ရခိုင်ပြည်နယ်အတွင်းက အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ဒီလအစောပိုင်းက စတင်ပြီး စစ်ကောင်စီလေတပ်က ဆက်တိုက်ဆိုသလို ဗုံးကြဲနေပြီး အရပ်သားထိခိုက် သေဆုံး တာတွေလည်း တိုးလာနေပါတယ်။ မနေ့ကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့ နယ်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄၀ ကျော် သေဆုံးပြီး ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ AA ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို မနေ့ ဇန်နဝါရီ ၈ ရက် နေ့လယ် ပိုင်းမှာ စစ်ကောင်စီလေတပ်က လာရောက်ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၄၀ ကျော် သေဆုံးပြီးတော့ ၂၀ ကျော် ဒဏ်ရာရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။
“၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ နေ့လယ် ၁ နာရီ ၁၀ မိနစ်မှာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ရှိပါတယ်။ ကနဦးရရှိတဲ့ သတင်းတွေအရတော့ အပြစ်မဲ့ ပြည်သူ ၄၀ သေဆုံးပြီးတော့ ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေ အားလုံးဟာ အရပ်သားပြည်သူတွေ ဖြစ်ပါတယ်။ သေဆုံး ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေလည်း ပါဝင်ပါတယ်။”
စစ်ကောင်စီဟာ လူနေထူတပ်တဲ့ ကျောက်နီမော်ရွာတောင်ပိုင်း မွတ်ဆလင်တွေနေထိုင်တဲ့ ရပ်ကွက်ကို ဗုံးကြဲခဲ့တာဖြစ်ပြီး မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တာပါ။ အဲဒီကနေတဆင့် အလယ်ပိုင်းနဲ့ မြောက် ပိုင်းရပ်ကွက်တွေအထိ မီးကူးစက်လောင်ကျွမ်းခဲ့တာကြောင့် လူနေအိမ် ၅၀၀ ကျော် ပျက်စီးသွားတယ် လို့လည်း AA ပြောခွင့်ရက ပြောပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရတဲ့သူ ၅၀ ကျော်အထိ ရှိလာနေပြီး အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း အများအပြား ပါဝင်နေသလို အရေးပေါ်ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရမ္မာမြီ ပရဟိတ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာသူတွေကိုတော့ အာရက္ခတပ်တော်က ဆေးဝါးကုသပေးနေတယ်လို့ ပြောခွင့်ရ ခိုင်သုခက ဆက်ပြောပါတယ်။
“လူနေထူထပ်တဲ့ မွတ်ဆလင်အများဆုံးနေတဲ့ရွာကို ဗုံးထိမှန်ပြီးတော့မှ မီးလောင်ခဲ့တာကြောင့် အခုလို အသေအပျောက်များခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးဌာန ပြည်သူ့လုံခြုံရေးဌာနတို့ရဲ့ ဒေသခံတွေက မီးကို ကြိုးစားငြိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။ ဒုက္ခရောက်နေတဲ့ ဗုံးဘေးဒဏ်သင့် ပြည်သူတွေကိုလည်း တတ်နိုင်သမျှ ကူညီပေးနေကြတာ ရှိပါတယ်။ ကျနော်တို့ရဲ့ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ ကျန်းမာရေးဌာနကလည်း လိုအပ်တဲ့ အရေးပေါ်ဆေးဝါး ကုသမှုတွေ ပေးနေတာရှိပါတယ်။”
လက်ရှိဗုံးကြဲခံရတဲ့ ကျောက်နီမော်ကျေးရွာဟာ ရမ်းဗြဲမြို့တောင်ဘက် ၁၂ မိုင်ကျော်အကွာမှာ တည်ရှိ ပြီး ကမ်းတဘက်မှာတော့ စစ်ကောင်စီထိန်းချုပ်ထားဆဲ မာန်အောင်မြို့ ရှိပါတယ်။ ဒါ့အပြင် ကျောက်နီမော်ကျေးရွာမှာ ရမ်းဗြဲ၊ လေးတောင်၊ တောင်ကုတ် စတဲ့ မြို့နယ်တွေက စစ်ဘေးဒုက္ခသည် အများအပြား လာရောက် နေထိုင်ကြတာကြောင့် လူဦးရေထူထပ်တဲ့ကျေးရွာတခုလည်း ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ အခုလို တိုက်ပွဲတွေမရှိတဲ့ နေရာကအရပ်သားတွေကို ဦးတည်တိုက်ခိုက် နေတာနဲ့ ပတ်သက်ပြီးလည်း ခိုင်သုခက အခုလိုပြောပါတယ်။
“ဘာတိုက်ပွဲမှ ဖြစ်ပွားခဲ့ခြင်းမရှိတော့တဲ့ နေရာမှာ အခုလို အပြစ်မဲ့ပြည်သူတွေကို ဦးတည် ပစ်မှတ်ထားတိုက်ခိုက်တာဟာ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ အလွန်ယုတ်မာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာလည်း ဖြစ်ပါတယ်။”
ဒီသီတင်းတပတ်ကျော်အတွင်းမှာပဲ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာတချို့နဲ့ မြေပုံမြို့နယ် ကမ်းထောင်ကြီးမြို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့တာကြောင့် အရပ်သားဆယ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။ အာရက္ခတပ်တော် AA အနေနဲ့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး နောက်ပိုင်းမှာတော့ လက်ရှိ ဖြစ်နေတဲ့ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလိုကြောင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်က ထုတ်ပြန်ထားပါတယ်။ အဲဒီလို AA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ တုံ့ပြန်ပြောဆိုထားတာ မရှိသေးဘဲ AA ထိန်းချုပ်မြို့နယ်တွေကို လေကြောင်းကနေ ဆက်လက်ဗုံးကြဲနေပါတယ်။
Forum