သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ဆက်စပ်တဲ့ ဧရာဝတီတိုင်းဒေသတချို့ တိုက်ပွဲတွေဖြစ်မှာစိုးရိမ်


ဧရာဝတီတိုင်းနဲ့နယ်စပ် ရခိုင်ပြည်နယ်ဆိုင်းဘုတ် (ယခင်ပုံဟောင်း)
ဧရာဝတီတိုင်းနဲ့နယ်စပ် ရခိုင်ပြည်နယ်ဆိုင်းဘုတ် (ယခင်ပုံဟောင်း)

ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ ပင်လယ်ရေကြောင်း တဆက်တည်းရှိနေတဲ့ ဧရာဝတီတိုင်းအတွင်းမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်ပြီး ကြိုတင်ရှောင်ရှားကြသူတွေရှိသလို၊ စစ်ကောင်စီကလည်း အမြှောက်တပ်မှာ အင်အားဖြည့်ထားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီတိုင်းထဲက အခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားတာကိုပြောပြမှာပါ။

ရခိုင်ပြည်နယ်၊ ဂွမြို့ကို အာရက္ခတပ်တော် AA သိမ်းပြီးတဲ့နောက် ရေကြောင်းတဆက်တည်းရှိနေတဲ့ ဧရာဝတီတိုင်းထဲက ရွာတချို့မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ပစ်ခတ်သံတွေ ကြားရတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာကို တိမ်းရှောင်နေတာပါ။ ဂွမြို့နဲ့ မိုင် ၂၀ အကွာမှာရှိတဲ့ ဧရာဝတီတိုင်း၊ မကျီးဇင်ရွာ ဒေသခံတယောက်က အခုလို ပြောပြပါတယ်။

"အဲဒီဘက်မှာတော့ ကြားနေရတယ်။ ဒါပေမဲ့ ရွှေသောင်ယံဘက်ကို မကူးလာသေးဘူးလေ။ ချောင်းခံနေတာလေ၊ မြစ်အကျယ်ကြီးပဲဟာ။ မကျီးဇင်ရွာဘက်မှာ ပစ်ခတ်သံတွေ အခုတော့မရှိတော့ဘူး။ ဟိုရက်တုန်းကတော့ ကြားလိုက်ရတယ်။ အဖွဲ့တွေလည်း မရှိသေးပါဘူး။ ပြောနေကြတာပဲ၊ မရောက်သေးဘူး။"

လောလောဆယ်တော့ မကျီးဇင်ရွာအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ အခြေအနေ ငြိမ်သက်နေတယ်လို့ ပြောပါတယ်။ တိုက်ပွဲအခြေအနေကြောင့် အသွားအလာပိတ်ထားတာနဲ့ ရွှေသောင်ယံဘက်မှာ တိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် အခုချိန်ထိတော့ လူတွေက စိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်နေကြတာ ဖြစ်တဲ့အကြောင်း ရွှေသောင်ယံ ဒေသခံတဦးက ပြောပါတယ်။

"အကုန်မဟုတ်ဘူး။ တချို့တွေကျတော့ ဖြစ်မလားလို့ ကြိုတင်ပြီးတော့ ရှောင်ကြတာမျိုးလည်း ရှိပါတယ်။ နေတဲ့သူတွေလည်း ပုံမှန်လည်ပတ်နေတာပဲ။ ကောလာဟလတွေကိုလည်း သူတို့ကယုံတယ်။ လက်တွေ့က ဦးလေးတို့က ဒီနားမှာနေတဲ့သူတွေက လက်တွေ့အကုန်သိတယ်လေ။ သတင်းအမြဲ ကြားနေရတယ်လေ။"

စစ်ကောင်စီ တပင်မှော် အမြောက်တပ်မှာတော့ ပုသိမ်ကနေရောက်လာတဲ့ တပ်တွေ ထပ်ဖြည့်ပြီး စစ်ရေးအင်အား တိုးချထားတယ်လို့ သူက ဆက်ပြောပါတယ်။

"ရွှေသောင်ယံရဲ့ ဟိုးဘက်ကိုသွားရင် သဖော့ကန်တို့၊ ဝက်သေတို့ ရွာတွေရှိတယ်။ အဲဒီရွာတွေရဲ့ တဖက်ကိုသွားရသေးတယ်၊ တပင်မှော်ဆိုတာ။ အဲဒီမှာ အမြောက်တပ်ဆိုတာ ဟိုးနဂိုကတည်းက ရှိတာလေ။ အဲဒီ တပင်မှော်မှာ ပုသိမ်ဘက်ကနေ အင်အားဖြည့်ထားတယ်။ ကျန်တာကတော့ ပုံမှန်ပဲ။ တချို့ကတော့ ဆိုင်လေးတွေပိတ်ထားတာ တွေ့ရတယ်။"

မကျီးဇင်နဲ့ အနီးဝန်းကျင်က ရွာခံတွေ ပုသိမ်မြို့ပေါ်မှာ စစ်ရှောင်နေကြတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်းထဲမှာ ရောက်နေတဲ့ ရခိုင်စစ်ရှောင်တွေအတွက်လည်း အကူအညီလိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ အခုစစ်ရေးပဋိပက္ခ ပိုပြီးကျယ်ပြန့်လာမှာ တိုက်ပွဲတွေ ကူးစက်မှာ စိုးရိမ်ပြီး စစ်ရှောင်နေကြသူတွေ ရှိသလို၊ အမှန်တကယ်ဖြစ်နေတဲ့ သတင်းတွေ အတည်ပြုဖို့ ခက်ခဲ့တဲ့အတွက် ကောလဟာလ သတင်းတွေကြားမှာ လူတွေပိုပြီး စိုးရိမ်ထိတ်လန့်နေတဲ့အကြောင်း ဒေသခံတွေ ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG