မြန်မာစစ်ကောင်စီနဲ့ရော၊ အာရက္ခ တပ်တော် AAနဲ့ပါ ထိတွေ့ဆက်ဆံမှု ရှိတယ်လို့ ပါမောက္ခ ယူနွတ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ် အစိုးရ က တနင်္လာနေ့မှာ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနယ်စပ် ၂၇၁ ကီလိုမီတာ ရှိပြီး၊ နယ်စပ်တခုလုံးကို အာရက္ခ တပ်တော်က ထိန်းချုပ်ထားနိုင်တာပါ။
တဘက်မှာတော့ တိုင်းပြည်ကို မြန်မာ အစိုးရက တာဝန်ယူထားဆဲ ရှိပါသေးတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန အကြံပေး အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ဂျဟန်ဂါ အလမ် ချောင်ဒရီ က ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း နယ်စပ် ခရီးမှာ သတင်းထောက်တွေကို ပြောကြောင်း တယ်လီဂရပ်ဖ် အိန္ဒိယ သတင်းက ဆိုပါတယ်။ ဒါကြောင့် နယ်စပ်အခြေအနေနဲ့ ပတ်သက်လို့ နှစ်ဘက်လုံးနဲ့ ဘင်္ဂလားဒေ့ရှ်က ထိတွေ့မှု ရှိပါတယ်လို့ သူက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့တွေဟာ ရှေ့တန်းမှာ သတိကြီးကြီးထား ဆောင်ရွက်နေပြီး အခုထိတော့ ပြဿနာ မရှိသေးပါဘူး လို့လည်း ပြောပါတယ်။ ဒါပေမဲ့ နယ်စပ်မှာ အခါအားလျော်စွာ ပစ်ခတ်တာတွေရှိပြီး အမြောက်ဆံတွေလည်း ကျလာတာ ရှိတယ်လို့ ချောင်ဒရီက သတင်းထောက်တွေကို ပြောပါတယ်။ ဒါကြောင့် နတ်မြစ်ထဲမှာ ငါးဖမ်းတာ အခုအချိန်မှာ စိတ်မချရဘူး လို့လည်း ချောင်ဒရီက ပြောပါတယ်။ နယ်စပ်မှာ ဘင်္ဂလားဒေ့ရှ် က နောက်ထပ် တပ်တွေ တိုးချထားတယ်ဆိုတဲ့ မီဒီယာ သတင်းတွေ ထွက်လာပြီးတဲ့နောက် ချောင်ဒရီက အခုလို ပြောဆိုတာ ဖြစ်ပါတယ်။
Forum