဒီလိုလုပ်ငန်းတွေ ကြီးကြီးမားမား အခြေအနေတော့ ပြည်တွင်းမှာ မမြင်ရဘူးလို့ ပြောပါတယ်။

“အခုဟာက အရေးကြီးတာကတော့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ ဥပဒေတွေ၊ နည်းဥပဒေတွေ ထုတ်ပြီးတော့ ဘယ်လောက် အရေးယူ ဆောင်ရွက်သလဲဆိုတာ ပိုပြီးတော့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ပြည်တွင်းမှာကတော့ ခဝါချရလောက်အောင် ကြီးမားတဲ့ ငွေမည်းပုံစံက သိပ်များများစားစား မမြင်မိပါဘူး။ ခက်တာက မြင်ဖို့လည်း သိပ်တော့ မလွယ်ဘူးပေါ့လေ။ နယ်စပ်ဒေသမှာ မူးယစ်ဆေးဝါး နည်းနည်းပါးပါး ရှိတယ်။ ဒီလောက်ပဲမြင်တယ်။ နောက် အကြမ်းဖက်မှုကလည်း မြန်မာနိုင်ငံထဲမှာက အကြမ်းဖက်မှုရယ်လို့ ကြီးကြီးမားမား လုပ်ငန်းတွေပေါ့နော် အဲ့ဒါကလည်း မရှိတဲ့အခါကျတော့ အကြမ်းဖက်ကို ထောက်ပံ့တဲ့ အခြေအနေမျိုးလည်း ကြီးကြီးမားမား မရှိဘူးလို့ နားလည်ပါတယ်။”

မေး။ ။ ဟုတ်ကဲ့။ အဓိကထောက်ပြတဲ့ အချက်ကတော့ အဲ့ဒါပါပဲ။ အဓိကကတော့ ဒီလုပ်ငန်းတွေ မဖြစ်အောင်လို့ လုပ်နိုင်တဲ့စနစ်ပေါ့နော်။ အခြေအနေ မရှိဘူးလို့ ပြောပါတယ်။ အခုတော့ လွှတ်တော်ထဲမှာ ဆွေးနွေးနေတာတော့ ရှိပါတယ်။ ဥပဒေတရပ် ထွက်လာဖို့ပေါ့။ အဲတော့ တကယ်တမ်း ဒီလို ငွေကြေးခဝါချမှုတွေ၊ ခုန ပြဿနာမျိုးတွေ ဟန့်တားနိုင်ဖို့ဆိုရင် ဒီလွှတ်တော်ထဲက ဥပဒေအပြင်ပေါ့ တခြား ဘာတွေများ လိုအပ်ဖို့ ရှိပါသလဲ။
ဖြေ။ ။ “ဒီဥပဒေအပါအဝင်ပေါ့လေ အများအားဖြင့်ကတော့ မြန်မာနိုင်ငံကို ဝေဖန်လေ့ ဝေဖန်ထ ရှိပြီးတော့ ဖြစ်တတ်တာကတော့ လက်တွေ့ အကောင်အထည် ဖော်ရာမှာ အားနည်းတယ်ပေါ့နော်။ လက်တွေ့ အကောင်အထည်ဖော်ရာမှာ ဆိုကြပါစို့ ဝန်ထမ်းအားဖြင့် နော် နောက်တခါ လက်တွေ့မှာ ဟုတ်လား enforcement ပေါ့ လက်တွေ့ ဖိဖိစီးစီး ဆောင်ရွက်နိုင်တဲ့ဟာမှာ အားနည်းတယ်ဆိုတဲ့ဟာမှာ အားနည်းတယ်ဆိုတာလည်း ဆွေးနွေးကြပါတယ်။ အဲတော့ ဒီဥပဒေနဲ့အတူ လက်တွေ့ ဖိဖိစီးစီး ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေပေါ့လေ ဥပမာ ငွေအလွှဲအပြောင်းတွေဆိုရင်လည်း ခြေရာခံနိုင်မယ့် အခြေအနေမျိုးတွေ၊ နည်းပညာတွေ ဝန်ထမ်းတွေ၊ ဝန်ထမ်းတွေရဲ့ စွမ်းရည်မြင့်မားမှုတွေ ဒါတွေပါ လိုအပ်တယ်လို့ ယူဆပါတယ်။”

FATF ရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုတွေ တိုက်ဖျက်ရေးအတွက် ကြိုးစားဆောင်ရွက်မှုတွေ ရှိတာကိုတော့ အသိအမှတ်ပြုထားပါတယ်။ လက်တွေ့ အကောင်အထည်ဖော်မှုပိုင်းမှာ လုံလောက်တဲ့ တိုးတက်မှုတွေ ဖြစ်မလာခဲ့ဘူးလို့ ထောက်ပြထားပါတယ်။

အထူးသဖြင်တော့ အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုတွေကို ဥပဒေအရ ကိုင်တွယ်အပြစ်ပေးဖို့၊ ငွေကြေးစနစ်ဆိုင်ရာ စောင့်ကြည့် အရေးယူမှုတွေလုပ်ဖို့နဲ့ ပွင့်လင်းမြင်သာတဲ့ ငွေကြေးစီးဆင်းမှုတွေ ရှိဖို့ ဆိုတဲ့ အချက်တွေ လိုအပ်တယ်ဆိုတာကို ထောက်ပြထားတာ တွေ့ရပါတယ်။
XS
SM
MD
LG