သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတည်ရှိမှု လက်ခံရေး ပြဿနာရဲ့ အခြေခံဖြစ်နေ (FCCT ဆွေးနွေးပွဲ)


စစ်တွေမြို့နယ်နားက နေရာချထားရေးရွာတရွာက ရိုဟင်ဂျာမိသားစု။ 
စစ်တွေမြို့နယ်နားက နေရာချထားရေးရွာတရွာက ရိုဟင်ဂျာမိသားစု။ 

[Zawgyi/Unicode]

ရိုဟင်ဂျာဒုက္ခသည်အရေးကိစ္စကို ဖြေရှင်းရမှာ ရိုဟင်ဂျာမူဆလင်တွေရဲ့ အမျိုးသားရေးလက္ခဏာနဲ့ သမိုင်းကြောင်းအရတည်ရှိမှုကို လက်ခံဖို့လိုတဲ့အကြောင်း ရိုဟင်ဂျာအရေး ထောက်ခံသူတွေနဲ့ ဒီ ပဋိပက္ခကို ဖြေရှင်းနိုင်ရေး ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်သူတွေက ထောက်ပြကြပါတယ်။ နိုင်ငံအတွင်းက တခြား တိုင်းရင်းသားတွေနဲ့အတူ တန်းတူအခွင့်အရေး ပေးရမယ်ဆိုတဲ့ အခြေခံအားဖြင့် အချက် အပေါ်မှာ စဉ်းစားသင့်တယ်ဆိုပြီး မနေ့ညက ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်းမှာကျင်းပတဲ့ ရိုဂျင်ဂျာအရေး ဆွေးနွေးပွဲမှာ ထောက်ပြပြောဆိုပါတယ်။ ကိုသိန်းထိုက်ဦး ဘန်ကောက်ကနေ သတင်းပေးပို့ထားပါတယ်။

ရိုဟင်ဂျာတွေဟာ နိုင်ငံသားအခွင့်အရေးကို မတရား ငြင်းပယ်ခံထားရသူတွေဖြစ် တဲ့အတွက် သူတို့ရဲ့အခွင့်အရေးကို ပြန်အသိအမှတ်ပြုဖို့လိုတဲ့အကြောင်း NUG ကြားကလ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ရိုဟင်ဂျာအရေးအကြံပေး ဦးအောင်ကျော်မိုးက မနေ့က ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးခဲ့တဲ့ ငါးနှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲ ကျင်းပတာပါ။

“ကျနော်တို့ကို နိုင်ငံမဲ့တွေလို့ မကြာခန အခေါ်ခံရပါတယ်။ မဟုတ်ပါဘူး။ နိုင်ငံက ကျနော်တို့ပိုင်သလို ကျနော်တို့ကလည်း ပိုင်ပါတယ်။ အခု ဘင်္ဂလားဒေ့ရှ်ကိုရောက်လာတဲ့သူတွေထဲမှာ နိုင်ငံသား မှတ်ပုံတင်ကိုင်ထားတဲ့သူတွေ ရှိပါတယ်။ အခုအချိန်အထိ သိမ်းထားတုန်းပါ။ သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးကို တရားမဝင် အသိမ်းခံခဲ့ရတာပါလို့ ကိုအောင်ကျော်မိုး ပြောသွားတာပါ။

ရိုဟင်ဂျာဒုက္ခသည်အရေးကို ဖြေရှင်းရာမှာ သူတို့ရဲ့နိုင်ငံသားအခွင့်အရေးကို အသိအမှတ်ပြုဖို့လိုတယ်ဆိုတာကို အွန်လိုင်းက ပါဝင်ဆွေးနွေးတဲ့ အရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်ခဲ့သူ၊ နယ်သာလန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်း Laetitia van den Assum လည်း ပါဝင်ပါတယ်။

“လက်ရှိ မြန်မာနိုင်ငံမှာ ရေးဆွဲထားတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မညီဘူး၊ ဒီကိစ္စကို ဦးစားပေး မဖြေရှင်းဘူးဆိုရင် ပြဿနာက ဆက်ပြီး ကြီးထွားနေအုံးမှာပါပဲ။”

မြန်မာနိုင်ငံဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ နာမည် အမည်တပ်ထားတာ လက်မခံတဲ့အကြောင်း မကြာသေးခင်က မြန်မာနိုင်ငံဆိုင်ရာ ကုသလမဂ္ဂ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့ တွေ့ဆုံခဲ့တဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံပြောဆိုထားပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားပြနိုင်မယ်ဆိုရင် နေရပ်ရင်းမှာ ပြန်လည်လက်ခံမယ့်အကြောင်းနဲ့ ဒုက္ခသည်ပြန်လည် လက်ခံရေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နှစ်နိုင်ငံအကြား သဘောတူထားတဲ့ ပုံစံအတိုင်း ဒုက္ခသည်စာရင်းကို ပေးအပ်ခြင်းမရှိဘူးလို့ ပြောဆိုထားပါတယ်။

မနေ့က ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ နိုင်ငံခြားရေးအတွင်းဝန် Shahidul Haque လည်း အွန်လိုင်းက ပါဝင်ဆွေးနွေးပါတယ်။

“ကျနော်တို့က သူတို့ကို လက်ခံထားရုံတင်မဟုတ်ပါဘူး။ သူတို့ အခွင့်အရေး၊ ရပိုင် ခွင့်တွေအတွက်လည်း နိုင်ငံတကာအလယ်မှာ တိုက်ပေးခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံခေါင်းဆေင်တွေ အများအပြား တွေ့ဆုံပြီး ဒီ ဒုက္ခသည်တွေ နှိပ်စက်ညှဉ်းပန်းခံရတဲ့အကြောင်းတွေ၊ သူတို့ကို ကူညီထောက်ပံ့ပေးဖို့ အကြောင်းတွေကို ဝန်ကြီးချုပ် Sheikh Hasina ကိုယ်တိုင် ထပ်ခါတလဲလဲ ပြောပေးနေခဲ့တာပါ။”

ရိုဟင်ဂျာတွေကို နိုင်ငံသားအတွင်းက လူနည်းစုတွေအဖြစ် အသိအမှတ်ပြုဖို့ အရင် နိုဘယ်ငြိမ်းချမ်းဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရလက်ထက်မှာလည်း ပျက်ကွက်ခဲ့တယ်လို့ သူက ဝေဖန်ပါတယ်။

“ဒါကို ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံကို တချိန်လုံးပြောနေခဲ့တာပါ။ ခင်ဗျားတို့ နိုင်ငံက လူနည်းစုတွေအပေါ်မှာ ဘယ်လို ပြုမှုသင့်တယ်ဆိုတာ ကို ပြောခဲ့တာပါ။ သူတို့ဟာ ခင်ဗျားတို့ နိုင်ငံသားတွေ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ဝင်လာတဲ့ သူတွေ မဟုတ်ပါဘူး။”

ရိုဟင်ဂျာပြဿနာဟာ နိုင်ငံရေးပြဿနာဖြစ်ပြီး စစ်ရေးအရ ဖြေရှင်းဖို့ ကြိုးစားခဲ့တဲ့ မှားယွင်းမှုလို့ သူက ဆွေးနွေးသွားပါတယ်။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်ရင်းက ထွက်ပြေးခဲ့တာ ငါးနှစ် ရှိပါပြီ။ မြန်မာနိုင် ငံက ပါဝင်လက်မှတ်ထိုးထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာစာချုပ်ကိုချိုးဖောက်ခဲ့တာဖြစ်တယ်ဆိုပြီး ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားပါတယ်။ တရားဥပဒေအရ အရေးယူနိုင်ရေး ကြိုးပမ်းချက်တွေအပေါ် အရင်က ကမ္ဘောဒီးယား နိုင်ငံ လူမျိုးတုန်း သတ်ဖြတ်မှုကျုးလွန်တဲ့ ခမာနီခေါင်းဆောင်ဟောင်းတွေကို အရေးယူနိုင်ရေး ခုံရုံးမှာ ထိပ်တန်း ဥပဒေအကြံပေးဖြစ် ပါဝင်ခဲ့သူ လက်ရှိ နိုင်ငံတကာတရားရေးနဲ့ တာဝန်ခံမှုဆိုင်ရာအသင်း ဒါရိုက်တာ Kingsley Abbott ကလည်း လူကိုယ်တိုင် အခုလို ဆွေးနွေးပါတယ်။

“တရားဥပဒေအရ အရေးယူနိုင်ဖို့ဆိုတာ အချိန်ကြာပါတယ်။ ဒါပေမယ့် ရောက် လာပါလိမ့်မယ်။ ဒီလို ပြောနိုင်တဲ့ အကြောင်းရင်းတခုကတော့ သူတို့ ငြင်းလို့မရတော့တဲ့ အထောက်အထားတွေ မြန်မာနိုင်ငံအတွင်း ရဲရင့်တဲ့ လူထုအခြေပြုအဖွဲ့ အစည်းတွေရဲ့ ဆယ်စုနှစ်ချီစုဆောင်းခဲ့တဲ့ အထောက်အထားတွေ ရှိနေပါပြီ။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အထောက်အထားတွေ တင်မဟုတ်ပါဘူး။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့တွေ၊ အထူးကိုယ်းစားလှယ်။ လူ့အခွင့်အရေးဆိုင် ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးနဲ့ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးလို လူ့အခွင့်အရေးအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေပါ။”

မနေ့က ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ကျင်းပတဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ထွက်ပြေးလာတဲ့ လှေစီးပြေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ Rohingya Peace Network က Hajee Ismail လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ရပ်တည်နေထိုင်ခဲ့တဲ့ အခွင့်အရေးတွေ ပစ်ပယ်ခံခဲ့ရတယ်ဆိုတာကို သူက VOA ကို ပြောသွားပါတယ်။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာထွက်ပြေးခဲ့တဲ့ ၅ နှစ်ပြည့်အချိန် ဖြစ်တာကြောင့် ရိုဟင်ဂျာအရေးဟာ နိုင်ငံတကာအလယ်မှာ ဘယ်တုန်းကမှ မရခဲ့ဘူးတဲ့ အထူး အာရုံစိုက်ခံရတဲ့ အရေးကိစ္စတခု ဖြစ်လာနေပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ရပ်တည်ခွင့်၊ ရပိုင်ခွင့်၊ နေရပ်ပြန်ခွင့်တွေဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ဦးစားပေးနေတဲ့ တခြား ရေးရာတွေကြားမှာ အခုလို အထိမ်းအမှတ်အချိန်အခါတွေလွန်သွားရင် တဖြေးဖြေး မှေးမှိန်သွားမလားဆိုတဲ့ စိုးရိမ်မှုနဲ့ မေးခွန်းထုတ်မှုတွေလည်း မနေ့က ဆွေးနွေးပွဲမှာ ရှိခဲ့ပါတယ်။ ကျနော်သိန်းထိုက်ဦးပါ။

တိုက်ရိုက် လင့်ခ်

==================

[Unicode]















==================

XS
SM
MD
LG